အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများထံ ပေးစာ ဘာသာရေးလွတ်လပ်ခွင့်သည် ပုထုဇဉ်လူသားတို့၏မွေးရာပါ လူ့အခွင့်အရေး ဖြစ်သည်။ ၎င်းအခွင့်အရေးကို မည်သူမျှ ဖျက်ဆီးခွင့် မရှိစေရဟု ဘာသာရေးခေါင်းဆောင်များ၊ ဒီမိုကရေစီအစိုးရမင်းများနှင့်သာမန်လူသားများက ဆော်သြနေကြသည်။ ထိုသို့ဆိုရသော်ဘာသာရေး လွတ်လပ်ခွင့် ဟူသော ဝေါဟာရအောက်တွင် ” မည်ကဲ့သို့သော လွတ်လပ်ခွင့်မျိုးကို ဆိုလိုသနည်း” ဟု စောဒကတက်စရာရှိလာတော့သည်။ ဇာနပုဉ်သား၊ တပည့်တော် ၏ ကြားသိသမျှ လျှောက်ထားရသော်၊ ဘာသာရေးလွတ်လပ်ခွင့်ဆိုသည်မှာ ဘုရားကျောင်းကန်များကို လွတ်လပ်စွာဆောက်လုပ်ခွင့်ရှိခြင်း၊ လွတ်လပ်စွာ ဘုရား ဝတ်ပြုရှိခိုးခွင့်ရှိခြင်း၊ ဘုရားပွဲများကို လွတ်လပ်စွာ ကျင်းပခွင့် ရှိခြင်း၊ ဘာသာရေးစာအုပ်များကို လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ရှိခြင်း၊ ဘာသာရေးစာအုပ်များကို လွတ်လပ်စွာသယ်ဆောင်ခွင့်ရှိခြင်း၊ ဘာသာရေးစာစောင်များကို လွတ်လပ်စွာ ဖြန့်ချီခွင့်ရှိခြင်း၊ ဘာသာရေးစာအုပ်များကို လွတ်လပ်စွာဖြန့်ဝေရောင်းချခွင့်ရှိခြင်း၊ ဘာသာရေး အကြောင်းများကို လွတ်လပ်စွာဟောပြောခွင့်ရှိခြင်း၊ မိမိယုံကြည်ကိုးကွယ်လိုသော ဘာသာတရားကို လွတ်လပ်စွာ ယုံကြည်ကိုး ကွယ်ခွင့်ရှိခြင်း၊ လူတစ်ဦး၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများနှင့်ရာထူးများတွင် ဘာသာရေးကို အခြေခံပြီး ဆုံးဖြတ်ချက်ပြု လုပ်မှုကင်းမဲခြင်း စသောအချက်များ ပါဝင်နေ ပါသည်။
သို့သော် နိုင်ငံသားများသည် ထိုကဲ့သို့သော ဘာသာရေးလွတ်လပ်ခွင့်များကို စစ်အစိုးရများ၊ အာဏာရှင်ဆန်သော ဘာသာရေးခေါင်းဆောင် များနှင့်တုပသော ဒီမိုကရေစီနိုင်ငံများတွင် မရရှိကြသည်ကို ယနေ့တွေ့မြင်နိုင်ပေသည်။ ထိုသို့သောနိုင်ငံများတွင် သတိမထားမိသော ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်သော အဖွဲ့အစည်းတစ်ခုမှာ ဘာသာရေးအဖွဲ့အစည်းပင် ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဘာသာရေး အဖွဲ့အစည်းထဲတွင် ဘာသာရေးလွတ်လပ်ခွင့်များ လျှော့နည်းနေခြင်း သို့မဟုတ် ကင်းမဲ့နေခြင်းမျိုးလည်း ရှိနေသည်ကိုလေ့လာတွေ့ ရှိရသည်။ တချို့သော ဘာသာရေးခေါင်းဆောင်များသည် မိမိတို့၏လက်အောက်တွင် ရှိနေကြသော ဘာသာဝင်များ၏ ဘာသာရေး လွတ်လပ်ခွင့်များကို ချိုးဖောက်နေကြသည်ကိုတွေ့ရှိရသည်။ ထိုကဲ့သို့သော ဘာသာရေးခေါင်းဆောင်များက ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်နေလျှင် မည်သူက ဝေဖန်မည်နည်း။ လူ့သဘောသဘာဝအရ၊ ခေါင်းဆောင်များသည် ခေါင်းဆောင်တစ်ဦး၏အမှားကို ဖုံးဖိပေးတတ်ကြ သည့် သဘာဝလည်း ရှိနေကြရာ၊ ခေါင်းဆောင်တစ်ဦး၏ လူ့အခွင့်အရေးချိုးဖောက်ခြင်းကို ကျန်ခေါင်းဆောင်များက မသိသလို ဖာသိဖာသာ နေနေကြသည်ကို ယနေ့တွေ့မြင်နေ ရသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် ခေါင်းဆောင်မဟုတ် သောနောက်လိုက်သားများသည် ဖိနှိပ်ခံနေကြရတော့သည်။
