ကက်သလစ်သာသနာတော်ခေါင်းဆောင် ရဟန်းမင်းကြီးဖရန်စစ်နှင့် အင်္ဂလီကန်အသင်းတော်ခေါင်းဆောင် ဂျက်စတင်းဝီဘိုင်တို့ တွေ့ဆုံဆွေးနွေး

001

အင်္ဂလီကန်အသင်းတော်က အမျိုးသမီးများကို ရဟန်းသိက္ခာတင်ပေးခြင်းနှင့်လိင်တူလက်ထပ်ခွင့်ပြုခြင်းတို့တွင် ကက်သလစ် သာသနာတော်နှင့် ပိုမိုဝေးကွာစေ”

ဗာတီကန်၊ အောက်တိုဘာလ ၆၊ ၂၀၁၆ EWTN

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အင်္ဂလီကန်အသင်းတော်ခေါင်းဆောင်ဖြစ်သော ဆရာတော်ကြီး ဂျက်စတင်းဝီလ်ဘိုင်နှင့် အတူတကွ တွေ့ဆုံပြီး ဆုတောင်းခြင်းကို အောက်တိုဘာလ (၅) ရက်နေ့က ရောမမြို့ရှိ ဆန်ဂရေကော်ရီယို San Gregorio al Cielo
ဘွဲ့တော်ခံသော ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ပထမဆုံးအကြိမ်ပြုလုပ်ပြီးနောက် ကြေညာချက်တစ်စောင် ကို ထုတ်ပြန် လိုက်ကြသည်။

၎င်းတို့နှစ်ပါး၏ ကြေညာချက်တွင် “အင်္ဂလီကန်အသင်းတော်က အမျိုးသမီးများကို ရဟန်းသိက္ခာတင်ပေးခြင်းနှင့် လိင်တူ လက်ထပ်ခွင့်ပြုခြင်းတို့တွင် ကက်သလစ်သာသနာတော်၏ သွန်သင်ချက်နှင့် ဆန့်ကျင်သော်လည်း ထပ်မံတွေ့ ဆုံဆွေးနွေးကြမည်” ဟု ဖော်ပြထားသည်။

အင်္ဂလီကန်အသင်းတော်၏ ခေါင်းဆောင်ဖြစ်သော ဆရာတော်ကြီး ဝီဘိင်က ယခုပူးတွဲ ကြေညာချက်သည် မိမိတို့ အသင်းတော်နှစ်ခုကို ကွဲပြားစေသော အကြောင်းအရာများစွာ ရှိနေသော်လည်း၊ အတူတကွ လုပ်ဆောင်နိုင်ကြသော အကြောင်း အရာများပေါ်တွင် ကြောက်ရွံ့ခြင်းမရှိဘဲ အတူတကွ ဆက်လက် လုပ်ဆောင်ကြရန်အတွက် အနာဂါတ်ကိုရှေးရှုသော ကြေ ညာချက်ဖြစ်သည်ဟု သတင်းထောက်များအား ရှင်းပြတော်မူသည်။

ဆက်လက်ပြီးဆရာတော်ကြီးက နှစ်ပေါင်း (၅၀) အတွင်း ဆွေးနွေးကြပြီးနောက် ကက်သလစ်ခရစ်ယာန်များနှင့် အင်္ဂလီကန် ခရစ်ယာန်များအကြားတွင် ပိုပြီးနီးကပ်လာမှု ရှိမရှိကို မသိသော်လည်း မိမိတို့နှစ်ဖွဲ့သည် သေခြင်းမှ ရှင်ပြန် ထမြောက်တော်မူသော ယေဇူးခရစ်တော်ဘုရားကို အစေခံနေကြပါကြောင်း၊ မိမိတို့တွင် ပြည့်ဝသော မျှော်လင့်ချက်ရှိပါကြောင်း၊ မိမိတို့ရောက်ရှိနေသောအဆင့်တွင် ရှိနေကြသည်ဟု သတင်းထောက်များ၏ အမေးကို ဖြေကြားပေးတော်မူသည်။

ယခုကဲ့သို့သော ဘာသာရေးခေါင်း ဆောင်နှစ်ပါးတို့၏ တွေ့ဆုံခြင်းသည် လွန်ခဲ့ သောနှစ်ပေါင်း (၅၀) က ရဟန်းမင်းကြီး ပေါလူး (၆) နှင့် အင်္ဂလီကန်အသင်းတော် ခေါင်းဆောင်ဖြစ်သော ဆရာတော်ကြီး မိုက်ကယ်ရမ်စီတို့၏ စတင်တွေ့ဆုံခြင်း နှစ်ပတ်လည် ကို ပြန်လည်အောက်မေ့ သတိရသော အခမ်းအနားဖြစ်သည်။

ကက်သလစ်သာသနာတော်၏ ခေါင်းဆောင်ဖြစ်ကြသော ရဟန်းမင်းကြီး အဆက်ဆက်သည် အင်္ဂလန်ဘုရင် ဟင်နရီ (၈) က ၁၅၃၄ ခုနှစ်မှစတင်ပြီး အင်္ဂလီကန်အသင်းတော်ကို ကက်သလစ်သာသနာတော်မှ ခွဲထွက် တည်ထောင်ခဲ့ပြီးနောက် အင်္ဂလီကန် အသင်းတော်၏ ခေါင်းဆောင်များနှင့် ၁၉၆၀ ခုနှစ် မတိုင်ခင်အထိ တစ်ခါမျှ တရားဝင်တွေ့ဆုံဆွေးနွေးခြင်း မပြုခဲ့ကြဟု သိရှိရပါသည်။

