NUG ငွေတိုက်စာချုပ်ဝယ်ယူသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကနေ ရောင်းချနေတဲ့ ငွေတိုက်စာချုပ်တွေကို ဝယ်ယူတဲ့ မြန်မာနိုင်ငံသားတွေဟာ အရေးယူခံရနိုင်ပြီး၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

အစိုးရက တရားမဝင်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အောက်က စွဲချက်တွေနဲ့ စွဲဆိုပြီး၊ ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်ကြောင်း၊ ဒီအထဲမှာ ငွေတိုက်စာချုပ်တွေကို ဝယ်ယူတာလဲ ပါဝင်တဲ့အကြောင်း စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၂၅ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရောင်းချတဲ့ ဒေါ်လာ ၁၀၀တန်၊ ၅၀၀ တန်၊ ၁၀၀၀ တန် နဲ့ ငါးထောင်တန် အတိုးမဲ့ ငွေတိုက်စာချုပ်တွေဟာ နှစ်နှစ်သက်တမ်းရှိပြီး ရောင်းရငွေတွေကို စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ လုပ်ငန်းတွေအတွက် အသုံးပြုသွားမယ်လို့ ကြေညာထားပါတယ်။

NUG ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ရက်က ငွေတိုက်စာချုပ်တွေ စတင်ရောင်းချပြီး ၂၄ နာရီအတွင်း ဒေါ်လာ ၉သန်းခွဲ အထိ ရန်ပုံငွေ ရရှိခဲ့ကြောင်း နဲ့ ဝယ်ယူသူ အများစုဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

341  Views
Previous: လွိုင်ကော်ခရစ္စတူးဘုရင် ကက်သလစ်ပရဟိတဆေးခန်းက ဆရာဝန်နဲ့ သူနာပြု ၁၈ ဦးတို့ ပြန်လွတ်လာ
Next: ဆယ်လအတွင်း လက်နက်ပေါင်း ၆၀၀၀ ကျော် သိမ်းဆည်းရမိကြောင်း စစ်ကောင်စီပြော