ထို့ကြောင့် ပျံလွန်တော်မူသွားသော ရဟန္တာဂျွန်ပေါလ်က ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် အာရှတိုက်ရှိ ကက်သလစ်ဆရာတော်ကြီးများ၏ ညီလာခံသို့ပေးပို့သော သဝဏ်လွှာတွင် ““သာမန်ကက်သလစ်ဘာသာဝင်များဘက်၌ အခြေခံသဘောဖြင့် ငြိမ်သက်နေသည့် အခြေအနေမျိုးအတွက်လည်းကောင်း၊ ရဟန်းသံဃာတော်တို့ဘက်၌ သာမန်ကက်သလစ်ဘာသာဝင်တို့နှင့် တာဝန်မျှဝေထမ်းဆောင်ခြင်းကို မလိုလားသောအခြေအနေမျိုးအတွက် လည်းကောင်း ကျွန်ုပ်တို့က အဖြေရှာဆောင်ရွက်ရပေမည်”” ဟု မီးမောင်းထိုးပြရင်း ဆော်သြတော်မူခဲ့သည်။ ဘာသာရေးအသိုင်းအဝိုင်းထဲတွင် ကက်သလစ်သာသနာတော်၏ ပင်ကိုယ်သဘောတရားကို ကြည့်ရသော်၊ ကက်သလစ်သာသန တော်သည် ကက်သလစ်ဘာသာဝင်များအားလုံးနှင့်သက်ဆိုင်သော ဘာသာရေးအဖွဲ့အစည်း တစ်ခု ဖြစ်ပေသည်။ သို့သော် ကက်သလစ်ဘာသာဝင်များအားလုံးနှင့်သက်ဆိုင်သော ကျွန်ုပ်တို့၏ကက်သလစ်သာသနာတော်ထဲတွင် အုပ်ချုပ်သူများနှင့် အုပ်ချုပ်ခံ ရသူများအကြားတွင် တရားဥပဒေစိုးမိုးမှု အားနည်းနေသည်ကို တွေ့ရှိရသည်။ ကက်သလစ်သာသနာတော်သည် ကက်သလစ်ဘာသာဝင်များ အတွက် ကာနွန် ဥပဒေကို ပြဌာန်းထားသော်လည်း ၎င်းဥပဒေကို ဆရာတော်နှင့်ရဟန်းသူတော်စင်များသာ သိရှိရပြီး ဥပဒေ၏ ချည်နှောင်ခြင်းကို ခံရသော သာမန်ကက်သလစ် ဘာသာဝင်များကမူ တလုံးတလေမျှ မသိရှိကြပေ။ သိလိုသော ဘာသာဝင်များက ၎င်းကာနွန်ဥပဒေ စာအုပ်ကို ဝယ်လိုသော်လည်း မြန်မာဘာသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ထုတ်ဝေရောင်းချသော စာအုပ်လည်း မန်မာပြည်တွင် မတွေ့ရှိသေးပေ။ ထိုသို့ဆိုသော် မည်သူက ကာနွန်ဥပဒေကို လိုက်နာသည်၊ မလိုက်နာသည်ကို စောင့်ထိန်းဆုံးဖြတ်ပေးမည့် အဖွဲ့အစည်း (ဝါ) တရားရေးအဖွဲ့သည် ကက်သလစ်သာသနာတော်တွင် လိုအပ်နေသည် ကို တွေ့ရှိရသည်။ နောက်ဆုံးတွင်မူ၊ ““မင်းတို့ ဆရာတော်တွေ ဘုန်းကြီးတွေ ပြောတာပဲ နားထောင်၊ နားမထောင်ရင် အသင်းတော်ကနေ အထုတ်ခံရမယ်”” ဟူသောတစ်မိန့်တစ်သံအာဏာရှင်စနစ်ကို ရောက်ရှိလာတော့သည်။
ထို့ကဲ့သို့သောအခြေအနေမျိုးကြောင့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အနေဖြင့်၊ မြန်မာနိုင်ငံအတွင်းတွင် ဆရာတော်၊ ရဟန်းသံဃာသူတော်စင် များနှင့် သာမန်ကက်သလစ်ဘာသာဝင်များအကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်လာလျှင် မျှတသော စီရင်ဆုံးဖြတ်ချက်ကို ခံယူနိုင်ရန်နှင့်ချမှတ်နိုင်ရန်အလို့ဌာ လွတ်လပ်သော တရားစီရင်ရေးစနစ်ကို ကက်သလစ်သာသနာတော်၏ ကာနွန်ဥပဒေဘောင်ထဲတွင် ထူထောင်ပေးရန် လိုအပ်နေပြီ ဖြစ်ပေသည်။ ထိုကြောင့်၊ ဥပဒေပညာရှင်သာမန်ကက်သလစ်ဘာသာဝင်များ ပါဝင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သာသနာတော် တရားစီရင်ရေးကော်မရှင်တစ်ခုကို ဖွဲ့စည်း ထူထောင်ပေး ပါရန် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်အား တိုက်တွန်းအပ်ပါသည်ဘုရား။

                                                                                                                                                                  အယ်ဒီတာချုပ်

1604  Views
Previous: မန္တလေးဆရာတော်နီကော်လပ်စ်မန်းထန်အား တာဝန်လွှဲခြင်း ကျင်းပမည်
Next: ခရစ်ယာန်ဘာသာရေးနှင့်နိုင်ငံရေးသတင်းများကို သတင်းတစ်ပုဒ်လျှင် အနည်းဆုံး ကျပ် (၃၀၀၀) နှုန်းဖြင့် ဂလိုရီးယားသတင်းဂျာနယ်မှ ဝယ်ယူလို