တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပြီဖြစ်သော တရုတ်နိုင်ငံကွန်မြူနစ်အစိုးရနှင့် ဗာတီကန်နိုင်ငံ

009

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဘုရားမဲဝါဒကို ကျင့်သုံးပြီး ကက်သလစ်ခရစ်ယာန်ဘာသာကို နှိပ်ကွပ်နေသော တရုတ် ကွန်မြူနစ်အစိုးရနှင့် တိုးတိုးတိတ်တိတ်ဆွေးနွေးနေသည်မှာ အရှိန်မြှင့်လာပြီ ဖြစ်သည်ဟု အောက်တိုဘာလ ၂၈ ရက်နေ့က သတင်းထွက်ပေါ်လာသည်။

ဗာတီကန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး၊ ကာဒီနယ်ဆရာတော်ကြီး ပေရိုလင်းဦးဆောင်သောအဖွဲ့သည် တရုတ်နိုင်ငံသို့ အောက်တို ဘာလ ၁၁ ရက်နေ့က ရောက်ရှိလာပြီး တရုတ်နိုင်ငံအစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ပြီးနောက် ဘေဂျင်းမြို့တော်ရှိ တစ်နိုင်ငံလုံးဆိုင်ရာ ကက်သလစ်ရဟန်းဖြစ်သင်ကျောင်းနှင့် ဆရာတော် ဂျိုးဇက်လီရှန်းတို့ကို သွားရောက်လည်ပတ်တွေ့ဆုံတော် မူခဲ့သည်ဟု ယူကန်သတင်းဌာနက ထုတ်ပြန်လိုက်သည်။

သို့သော် ထိုကဲ့သို့သော နှစ်နိုင်ငံတွေ့ဆုံခြင်းကို နှစ်ဖက်စလုံးက ထုတ်ပြန်ထားခြင်း မရှိပေ။ ဗာတီကန်နိုင်ငံ၏ လေးစားခံရသော ဘယ်လ်ဂျီယမ်နိုင်ငံမှ the Verbiest Institute of Leuven Catholic University in Belgium တက်္ကသိုလ်မှ တရုတ် အရေးကျွမ်းကျင်သူ ကက်သလစ်ဘုန်းတော်ကြီး ဂျေရွမ် ဟေးဒရစ်ကမူ၊ ယခုကဲ့သို့သော လျို့ဝှက်တွေ့ဆုံမှုသည် ကောင်းသော လက်္ခဏာကို ပြသနေဆဲဖြစ်ကြောင်းနှင့် အကျိုးရှိသောရလဒ်ကို ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်းဖြင့် မှတ်ချက်ပြု တော်မူသည်။

၎င်းဘုန်းတော်ကြီးက ““ဒီနိုင်ငံရေးအခင်းအကျင်းမှာက ဆွေးနွေးရလွယ်ကူတဲ့အချက်တွေကနေ စတင်ဆွေးနွေးကြတယ်လို့ ကြားရ ပါတယ်။ အထူးသဖြင့် အဖမ်းခံနေရပြီး ထောင်ထဲတွင် နှစ်ပေါင်းမျာစွာ အချခံရသော အိုမင်းရင့်ရော်နေပြီဖြစ်သော ဆရာတော်ကြီး ဂျိမ်းစ် ဆူဇီမင်းကို လွှတ်ပေးဖို့၊ ဗာတီကန်က ကက်သလစ်သာသနာတော်မှ ထုတ်ပယ်လိုက်သော တရုတ်အစိုးရလက်အောက်ရှိ ဆရာတော်က (၈) ပါးကို ဗာတီကန်က ပြန်လည်လက်ခံဖို့၊ ရှယ်ဆန်ရဟန်းဖြစ်သင်ကျောင်းတွင် တရုတ်အစိုးရ၏ လှောင်ပိတ်ခြင်းကို ခံနေရသော ဆရာတော်ကြီး တာဒီအူးစ်ကို လွှတ်ပေးဖို့စတဲ့အကြောင်းအရာတွေကို ဦးစားပေးဆွေးနွေးနေကြကြောင်း”” ဖြင့် ထုတ်ပြန်ထားပါ သည်။

