ရဟန်းမင်းကြီးဖရန်စစ်နှင့်အငြိမ်းစားရဟန်းမင်းကြီး ဘေနေဒစ် (၁၆) အရှင်သူမြတ်တို့က ပျံလွန်တော်မူသွားကြသော ရဟန်းမင်းကြီး ဂျွန်နှင့်ဂျွန်ပေါလ်တို့အား ရဟန္တာများအဖြစ် တင်မြှောက်ပြီ

St_Large

       ရဟန်းမင်းကြီး ဂျွန်နှင့်ဂျွန်ပေါလ် တို့အား ရဟန္တာများအဖြစ် ၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၇) နေ့က တင်မြှောက်လိုက်ပြီဖြစ်သည်။ ၎င်းအခမ်းအနားတွင် ရဟန်းမင်းကြီးဖရန်စစ်က ရဟန္တာနှစ်ပါးတို့အား ” ရဲရင့်ပြီးသနားတတ်သောပုဂိုလ်တော်များ” အဖြစ် ချီးမြှောက်ဂုဏ်ပြုတော်မူ လိုက်သည်။ ရဟန်းမင်း ကြီးဖရန်စစ်က ” သူတို့နှစ်ပါးသည် ၂၀ ရာစု၏ ကက်သလစ်ရဟန်း၊ ကက်သလစ်ဆရာတော်ကြီးများနှင့် ကက်သလစ် ရဟန်းမင်းကြီးများဖြစ်တော် မူခဲ့ကြပါတယ်။ ၎င်းရာစုရဲ့ ခါးသီးသောစိန်ခေါ်မှုများကို ဖြတ်သန်းကျော်ဖြတ်ခဲ့ကြကြောင်း၊ သို့သော်၎င်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ကြကြောင်း၊ သူတို့အတွက်ကမူ၊ ဘုရားသခင်သည် ပိုပြီးဩဇာတန်ခိုးကြီးမားကြောင်း၊ သူတို့နှစ်ပါးသည် သန့်ရှင်းသောဝိညာဉ်တော်ဘုရားနှင့်ပူးပေါင်းပြီး ကက်သလစ် သာသနာတော်ကြီး၏ မူရင်းပကတိကို အခြေခံလျက် ပြန်လည်ဆန်းသစ်စေခြင်းနှင့် ခေတ်နှင့်ညီသောသာသနာတော်ကြီးအဖြစ်သို့ ဦးဆောင်တော်မူ ခဲ့ကြကြောင်း” ဖြင့် မိမိတရားတော်ထဲတွင် ထည့်သွင်းမိန့်ကြားတော်မူလိုက်သည်။

ရဟန္တာ ဂျွန်သည် ကက်သလစ်သာသနာတော်၏ သမိုင်းအစည်း အဝေးဖြစ်သော ဒုတိယဗာတီကန်ကောင်စီကို ဦးဆောင်ကျင်းပခဲ့သူ ဖြစ်ရာ ပုပ်ဖရန်စစ်က ရဟန္တာဂျွန်အား ” ရဟန္တာ ဂျွန်သည် မိမိကိုယ်ကို ဝိညာဉ်တော်ဘုရားထံတော်၌ တံခါးဖွင့်အပ်နှံထားသူ၊ အသင်းတော်အတွက် သိုးထိန်းနှင့် အစေခံခေါင်းဆောင်}} ဖြစ်သည်ဟု မှတ်ချက်ပြုတော်မူသည်။ ရဟန္တာ ဂျွန်ပေါလ်နှင့်စပ်လျဉ်းပြီး ရဟန်းမင်းကြီးဖရန်စစ်က ” ရဟန္တာ ဂျွန်ပေါလ်သည် မိသားစု၏ရဟန်းမင်းကြီး” အဖြစ် တင်စားရင်း ရဟန္တာ ဂျွန်ပေါလ်သည် လာမည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ဗာတီကန်နန်းတော်၌ ကျင်းပပြုလုပ်မည့် မိသားစုနှင့်ပတ်သက်သည့် တကမာလုံးဆိုင်ကက်သလစ်ဆရာတော်ကြီး များ၏ဓမညီလာခံ Synods of Bishops on the family နှစ်ခုအတွက် ကြိုတင်လမ်းပြမှုများ ပြုလုပ်တော်မူခဲ့ကြောင်း” ဆက်လက်မိန့်ကြားတော်မူသည်။

