ပုသိမ်မြို့၌ တရားမဝင်လူကုန်ကူးမှု အရေးယူပေးရေး ဆန္ဒထုတ်ဖော်နေ

7-b

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်ကာ လူကုန်ကူးခံရသူများနှင့် မိသားစုဝင်(၅၀)ဦးခန့်က ဧရာဝတီတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကို မေလ(၂၀) ရက် နေ့တွင် တရားဝင် ခွင့်ပြုမိန်ယူကာမြို့အနှံ့လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှုး ဦးသိန်းအောင်မှ ဒေသခံလူငယ် (၅၀)ကျော်ကို ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ ပို့ဆောင်ကာ အကြွေးဖြင့် ချည်နှောင်ပြီး လုပ်အားခေါင်းပုံဖြတ် အလုပ်ခိုင်းစေခဲ့ခြင်းဖြစ်သည်ဟုဆန္ဒထုတ်ဖော်သူတို့ကဆိုသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်လူကုန်ကူးမှုခံရပြီး ဆင်းရဲဒုက္ခမျိုးစုံတွေ့ကြုံခဲ့ရ ကာ ပြန် လည်ရောက်ရှိလာသူတို့က ပုသိမ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ အား တိုင်ကြားခဲ့သော်လည်း ပို့ဆောင်သူများကို အရေးယူခြင်းမရှိဘဲ တိုင်ကြားသူများကိုသာ နည်းမျိုးစုံဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသဖြင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ် ရခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ် သူတို့က ဆိုသည်။

“ဒီကိစ္စကို ပုသိမ်လူကုန်ကူးရဲတပ်ဖွဲ့ဆီသွားတိုင်တာ ပထမတော့ ဒါလူကုန်ကူးမှုမြောက် တယ်ဆိုပြီး ပြောတယ်။ နောက်ပိုင်းမမြောက်တော့ဘူးဆိုပြီး ပြောပြန်တယ်။ အဲဒါနဲ့ ရွာသားတွေက ဝန်ကြီးချုပ်ဆီတိုင်တော့ ပုသိမ် လူကုန်ကူးအဖွဲ့ညွှန်ကြားချက်နဲ့

သာပေါင်းရဲစခန်းမှာ အမှုဖွင့်ပေးတယ်။ အမှုဖွင့်ပြန်တော့လည်း မဖမ်းဘဲ လွှတ်ပေး ထားတဲ့အပြင် ဆင်းရဲဒုက္ခမျိုးစုံတွေ့ပြီး ပြန်ရောက်လာတဲ့သူတွေကို နည်းမျိုးစုံနဲ့ တရားခံတွေလို စစ်ဆေးနေလို့ အခုလိုဆန္ဒပြတဲ့ အခြေအနေအထိ ဖြစ်လာတာပါ။” ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်ခဲ့သည့် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ကိုမောင်ဇော်က ပြောသည်။

အမှုဖွင့်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူး၏ ညီဖြစ်သူနှင့် ပူးပေါင်းပါဝင်သူတစ်ဦးတို့ကို သာပေါင်းရဲစခန်းက ဖမ်းဆီး တရားစွဲဆိုပြီးရုံးတင်ခဲ့သော်လည်း အဓိကအတိုင်ခံရ သူ ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ရဲတပ်ဖွဲ့ဝင်များ သွားရောက် ဖမ်းဆီးချိန်တွင် ရှောင် တိမ်းနေခဲ့သည်။

ထို့နောက်သာပေါင်းမြို့နယ် ဥပဒေအရာရှိမှ ၎င်းအား လူကုန်ကူးမှုနဲ့ ငြိစွန်းခြင်း မရှိသည့်အတွက် စွဲထားသည့် ပုဒ်မများအား ပယ်ဖျက်ပေးခဲ့ပြီး တိုင်ကြားသူနှင့် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူတို့ကိုသာ မကြာခဏ ရဲစခန်းများ တွင် ခေါ်ယူစစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်း ဆန္ဒဖော်ထုတ်သူတို့ထံမှ သိရ သည်။

လူကုန်ကူးမှုသည် လူသားအချင်းချင်း အပေါ်ကျူးလွန်သည့် ကြီးလေးသော ရာဇဝတ် မှုဖြစ်သဖြင့် စွပ်စွဲခံရ သူများသည် လူကုန်ကူးမှု မြောက်မမြောက်ကိုမူ သက်ဆိုင်ရာ တရားရုံးတော်မှသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ လူကုန်ကူးခံခဲ့ရ သူအား ပြန်လည် တရားစွဲဆိုခွင့် မရှိကြောင်း ရဲလက်စွဲ ဥပဒေတွင် ဖော်ပြပါရှိဟု ရဲအရာရှိ တစ်ဦးက ဆိုသည်။

“ရပ်တည်ဖို့ခက်ခဲတဲ့ ဘဝတွေကိုအခွင့် ကောင်းယူ လိမ်ညာစည်းရုံး အဆင့်ဆင့် ပို့ဆောင်ပြီး အကြွေးနဲ့ ချည်နှောင်ခိုင်းစေပြီး လုပ်အားခေါင်းပုံဖြတ်တဲ့ အဆင့်ဆို ရင်တော့ လူကုန်ကူးမှုမြောက်ပါပြီ။” ဟု နေပြည်တော် လူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသည် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေကို (၂၀၀၅)ခုနှစ် စက်တင် ဘာလ (၁၃)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး လူကုန်ကူးမှုပပျောက်စေရန် National Plan of action (NPA) ချမှတ်ကာ ဆောင်ရွက်နေကြောင်း သိရသည်။

“ဒါပေမယ့် တကယ့်လက်တွေ့မှာရော လူကုန်ကူးခံရတဲ့သူတွေကို ဥပဒေနဲ့ အညီ စောင့်ရှောက်ပါရဲ့လား။ လူကုန်ကူးမှုမှာ ပါဝင်ပါတ်သတ်သူတွေကိုရော ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်နေပါရဲ့လားဆိုတာ ဒီဆန္ဒထုတ်ဖော်ပွဲကနေ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကို မေးခွန်းထုတ်လိုပါတယ်။” ဟု ဆန္ဒ ထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုမြင့်နိုင်က ပြောသည်။

ဆန္ဒဖော်ထုတ်သူတို့သည် လူကုန်ကူးမှုပပျောက်စေရေး၊ လူကုန်ကူးမှုတွင် ပါဝင်ပတ် သတ်သူများကို ထိရောက်စွာ အရေးယူပေးရေး၊ ပုသိမ် လူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေးအဖွဲ့မှ လူကုန်ကူးခံရသူများကို လူသားဆန်စွာ ဆက်ဆံပေးစေရေး စသည့်ကြွေးကြော်သံများဖြင့် နံနက်(၉း၀၀)နာရီမှ (၁၁း၀၀)နာရီ အထိ ပုသိမ်မြို့အနှံ့ လှည်လည်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

1600  Views
Previous: မိုးညှင်းပြည်သူဆေးရုံ၌ လိုအပ်သည့် ဆရာဝန်ရရှိရေး အမြန်ဆုံးဆောင်ရွက်ပေးစေလို
Next: ဗန်းမော်၌ မြို့နယ်အဆင့် ကင်းထောက်ဆင့်ပွားသင်တန်းပို့ချနေ