ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာက စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းက လက်ထောက် ဘုန်းတော်ကြီး နေဇော်နိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အခုအချိန်အထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဘုရားကျောင်းကို စစ်ကောင်စီတပ်က ဧပြီလ ၁၀ ရက် မနက် တစ်နာရီဝန်းကျင်က ရောက်လာပြီး လက်ထောက် ဖာသာ နေဇော်နိုင်အပါအဝင် ၁၂ ယောက်ကို ဖမ်းဆီးခဲ့တယ် လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ စစ်သားတချို့၊ ရဲ၊ အုပ်ချုပ်ရေးမှူး ပါတယ်။ ဘုရားကျောင်းကို ဧည့်စာရင်းအကြောင်းပြ ဖွင့်ခိုင်းပြီး ခေါ်သွားတယ်လို့ သိရတယ်။ အားလုံးပေါင်း ၁၂ ယောက်ပါ။ လက်ထောက် ကျောင်းထိုင်ကိုတော့ ဆက်လက်ဖမ်းဆီးထားပါတယ်”
အဖမ်းခံထားရသူ ၁၂ ယောက်ထဲမှာ ဖာသာ နေဇော်နိုင်ကလွဲလို့ ကျန်တဲ့သူတွေကို စစ်ကောင်စီတပ်က နောက်နေ့ ဧပြီလ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဖာသာ နေဇော်နိုင်ရဲ့ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ တွေ့ရတဲ့ အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဆက်လက်ဖမ်းထားတာလို့ ပြောနေကြပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
RFA က လက်လမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၂ ဧပြီလ ၈ ရက်နေ့အထိ တစ်နှစ်ကျော် ကာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယား (ကရင်နီ) ပြည်နယ်တို့က ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ မွတ်စလင် ဘာသာရေးအဆောက်အအုံပေါင်း ၉၇ ခု ဖျက်ဆီးခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ဘာသာရေး လွတ်လပ်ခွင့်တွေ ပိုပြီး ဆိုးရွားသွားတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် USCIRF က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။