ရဟန်းမင်းကြီးသာ အခွင့်လွှတ်ရသောအပြစ်များကို အခွင့်လွှတ်ခွင့်ပေးနိုင်မည့် ရဟန်း (၆) ပါးကို ဗာတီကန်သို့ စေလွှတ်မည်ဟု ကာဒီနယ်ချားလ်စ်ဘို မိန့်ကြား

1-s

ရန်ကုန်၊ ဇန်နဝါရီလ ၂၂

ရန်ကုန်ကာဒီနယ် ဆရာတော်ကြီးချားလ်စ်ဘိုက သနားကြင်နာခြင်းနှစ်တွင် ရဟန်းမင်းကြီးသာ အခွင့်လွှတ်ခွင့် ရှိသောအပြစ်များကို အခွင့်လွှတ်ပေးမည့် ရဟန်း (၆) ပါးကို ရန်ကုန်သာသနာကနေ ဗာတီကန်သို့စေလွှတ်ပြီး ရဟန်းမင်းကြီး၏ ကောင်းကြီးတော်နှင့် လမ်းညွှန် ချက်များကို သွားရောက်ခံယူ စေမည်ဖြစ်ကြောင်းဖြင့် ဂလိုရီးယား သတင်းဂျာနယ်တိုက်၏ လျှောက်ထားချက်အပေါ် မိန့်ကြားတော်မူလိုက်  သည်။

အယ်ဒီတာချုပ်က ကာဒီနယ်ချားလ်စ်ဘိုအား သနားကြင်နာခြင်း ဂျုဗလီနှစ်အတွက် ရန်ကုန်သာသနာ၏ လုပ်ငန်းစဉ်များကိုမေးမြန်းရာတွင် “ရဟန်းမင်းကြီးကသာ အခွင့်လွှတ်ခွင့်ရှိတဲ့အပြစ်တွေကို ရဟန်းမင်းကြီးက ဒီဂျုဗလီနှစ်အတွင်းမှာတော့ ကက်သလစ်ရဟန်းတွေကို       အခွင့်လွှတ်ခွင့်ပေးအပ်လိုက်တယ်။ ဒါကြောင့်မို့ ရန်ကုန်သာသနာကနေ ရဟန်း (၆) ပါးကို ပြာခံပွဲမတိုင်ခင် ဗာတီကန်ကိုစေလွှတ်ပြီး      တော့ ပြာခံပွဲနေ့မှာ ရဟန်းမင်းကြီးက အဲဒီ (၆) ပါးနဲ့တွေ့ပြီး လမ်းညွန်မှုတွေပေးမယ်။ တကယ်တော့ တစ်ကမ္ဘာလုံးက ဆရာတော်တွေက ကိုယ့်သာသနာ ကိုယ်စားရဟန်းတွေကို စေလွှတ်ကြမယ်။ ရဟန်းမင်းကြီးက အဲဒီရဟန်းတွေကို တွေ့ဆုံပြီးတော့ လမ်းညွှန်မှုတွေပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးရဟန်းတွေကို စေလွှတ်တဲ့နေရာမှာ ဘာသာ တူတွေအပေါ်မှာ သနားကြင်နာမှုကိုပြ သနိုင်တဲ့ရဟန်းတွေကို သေချာရွေးချယ်ပြီး စေလွှတ်မှာ ဖြစ်ပါတယ်” ဟု ဖြေကြားပေးတော်မူသည်။

မြန်မာနိုင်ငံက တခြားကက်သလစ်ဆရာတော်များက ရန်ကုန်သာသနာကဲ့သို့ သေချာ ရွေးချယ်ထားတဲ့ ရဟန်းတချို့ကို စေလွှတ်ရန်ရှိ      မရှိမေးမြန်းရာတွင် ကာဒီနယ်ချားလ်စ်က “ဆရာတော်တွေက ဒီလိုစေလွှတ်လို့ရတယ်ဆိုတာကို မသိကြဘူးထင်တယ်။ သူတို့သိတဲ့     အချိန်မှာ ဗာတိကန်ကို စာရင်းပို့တော့ ရဟန်းတွေများလွန်းလို့ စာရင်းပိတ်ပြီဖြစ်တယ်လို့ ဗာတီကန်က အကြောင်းကြားလာတယ် လို့သိရတယ်” ဟု ပြောပြသည်။

ကာဒီနယ်၏မိန့်ကြားချက်အတိုင်း ဗန်းမော်ဆရာတော်ကြီး ရေမွန်ကလည်း “ကျွန်တော် အစထင်တာက ဆရာတော်ကြီးတွေရဲ့ ဇန်နဝါရီ အစည်းအဝေးမှာ ဒီဂျူဗလီနှစ်နဲ့ပတ်သက်ပြီး တစ်ခုခုတော့ကြားရမယ်လို့ မျှော်လင့်တယ်။ နောက်မှ ဗာတီကန်ကို ရဟန်းတချို့စေလွှတ် လို့ရတယ် ဆိုတာသိတော့သိသိခြင်း ဗာတီကန်ကိုစာရင်းပို့တော့ စာရင်းပိတ်ပြီဖြစ်ကြောင်း ပြန်စာရောက် လာတယ်” ဟု အယ်ချုပ်အား အမိန့်ရှိတော်မူသည်။         ကုန်ဇမှုန်း

2748  Views
Previous: အင်္ဂလန်နိုင်ငံရှိ အင်္ဂလီကန်အသင်းတော်ဌာနချုပ်က အမေရိကန်နိုင်ငံရှိ အင်္ဂလီကန်အသင်းတော်ခွဲကို အဖွဲ့ဝင်အဖြစ်မှရပ်ဆိုင်း
Next: ရန်ကုန်မြို့တော် လှိုင်သာယာတွင် ပရိတ်သူငယ်တော်ယေဇူးကက်သလစ်ဘုရားကျောင်းကို ဖွင့်လှစ်ပွဲကျင်းပ