ရဟန်းမင်းကြီးပေါလူး (၆) သည် ၁၉၆၆ ခုနှစ်တွင် ကက်သလစ်သာသနာတော်မှ ခွဲထွက်သွားသော အင်္ဂလီကန် အသင်းတော် ၏ ခေါင်းဆောင်ဖြစ်သော ဆရာတော်ကြီး ဒေါက်တာ မိုက်ကယ်ရမ်စီ အား ရောမမြို့ရှိ စိန်ပီတာဘုရားကျောင်းတော်ကြီးတွင် ပထမဆုံး အကြိမ် စတင်တွေ့ဆုံခဲ့သော ရဟန်းမင်းကြီးအဖြစ် သမိုင်း တွင်ခဲ့သည်။

၁၉၆၀ ခုနှစ်မတိုင်မီတွင်မူ ရဟန်းမင်း ကြီးယောဟန် (၂၃) က အင်္ဂလီကန် အသင်းတော်ခေါင်းဆောင် ဂျေအိုဖရေ ဖီရှာအား သီးသန့်တွေ့ဆုံခြင်း ရှိခဲ့သော်လည်း အသင်းတော်နှစ်ခု၏ တရားဝင် တွေ့ဆုံခြင်းသည်ကား ၁၉၆၆ ခုနှစ်မှသာ စတင်ခဲ့ခြင်းဖြစ်သည်။

ရဟန်းမင်းကြီး ဖရန်စစ်က အင်္ဂလီကန်အသင်းတော်ခေါင်းဆောင် ဝီဘိုင်အား ဆန်ဂရေကော်ရီယို San Gregorio al Cielo ဘွဲ့တော်ခံသော ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် တွေ့ဆုံခြင်းသည်ကား ပျံလွန်တော်မူပြီးသော ရဟန်းမင်းကြီး ဂရေဂေါ်ရီ က အီတလီနိုင်ငံရှိ ကက်သလစ်ရဟန်းများ ဖြစ်ကြသော သြဂုတ်စတင်းရသေ့ဂိုဏ်းဝင် ရဟန်းအပါးပေါင်း (၄၀) ကို အင်္ဂလန်နိုင်ငံကို သာသနာပြုရန်အလို့ငှါ ပထမဆုံးသောသာသနာပြုများအဖြစ် ၅၉၇ ခုနှစ် တွင် စတင်စေလွှတ်ခဲ့သော နေရာဖြစ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် အင်္ဂလီကန်ခရစ်ယာန်များ ကလည်း ၎င်း (ဆန်ဂရေကော်ရီယို San Gregorio al Cielo ဘွဲ့တော်ခံသော ကက်သလစ် ဘုရားရှိခိုးကျောင်း) ဘုရားကျောင်းတော်ကြီးကိုမိမိတို့၏ ခရစ်ယာန်ရင်းမြစ်မိခင်ဘုရားကျောင်းအဖြစ် ဂုဏ်ယူနေကြလေသည်။

ယခုတွေ့ဆုံခြင်းအပေါ် ရဟန်းမင်းကြီးက မိမိတို့နှစ်ပါး တွေ့ဆုံခြင်းသည် တစ်လုံးတစ်ဝတည်းရှိခြင်းနှင့် သာသနာပြုခြင်းတို့ အပေါ် ပြန်လည်ဆန်းသစ်သော တွန်းအားကို ဖြစ်ပေါ်စေမည်ဖြစ်သည်ဟု မှတ်ချက်ပြုတော်မူသကဲ့သို့ အင်္ဂလီကန် ခေါင်းဆောင် ကလည်း မိမိတို့အသင်းတော် နှစ်ခုအကြားတွင် သဘောထားကွဲပြားခြင်းများရှိနေသည့်အကြားက ဆိုးသော ခေါင်းဆောင်များအဖြစ် မရပ်တည်လိုကြောင်းဖြင့် မီးမောင်းထိုးပြတော်မူခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အင်္ဂလီကန်ခေါင်းဆောင်ဖြစ်တော်မူသော ဆရာတော်ကြီး ဝီဘိုင်အား၂၀၁၃ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် လည်းကောင်း၊ ၂၀၁၄ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ဒုတိယအကြိမ် အဖြစ်လည်း ကောင်း၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၁၈-၂၀) အထိ အီတလီနိုင်ငံ၊ အာစီစီမြို့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် လည်းကောင်း တွေ့ဆုံ ခဲ့ကြသည်ဟု သိရှိရသည်။

ကုန်ဇမှုန်း

1239  Views
Previous: ကက်သလစ်သာသနာတော်၏ ဦးနှောက်ဟု တင်စားခံရသော ဂျေဆွီရဟန်းများက အသင်းဂိုဏ်းခေါင်းဆောင်သစ်ကို ရွေးချယ်
Next: ဗာတီကန်ထိပ်ပိုင်းခေါင်းဆောင်များက အမျိုးသမီးများ၏ ကက်သလစ်သာသနာတော်ထဲတွင် ပါဝင်လုပ်ဆောင်နိုင်မည့်ကဏ္ဍကို စတင်ဆွေးနွေး