တရုတ်နိုင်ငံထဲမှ အမည်မဖော်လိုသော ကက်သလစ်ရဟန်းတစ်ပါးကလည်း ““အထက်ပါအကြောင်းအရာများအပေါ်မှာ နှစ်နိုင်ငံ စလုံးက သဘောမတူနိုင်ကြသေးကြောင်း၊ ယခုလောလောဆယ်တွင်မူ၊ ကက်သလစ်ဆရာတော်များကို ရွေးချယ်ခန့်ထားမှုနှင့်ပတ် သက်ပြီး နှစ်နိုင်ငံစလုံးက သဘောတူညီမှုရရန် ဦးစားပေးဆွေးနွေးနေကြကြောင်း”” ဖြင့် မှတ်ချက်ပြုတော်မူသည်။

ဘုန်းတော်ကြီး ဂျေရွမ် ဟေးဒရစ်က၊ ““တရုတ်အစိုးရက ဗာတီကန်ကိုယ်စားလှယ်များကို ယခုကဲ့သို့ ကက်သလစ်ဆရာတော် တစ်ပါးနှင့်ရဟန်းဖြစ်သင်ကျောင်းတို့ကို သွားရောက်လည်ပတ်ခွင့်ပြုခြင်းသည် နှစ်နိုင်ငံဆွေးနွေးခြင်း၏ အကျိုးရှိပုံကို သက်သေ ထူခြင်း ဖြစ်ကြောင်း၊ ၎င်းကိုယ်စားလှယ်အဖွဲ့ကို ဗာတီကန်က အသိအမှတ်မပြုဘဲ တရုတ်အစိုးရက ဆရာတော်သိက်္ခာတင်ပေးသော ဆရာတော် ဂျိုးဇက်မာ ဇင်လင်းက (တရုတ်နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက်္ကဌနှင့် ရဟန်းဖြစ်သင်ကျောင်း၏ ကျောင်း အုပ်)က ကြိုဆိုခဲ့ကြောင်း”” ဖြင့် အတိအကျ ပြောကြားလိုက်ပါသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ကက်သလစ်သာသနာတော်နှင့်ဗာတီကန်နိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာပြီးနောက်ပိုင်း တရုတ်ကွန်မြူ နစ်အစိုးရအပေါ် ပျော့ပျောင်းသော ချဉ်းကပ်မှု၊ နွေးထွေးသောဆက်ဆံမှုလက်္ခဏာတို့ကို ပြသနေသောကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်းတွင် တရုတ်အစိုးရနှင့်ဗာတီကန်တို့နှစ်ဖက်စလုံး သဘောတူသော အာဇန်းမြို့မှ ဘုန်းတော်ကြီး ဇန်ဇင်လင်းကို ဆရာတော်ကြီးအဖြစ် သုံးနှစ်အတွင်း ပထမဦးဆုံး ခန့်အပ်နိုင်ခဲ့ကြသည်။ သို့သော် ယခုအချိန်အထိ၊ ဗာတီကန်နိုင်ငံသည် တရုတ်ကွန်မြူနစ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးလမ်းကြောင်းကို မထူထောင် နိုင်သေးပေ။ ၀၀၇ ကုန်ဇမှုန်း

1520  Views
Previous: ဗီယက်နမ်နိုင်ငံတွင် ပြဌာန်းမည့် ဘာသာရေးဆိုင်ရာဥပဒေကြမ်းအပေါ် ဗာတီကန်နိုင်ငံက ဗီယက်နမ်အစိုးရနှင့် ဆွေးနွေးနေ
Next: ဇနီးမောင်နှံစုံတွဲကို ပထမဆုံးအကြိမ်အဖြစ် ရဟန်းမင်းကြီးဖရန်စစ်က ရဟန်္တာအဖြစ် တင်မြှောက်