MOB ဘဏ်က CDM ဝန်ထမ်း ၂၀၀ ကျော်ကို အလုပ်က ထုတ်ပယ်

မြန်မာ့အရှေ့တိုင်းဘဏ်(MOB)က အကြမ်းမဖက် ပြည်သူ့ အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုမှာ ပါဝင်သည့် ဘဏ်ဝန်ထမ်း ၂၀၀ ကျော်အား အလုပ်မှ ရပ်ဆိုင်းကြောင်း ဧပြီ ၂၆ ရက်စွဲဖြင့် အကြောင်းကြား ကြေညာခဲ့ကြောင်း မြန်မာနိုင်ငံ ဘဏ်အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(BTUFM) ထံမှ သိရသည်။

BTUFM တာဝန်ရှိသူတဦးက “ MOB က လုံးဝ ကြိုတင် အကြောင်းကြားမှု မရှိဘဲ လုပ်လိုက်တာပါ။ မက်ဆေ့ပို့တာ၊ သတိပေးတာလည်းမရှိဘူး၊ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်” ဟုပြောသည်။

CDM ဝန်ထမ်းများအား အလုပ်မှရပ်ဆိုင်း MOB ဘဏ်၏ အကြောင်းကြားစာများတွင် “ဘဏ်မှ သတ်မှတ်ထားသော ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအား လိုက်နာရန်ပျက်ကွက်ခြင်းတို့ကြောင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများအပိုဒ် (၁၀-၃-၄)၊ အပိုဒ်ခွဲ(ထ) အရ ၁.၄.၂၀၂၁ ရက်နေ့ မနက်ပိုင်းမှစ၍ အလုပ်မှရပ် ဆိုင်းလိုက်သည်” ဟု ဖော်ပြထားသည်။

CDM ဝန်ထမ်းများအား အလုပ်မှ ထုတ်ပယ်ကြောင်း ကြေညာခြင်းဖြင့် MOB ဘဏ်သည် တရားမဝင် အာဏာသိမ်း စစ်ကောင်စီအား ပေါ်ပေါ်တင်တင်ထောက်ခံလိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီအလိုကျ ဘဏ်လုပ်ငန်းများလည် ပတ်နိုင်ရေးအတွက် ဘဏ်ဝန်ထမ်းများအပေါ် ဖိနှိပ်သည့်လုပ်ရပ်များအား ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းလည်း BTUFM က ထုတ်ပြန်ထားသည်။

လတ်တလောတွင် CDM လုပ်နေသည့် ဘဏ်ဝန်ထမ်းများနှင့် ပတ်သက်ပြီး အလုပ်မှထုတ်ပယ် အရေးယူမှုမှာ MOB ဘဏ်တခုတည်းသာ ရှိသေးပြီး အခြားသောဘဏ်များမှာ သတိပေးစာများ ထုတ်ပြန်ထားကြောင်း သိရသည်။

အလားတူ ကမ္ဘောဇဘဏ် အနေဖြင့် CDM ဝန်ထမ်းများအား အလုပ်ပြန်ဆင်းရန်အတွက် နောက်ဆုံး သတ်မှတ်ရက်မှာ ပြည့်ခဲ့ပြီဖြစ်သည့်အတွက် CDM ဆက်လုပ်မည့်ဝန်ထမ်းများအား မည်သို့ အရေးယူမည်ကို ရက်ပိုင်းအတွင်း ထုတ်ပြန်လာနိုင်ကြောင်းလည်း သိရသည်။

ဧရာဝတီဘဏ်သည်လည်း အလုပ်ပြန်ဆင်းရန် အကြောင်းကြားရမည့် နောက်ဆုံးသတ်မှတ်ရက် ပြည်ခဲ့ပြီဖြစ်သော်လည်း ဖြေလျော့ထားသည့် အနေဖြင့် နောက်ထပ် ၇ ရက်အား ဝန်ထမ်းများအပေါ် အချိန်ထပ်ပေးထားကြောင်းလည်း ဘဏ်ဝန်ထမ်းအချို့ထံက သိရသည်။

By ဧရာဝတီ 29 April 2021

630  Views
Previous: Cardinal Pell: ‘The duty of the German bishops is to uphold the teachings of Scripture’
Next: Myanmar Catholics urged to take part in a Marian devotion for peace in Myanmar