       ရဟန္တာဂျွန်ပေါလ်သည် နှစ်စဉ်မတ်လ၏နောက်ဆုံးတနင်္ဂနွေနေ့ကို ဂရုဏာရှင်ယေဇူး၏ပွဲနေ့အဖြစ် ကက်သလစ် သာသနာတော်၏ ပြက္ခဒိန် ထဲတွင် ၂၀⁠၀၀ ခုနှစ်မှစတင်ပြီး ထည့်သွင်းကျင်းပလာခဲ့ရာ ယနေ့တိုင်ပင် ဖြစ်ပေသည်။ ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် မိမိ သတ်မှတ်ထားသော ၎င်းဂရုဏာရှင်ယေဇူး၏ပွဲနေ့တွင်ပင် ပျံလွန်တော်မူသွားသော ပုပ်ဂျွန်ပေါလ် (၂) အား ရဟန္တာအဖြစ်ရွေးချယ်တင်မြှောက် တော်မူခဲ့သည်။  ရဟန္တာ ဂျွန်ပေါလ်သည် ၂၀⁠၀၅ ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်မူ သူ့အား သူတော်မြတ်အဖြစ် စတင်သတ်မှတ်ကြေညာ ခံရသည်။ ထို့နောက် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်မူ သူ့အား ရဟန္တာအဖြစ် တင်မြှောက်ခြင်းကို ခံရသည်။

ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် ရဟန္တာ ဂျွန်နှင့် ရဟန္တာ ဂျွန်ပေါလ်တို့ကို သဒ္ဒါကြည်ညိုကြသော ကက်သလစ်ခရစ်ယာန် ဘာသာ ဝင်တို့က ဝတ်ပြုရာ ပလင်တော်သို့ သယ်ဆောင်လာကြသော ငွေထည်ဖြင့်ပြုလုပ်ထားသော ရောင်ခြည်တော်ထဲတွင် ထည့်သွင်းထားကြသော ရဟန္တာများ အဖြစ်တင်မြှောက်ခြင်းခံကြရသော ရဟန္တာဂျွန်နှင့် ရဟန္တာဂျွန်ပေါလ်တို့၏ ဓါတ်တော်များကို မစ္ဆားပူဇော်ရာစားပွဲပေါ်သို့ မတင်ခင်တွင် ဦးစွာ နမ်းရှုပ် တော်မူသည်။ ရဟန္တာ ဂျွန်၏ဓါတ် တော်သည် သူ၏အလောင်းကို စိန်ပီတာဘုရား ကျောင်းအောက်ရှိ သချိုင်းဂူသို့ မထည့်မီ ရယူထားသော အရေပြား အပိုင်းအစ ဖြင့်ပြုလုပ်ထားသော ဓါတ်တော်ဖြစ်တော်မူပြီး ရဟန္တာဂျွန်ပေါလ်၏ဓါတ်တော်သည် မသေဆုံးခင်က ဓါတ်ခွဲခန်းထဲတွင် စစ်ထားသော သွေးဖြင့် ပြုလုပ်ထားသော ဓါတ်တော်များ ဖြစ်ကြသည်။ ကော်စတာရီကာနိုင်ငံမှ ဖလော်ရီဘဲတ် မော်ရာဒိုင်းစ် ဆိုသူက ရဟန္တာ ဂျွန်ပေါလ်၏ ဓါတ်တော် ကို ယဇ်ပလင်တော်သို့ ပင့်ဆောင်လာသည်။ သူမသည် ဦးနှောက်ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရသူဖြစ်ခဲ့သည်။ သူမ၏ဆရာဝန်က (၂၀၁၁) ခုနှစ်တုန်းက သူမသေဆုံး မည့်ရက်ကိုသာ စောင့်မျှော်စေခဲ့သည်။ သို့သော် သူမသည် ပျံလွန်တော်မူသော ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ကို အားကိုးလျက် သူမ၏ ဦးနှောက်ကင်ဆာရောဂါကို ပျောက်ကင်းစေရန်အလို့ဌာ၊ မိမိအတွက် ဘုရားသခင်ထံကြားဝင် ဆုတောင်းပေးရန် ပျံလွန်တော်မူ သော ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ထံ မိမိအိပ်ခန်းလေးထဲတွင် ယုံကြည်ခြင်းအပြည့်ဖြင့် ဆုတောင်းနေခဲ့သည်။

