ခရစ်စမတ်ပွဲနေ့တွင် ရုံးပိတ်သူ၊ ပွဲကျင်းပသောမူဆလင်ဘာသာဝင်များကို ဘရူနိုင်းဘုရင်က ထောင်ဒါဏ် (၅) နှစ် သတ်မှတ်

006-s

ရန်ကုန်၊ ဒီဇင်ဘာလ ၂၄

ဘရူနိုင်းနိုင်ငံ၏ ဘုရင် ဆူလ်တန်ဟာဆာနာ ဘိုကီယာက မူဆလင်ဘာသာဝင်များအား ခရစ်ယာန်ဘာသာသို့ကူးပြောင်းမည်ကို စိုးရိမ်သောကြောင့် ဒီဇင်ဘာ (၂၅) ရက်နေ့၊ ခရစ်စမတ်နေ့တွင် ပွဲလုပ်ခြင်းနှင့် ရုံးပိတ်ခြင်းတို့ကို တားမြစ်လိုက်ပြီး ၎င်းတားမြစ်ချက်ကို မလိုက်နာသူများကို ထောင်ဒါဏ် (၅) နှစ် ချမှတ်မည်ဟု ထုတ်ပြန်လိုက်သည်။

ဆက်လက်ပြီး ဘုရင်က မူဆလင်ဘာသာဝင်မဟုတ်သူများကမူ ခရစ်စမတ်ပွဲတော်ကို မိမိတို့၏မိသားစုများတွင် ကျင်းပ ဆင်နွဲ့ နိုင်ကြောင်း၊ သို့သော်၎င်းပွဲတော်ကို အများပြည်သူတွေ့မြင်နိုင်ရန်အတွက် ထုတ်ဖော်ကျင်းပခွင့် မရှိကြောင်းဖြင့် တားမြစ်လိုက်ပါ သည်။

ဘရူနိုင်းနိုင်ငံ၏ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင်၊ ဤကဲ့သို့သော ခရစ်စမတ်ပွဲတော်ကျင်းပခြင်းကို မူဆလင်များအား တားမြစ်ပြီး ခရစ်ယာန်များအား ကန့်သတ်ဖြင့် ကျင်းပစေခြင်းသည် မူဆလင်ဘာသာဝင်များ၏ ယုံကြည်ခြင်းကို မဖျက်ဆီးနိုင်ရန် အတွက် ကြိုတင်ကာကွယ်ခြင်း ဖြစ်သည်ဟု မီးမောင်းထိုးပြထားသည်။

ထိုသို့သော ကန့်သတ်ချက်များတွင်၊ ခရစ်စမတ်သစ်ပင်စိုက်ထူခြင်း၊ ခရစ်စမတ်သီချင်းများကို သီဆိုခြင်း၊ ခရစ်စမတ်အကြို တစ်ဦးနှင့်တစ်ဦး သတိရနှုတ်ဆက်ကတ်များ ပေးပို့ခြင်းတို့လည်း ပါဝင်နေသည်ဟု ဖော်ပြထားသည်။ သို့သော် တချို့သော မူဆလင်များကမူ၊ ထောင်ဒါဏ်ကျနိုင်ချေ ရှိသော်လည်း ခရစ်စမတ်ကိုကျင်းပခြင်း၊ ခရစ်စမတ်ဓါတ်ပုံများကို ပေးပို့ခြင်းသည်လည်း မိမိတို့၏ လွတ်လပ်စွာကိုးကွယ်ခွင့်ထဲတွင် ပါဝင်သည်ဟု ဖေ့စ်ဘုတ်များတွင် ရေးသားကြသည်။

ဘရူနိုင်းနိုင်ငံအစိုးရက မိမိနိုင်ငံထဲတွင် ခရစ်စမတ်ပွဲတော် ကျင်းပခြင်းကို တားဆီးထားသော်လည်း အမေရိကန်နိုင်ငံတွင် ဟိုတယ် ဖွင့်လှစ်ထားသော ဘရူနိုင်းနိုင်ငံသား သူဌေးများသည် မိမိတို့ဟိုတယ်ထဲတွင် ခရစ်စမတ်ပွဲတော်ကို ကျင်းပနေကြသည်ဟု အစိုးရ ဆန့်ကျင်ရေးသမားများက ဝေဖန်ပြောဆိုကြသည်။

ဘရူနိုင်းနိုင်ငံသည် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ရှာရိယားမူဆလင်ဥပဒေကို လက်ခံကျင့်သုံးသော မူဆလင်နိုင်ငံဖြစ်ပြီး နိုင်ငံသားပေါင်း (၄၂၀၀၀၀) လေးသိန်းနှစ်ထောင်ကျော်သာရှိသည့် သေးငယ်သောနိုင်ငံ လေးသာ ဖြစ်သော်လည်း ရေနံဓါတ်ငွေ့ကြွယ်ဝချမ်းသာ သော နိုင်ငံဖြစ်လေသည်။ ၎င်းနိုင်ငံလူဦးရေ၏ ၂၀% သည် ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒဘာသာဝင်များ ဖြစ်ကြသည်။ ၎င်းနိုင်ငံတွင် အလုပ်လာရောက် လုပ်ကိုင်ကြသော ဖိလစ်ပိုင်နိုင်ငံသားပေါင်း (၃၀၀၀၀) ကျော်သည် ကက်သလစ်ခရစ်ယာန် ဘာသာဝင် များ ဖြစ်နေကြသည်။

၎င်းရှာရိယားမူဆလင်ဥပဒေအရ၊ မုဒိန်းကျင့်မှု၊ အိမ်ထောင်ရှိသော်လည်း တခြားသူနှင့်အိမ်ထောင်ဖောက်ပြန်ခြင်း၊ လိင်တူကာမ ဆက်ဆံခြင်းစသော ပြစ်မှုများကို ကျူးလွန်သူသည် ကျောက်ခဲဖြင့် သေသည့်အထိ ပစ်ပေါက်ခြင်းကို ခံရသည်ဟု ပြဌာန်းထားသည်။  ၀၀၆ ဝင်းလှိုင်ဦး

1450  Views
Previous: အမျိုးသားအမျိုးသမီးတို့၏ ဖိုမသဘာဝသည် အလွန်ကောင်းမွန်သော ဘုရားလက်ဆောင် ဖြစ်သည်ဟု ဘုန်းဘုန်းမောရစ် မိန့်ကြားတော်မူ
Next: စိန်ပေါလ်သီလရှင်အသင်းဂိုဏ်း၏ (၂၅) နှစ်ဂျူဗလီပွဲတော် ကျင်းပ