နဝဒေးတံတားအောက်၌ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ပြည်မြို့ခံတို့ ဆန္ဒထုတ်ဖော်

25-b

သီဟလွင်

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နဝဒေးတံတားအောက်တွင် ဖြစ်ပွားခဲ့သည့် လုယက်သတ်ဖြတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူ တရားခံအမြန်ဆုံးပေါ်ပေါက်နိုင်ရန်အတွက် မေလ(၂၃)ရက်နေ့က ပြည်မြို့ခံ လူ ၁၀၀ ကျော်မှ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

နဝဒေးတံတားအောက်တွင်ဖြစ်ပွားခဲ့သည့် အမှုအား အမှန်အတိုင်းပေါ်ပေါက်စေရန်၊ပြစ်မှုကျူးလွန်သူများအား ဥပဒေအရ အရေးယူပေးရန်၊ အလားတူ ဖြစ်ရပ်မျိုးထပ်မဖြစ်စေမည့် အာမခံချက်ရရှိစေရန် စသည့် တောင်းဆို ချက်တို့ကိုတောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“ စစ်သားက အရပ်သားအပေါ် ပြစ်မှုကျူးလွန်ခဲ့ရင် တပ်မတော်ကာကွယ်ရေးအက်ဥပဒေအရ စစ်ခုံးရုံးမှာရော အရပ်ဖက်တရားရုံးမှာပါ စစ်ဆေးခံရမယ်လို့ပါတယ်။အခုသူတို့လူမှာ အပြစ်မရှိဘူးဆိုပြီး အရပ်ဖက်ကို လွှဲပြောင်းစစ်ဆေးတာမျိုးမရှိဘူး။” ဟု အဆိုပါဆန္ဒဖော်ထုတ်ပွဲအားဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးမင်းမင်းကပြောသည်။

ပြည်မြို့အတွင်း စီတန်းလှည့်လည်ခဲ့သည့် အဆိုပါဆန္ဒဖော်ထုတ်ပွဲမှာ ပြည်မြို့ခံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးအင်အားစုများပါဝင်ခဲ့ပြီ သက်ဆိုင်ရာမှ တရားဝင်ခွင့်ပြုမိန့်ရရှိပြီးဖြစ်၍ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောက်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဒီစုံတွဲ လုယက်သတ်ဖြတ်ခံရတာက ဒုတိယအကြိမ်ဖြစ်တာပါ။ ဒီမှုမတိုင်ခင်၂၀၁၂ခုနှစ် ဧပြီလထဲမှာလည်း နဝဒေးတံတားအောက်မှာပဲ ငါးသည်မလေးသတ်ခံရတဲ့အမှုမပေါ်ခဲ့ဘူး။ ဒီလို ဖြစ်ရပ်မျိုးတွေဆက်ဖြစ်လာ မလားဆိုပြီး ကျနော်တို့မြို့ခံတွေ စိုးရိမ်နေကြပါတယ်။ ဒီအမှုတွေကိုလည်း အမြန်ဆုံးပေါ်ပေါက် စေချင်တယ်။ ဟု ပြည်မြို့ခံ မျိုးဆက်သစ်လူငယ်များအဖွဲ့(Generation Wave) မှ ကိုဖြူဖွေးက ပြောသည်။

ပြည်မြို့ မိချောင်းရဲအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၇၅ မှ တပ်မ ၆၆တပ်မမှူး ဗိုလ်မှူးကြီးဝင်းဘိုရှိန်နှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူးဗိုလ်မှူးကြီး မြင့်အောင်တို့က အဆိုပါလူသတ်မှုတွင် မိမိတို့စစ်သားများနှင့် မသက်ဆိုင်ကြောင်းရှင်းလင်းချက်များထုတ်ပြန်ခဲ့သည်။

၂၀၁၃ခုနှစ် ဧပြီလ ၂၃ ရက်နေ့ညက လူနှစ်ဦးကို ဧရာဝတီမြစ်ကမ်းသဲသောင်ပြင်ပေါ်၌ လူသုံးဦးက လုယက်သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ၎င်းအချိန်၌ အခင်းဖြစ်ပွားရာအနီးတွင် ပုန်းခိုနေသော လူသုံးဦးကို ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာနှစ်ဦးကို လက်ရဖမ်းဆီးမိခဲ့ပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

လွတ်မြောက်သွားသူနှင့် ဖမ်းဆီးရမိသူများမှာ ခလရ (၇၅) ခြေလျှင်တပ်ရင်းမှ တပ်မတော်သားများ         ဖြစ်နေကြောင်း ပြည်မြို့ခံများမှ နိုင်ငံတော်သမ္မတထံသို့ပေးပို့သည့်ပန်ကြားလွှာတွင် ဖော်ပြပါရှိသည်။

1640  Views
Previous: ကျောထောက် နောက်ခံရှိ၍ ဥပဒေချိုးဖောက်မှု ဆက်တိုက်ကျူးလွန်တာလားဟု ရာဇာမင်းယာဉ်လိုင်းအပေါ် မေးခွန်းထုတ်လာ
Next: အခမဲ့ပညာရေးစနစ်မှ မည်သည့်ကောက်ခံငွေကိုမဆို အရေးယူမည်