ထိုသို့ဆုတောင်းနေစဉ် ” မတ်တပ်ရပ်။ မကြောက်ပါနဲ့ ” ဟူသော ပျံလွန်တော်မူသော ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ၏ အသံကို အံ့ဩစွာဖြင့် ကြားလိုက်ရသည်။ ထိုသို့ကြား⁠ကြားချင်း၊ လက်တွင်ကိုင်ထားသော ဂျွန်ပေါလ် (၂) ဓါတ်ပုံပါသည့် မဂ္ဂဇင်းကို သေချာပြန်ကြည့်သည်။ ထိုသို့ဖြင့် သူမ၏ ရောဂါသည် ပျောက်ကင်းသွားသည်။ ဖလော်ရီဘဲတ် မော်ရာဒိုင်းစ်က မိမိ၏ ဆရာဝန်များကလည်း ယခုကဲ့သို့သော ဦးနှောက်ကင်ဆင်ရောဂါ ပျောက်ကင်းသွားမှုကို နားမလည် ဖြစ်နေခဲ့ကြသည်ဟု ဆိုသည်။ ပျံလွန်တော်မူသွားသော ရဟန်းမင်းကြီး ဂျွန် (၂၃) သည် အံ့ဖွယ်ရာတန်ခိုးပြသမှု မရှိ သော်လည်း ရဟန်းမင်းကြီးဖရန်စစ်သည် မိမိ၏လုပ်ပိုင်ခွင့်မူဘောင်အတွင်း၌ ရဟန်းမင်းကြီး ဂျွန် (၂၃) ကို ရဟန္တာအဖြစ် တင်မြှောက်ရန် ဆုံးဖြတ်ခဲ့ပြီး ယခုကဲ့သို့ ရဟန်းမင်းကြီး ဂျွန် (၂၃)သည် ရဟန္တာအဖြစ်သို့ ရောက်ရှိလာတော်မူခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းအခမ်းအနားသို့ ရဟန်းမင်းကြီး (၂) ပါး၊ ကာဒီနယ်ရဟန်းအမတ် (၁၅၀)၊ ဆရာတော် အပါး (၇၀၀)၊ နိုင်ငံခေါင်းဆောင်ပေါင်း ၃၀ ဦးအပါအဝင် နိုင်ငံပေါင်း ၉၀ ကျော်မှ အစိုးရကိုယ်စားလှယ် များ နှင့် ဘုရားဖူးပါဝင်သူပေါင်း ရှစ်သိန်းကျော် တက်ရောက်ခဲ့ကြသည်။

1735  Views
Previous: ခရစ်ယာန်ဘာသာရေးနှင့်နိုင်ငံရေးသတင်းများကို သတင်းတစ်ပုဒ်လျှင် အနည်းဆုံး ကျပ် (၃၀၀၀) နှုန်းဖြင့် ဂလိုရီးယားသတင်းဂျာနယ်မှ ဝယ်ယူလို
Next: မြန်မာအစိုးရ၏ ကုမ္ပဏီစာရင်းများတွင် ပြည်တွင်းကုမ္ပဏီပေါင်း (၇၀၅၉) ကျော်သည် နာမည်ထပ်နေကြောင်း တွေ့ရှိရ