“မြန်မာနိုင်ငံ၏ကက်သလစ်သာသနာတော်၌ လေဟာနယ်တစ်ခု ဖြစ်ပေါ်နေတာ သင်သတိထားမိပါသလား”

d

၂၀၁၆ ခုနှစ်တုန်းက ကျွန်တော်ဟာ ဟားခါးသာသနာလက်အောက်ရှိ၊ ဂန့်ဂေါမြို့ရဲ့တဖက်ကမ်းရွာကို ရောက်ခဲ့ပါတယ်။  အဲဒီရွာမှာ ကက်သလစ် ဘာသာဝင်အိမ်ခြေ (၄၅) အိမ်ရှိတယ်။ အဲဒီရွာမှာ ဓမ်္မဆရာ နေအိမ်တစ်ခုကို ကျွန်တော်တို့မိသားစုက လှူဒါန်းဆောက်လုပ် ပေးပါတယ်။နေ့လည်စာ စားရင်းနဲ့ အဘွားတစ်ယောက်က  “သားရယ်၊ ဒီရွာမှာ ဓမ္မဆရာမရှိတော့ ကလေးတွေကို ဘုရားစကား သင်ပေး မယ့်သူတွေ မရှိဘူး။ ကလေးတွေကနှစ်ခြင်းဘုရားကျောင်းမှာပဲ ဘုရားစကားကို သွားသင်ကြရတယ်။ အခုက ဓမ္မဆရာနေဖို့ အိမ်တော့ရှိ ပြီ။ ဖြစ်နိုင်ရင် ဒီအိမ်မှာနေမယ့် ဓမ္မဆရာတစ်ပါး ရနိုင်အောင်ကူညီပေးပါ” လို့ အကူအညီတောင်းခဲ့ပါတယ်။

ဒီအဘွားအိုက အသင်းတော်ကို ဘယ်လောက်ချစ်သလဲ၊ သူ့ရဲ့ကလေးတွေနဲ့မြေးတွေရဲ့ ဘာသာတရားအတွက် ဘယ်လောက် စိတ်ဝင် စားမှု၊ စိုးရိမ်မှုကြီးသလဲဆိုတာ သူ့စကားကသက်သေပြနေပါတယ်။ တဖက်မှာလည်း ဒီရွာထဲမှာရှိနေကြတဲ့ ကက်သလစ် ခရစ်ယာန်ဘာ သာဝင်ပေါင်း (၁၀၀) ကျော်ဟာ ဓမ္မပညာနဲ့ အဆက်ပြတ်နေကြတယ်ဆိုတာကို သက်သေထူနေတယ်။ ဒီရွာရဲ့ဖြစ်ရပ်က Vaccum between Laity and Catholic Theology သာမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေနဲ့ ဓမ္မသြင်္ဂိုလ် အတတ်ပညာ အကြားမှာလေ ဟာနယ်တစ်ခုရှိနေတာကို သက်သေထူနေတယ်။ ဒီလိုအဖြစ်မျိုး မြန်မာနိုင်ငံမှာ ကလေးငယ်တွေကို ဘုရားစကားတောင် သင်ပေးမယ့် သူတွေ မရှိလောက်အောင်ကို အခြေအနေဆိုးနေကြတဲ့ရွာတွေ ဘယ်လောက်ရှိကြမလဲဆိုတာ တွေးကြည့်ကြပါ။

ဒီလေဟာနယ်ကို ဘယ်လိုတိုက်ဖျက်ရမလဲဆိုရင် သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်နဲ့ ဓမ္မသြင်္ဂိုလ်အတတ်ပညာတို့ နှစ်ခုကို Sustainable Connectivity between Laity and Catholic Theology ရေရှည်ခံတဲ့ချိတ်ဆက်မှုကို လုပ်ပေးရမှာဖြစ်ပါတယ်။ ရေရှည်ခံတဲ့ချိတ်ဆက်မှုကို လုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များဟာ  သာသနာတော်မှ ဖွင့်လှစ် သင်ကြားပေးသော ဘုရားစကားအတန်းများ၊ လူငယ်သင်တန်းများ၊ မိခင်ဖခင်သင်တန်းများနှင့် တခြားတခြားသော ဘာသာရေး လူမှုရေးဆိုင်ရာ သင်တန်းများသို့ တက်ကြွစွာပါဝင်တက်ရောက်ကြရမည်ဖြစ်သည်။ တဖက်တွင်လည်း ကက်သလစ် သာသနာတော်၏
ဆရာတော်များ၊ ရဟန်းတော်များကလည်း ဤကဲ့သို့သော လေဟာနယ်ကို တိုက်ဖျက်ရန်အတွက် လိုအပ်သော ခေတ်မှီအတတ် ပညာများကို သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များအား စီစဉ်သင်ကြားပေးရန်လိုအပ်နေပြီဖြစ်သည်။ ကျွန်တော့်အနေနဲ့ ကက်သလစ်သာသနာတော်ကို သုံးသပ်တဲ့အခါမှာ ကျွန်တော်တို့ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေဟာ “ရှိခိုးကိုးကွယ်ခြင်းနှင့် သဒ္ဒါကြည်ညိုခြင်း strong in devotion and adoration မှာ အားကောင်းကြပြီးတော့ သာသနာပြုတဲ့နေရာမှာ အားနည်းနေကြတယ် weak in evangelize” ဆိုတာကို မြင်တွေ့မိပါတယ်။ ဒီလိုမျိုး သာသနာပြုတဲ့နေရာမှာ အားနည်းနေ ကြခြင်းကို အားကောင်းလာဖို့ အတွက်က သာမန်ကက်သလစ်ဘာသာဝင်တွေအပေါ်မှာကြီးမားသောရင်းနှီးမြုပ်နှံ Investment On Lay People ကိုပြုလုပ်ရန် လိုအပ် ပါတယ်။

ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) က “ကျွန်တော်တို့ဟာ ခရစ်တော်ဘုရားကို တွေ့ရှိရုံမျှဖြင့် မလုံလောက်ဘဲ မိမိတွေ့ရှိတော်မူတဲ့ ခရစ်တော်ဘုရားအကြောင်းကို တခြားသူများအား ဝေမျှပြောဆိုပေးရမည်” လို့ ၁၉၉၉ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့က စပိန်နိုင်ငံ၊ ဆန်တီယားဂိုဒီကွန်ပိုစတေလမြို့) ကျင်းပတဲ့ ကမ္ဘာ့လူငယ်များပွဲတော်မှာ မိန့်ကြားခဲ့ပါတယ်။ ဒီဆော်သြချက်က ခရစ်တော်ရဲ့ ဆော်သြချက်ကို ပြန်လည်ပဲ့တင်ထပ်ခြင်းဖြစ်ပါတယ် (မာကု ၁၆း၁၅)။ ဒါကြောင့်မို့ ကက်သလစ်သာသနာတော်ရဲ့ ပင်ကိုယ်သဘာ ဝသည်ကား သာသနာပြုခြင်းဖြစ်ပြီးတော့ (Ad Gentes, n. 2) ခရစ်ယာန်ဘာသာဝင်ဖြစ်ခြင်းဟာလည်း သာသနာပြုပုဂ်္ဂိုလ်ဖြစ်ခြင်းလို့ အနက်ရပါတယ် (Apostolicam Actuositatem, n. 2)

သာသနာတော်၏စာချွန်တော်များကိုပဲကြည့်ကြည့် သမ်္မာကျမ်းစာကိုဖတ်ဖတ် ကျွန်ုပ်တို့နှင့်တခြားသူများက ခရစ်တော်၏ တရားတော်ကို လက်လှမ်းမှီကြားနာနိုင်ပြီး လက်ခံလာနိုင်ကြရန်အလို့ငှါ ကျွန်တော်တို့တစ်ဦးစီသည် ကက်သလစ်သာသနာတော်က အလိုရှိသည်။ ကက်သလစ်သာသနာတော်၌ သင်မရှိလျှင်၊ သင်မပါလျှင် မဖြစ်ပေ။ “ငါ၊ သင်” ဟူသောလူသားသည် လူသားများ အားလုံး၏ကယ် တင်ခြင်းအတွက် အလိုအပ်ဆုံးသော ဘုရား၏အသုံးတော်ခံများဖြစ်ကြသည်။

၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ ရဟန်းမင်းကြီးပေါလူး (၆) က၊ ရေးသားထုတ်ပြန်တဲ့ “ခေတ်သစ်ကမ်္ဘာထဲ၌ သာသနာပြုခြင်း Evangelii Nuntiandi” ဆိုတဲ့စာချွန်တော်ထဲမှာ၊ “ခေတ်သစ်လူသားသည် သင်ကြားပေးသူများထက် သက်သေခံသူများထံ၌ပို၍နား ထောင်လိုသည်၊ အကယ်၍ သူက သင်ကြားပေးသူများကို နားထောင်လျှင်မူ၊ ၎င်းသင်ကြားပေးသူများကိုယ်တိုင်က သက်သေခံသူ များ ဖြစ်နေကြသောကြောင့်ဖြစ်သည်” ဟု မီးမောင်းထိုးပြတော်မူခဲ့ပါတယ် (“Evangelii Nuntiandi no. 41”)။ ခရစ်တော် ဘုရား၏တရားတော်ကို သက်သေခံကြမည့် သာမန်ကက်သလစ်ခရစ်ယာန် ဘာသာဝင်များကို များများမွေးထုတ်ကြပါစို့လား။

1031  Views
Previous: စမတ်တယ်လီဖုန်းလုပ်ငန်းသည် ကွန်ဂိုနိုင်ငံသူ/သားများ၏ သွေးစက်ပေါ်တွင် တည်ဆောက်ထားသည်ဟု ကွန်ဂိုကက်သလစ်ရဟန်းက မိန့်ကြား
Next: ရဟန်းဖြစ်သင်ကျောင်းသားတစ်ဦးက အိုင်အက်စ်သူပုန်များလက်ထဲမှ ကိုယ်တော်မြတ်မုန့်တော်ကို ကယ်ထုတ်နိုင်ခဲ့