ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ကိုမင်းကိုနိုင်၊ ဒေါက်တာ ဆာဆာ အပါအဝင် ၁၁ ဦးကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း အာဏာသိမ်းစစ်ကောင်စီက မတ်လ (၄) ရက်နေ့က ကြေညာပါတယ်။
စစ်ကောင်စီရဲ့ မြန်မာနိုင်ငံသားအဖြစ် ရပ်စဲခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာ က စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်တွေဟာ တရားမဝင်ဘူးလို့ တုံ့ပြန်ပါတယ်။
“ မြန်မာနိုင်ငံကို ဖျက်ဆီးနေတာ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တွေပဲဖြစ်တယ်ဆိုတာ ပြည်သူလူထုလည်းသိတယ်၊ တစ်ကမ္ဘာလုံးကလည်း သိတယ်၊ သူတို့ထုတ်ပြန်သမျှကို ကျွန်တော်တို့က ဂရုမစိုက်ပါဘူး။ သိလည်းမသိဘူး၊ စိတ်လည်းမဝင်စားဘူး၊ တရားဝင်ခြင်းလည်း မရှိဘူး။ မြန်မာနိုင်ငံသားဖြစ်တယ်မဖြစ်ဘူးဆိုတာ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ကျွန်တော် မြန်မာ နိုင်ငံသားဖြစ်တယ်ဆိုတာ မွေးရာပါဖြစ်တယ်၊ သူတို့ ပြန်ယူခွင့်မရှိသလို ပေးခွင့်လည်း မရှိဘူး။ ကျွန်တော် ချင်းပြည်သူဖြစ်တယ်ဆိုတာ မင်းအောင်လှိုင်က ဆုံးဖြတ်ရမှာမဟုတ်ဘူး၊ ဆုံးဖြတ်ပိုင်ခွင့်လည်း သူ့မှာမရှိဘူး။”
မြန်မာနိုင်ငံသားအဖြစ် ရပ်စဲခံရသူတွေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးလွင်ကိုလတ်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒါက်တာ ဆာဆာ၊ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ နိုင်ငံရေးလှုပ်ရှားသူတွေဖြစ်တဲ့ အိပန်ဆယ်လိုနဲ့ ဦးမျိုးရန်နောင်သိမ်း တို့ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့တည်ဆဲဥပဒေတွေကို ကျူးလွန်ပြီး ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာသွားကြသူတွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအကျိုးကို ထိခိုက်စေနိုင်တာတွေ လုပ်ဆောင်တာကို ဖော်ထုတ်တွေ့ရှိရတာကြောင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အရ နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုမင်းကိုနိုင်၊ ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်အပါအဝင် အာဏာသိမ်းမှုကို ဦးဆောင်ဆန့်ကျင်သူတွေ၊ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှု ဦးဆောင်လှုံ့ဆော်သူတွေကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။
အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ အကျဉ်းကျခံနေရသူ ၁၃၁၆ ဦးကို လွှတ်ပေးဖို့နဲ့ အမှု ရင်ဆိုင်နေရသူ ၄၃၂၀ ကိုလည်း အမှုတွေပိတ်သိမ်းပေးပြီး အမှုကလွှတ်ပေးဖို့ စစ်ကောင်စီက ဒီကနေ့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် စုစုပေါင်း ၅၆၃၆ ဦး ဒီနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ လွတ်ငြိမ်း သက်သာခွင့်နဲ့ လွတ်မြောက်လာတာပါ။
အဲဒီလိုလွှတ်ပေးလိုက်တဲ့အထဲမှာ နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့တော့ မပါဝင်ပါဘူး။
နိုင်ငံတည်ဆောက်ရေးမှာ တတပ်တအားပါဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်ပေးတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“အကျဉ်းသူအကျဉ်းသားတွေကတော့ အဲဒီအထဲမှာ ကန့်သတ်ချက်တွေအတိုင်း လွှတ်ပေးတာပေါ့နော်။ ကျနော်တို့ထုတ်ပြန်တဲ့ထဲမှာ ပါပြီးသားပါ။ အဓိကကတော့ သူတို့ပါခဲ့တယ် လုပ်ခဲ့ကြတယ်။ သို့သော် အခု အချိန်မှာတော့ ကျနော်တို့ နိုင်ငံတော်တည်ဆောက်ရေးမှာ သူတို့အနေနဲ့ပါဝင်ဖို့ ကိုယ့်နိုင်ငံသူနိုင်ငံသား တွေ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေသည် နိုင်ငံတော်တည်ဆောက်ရေးမှာ တတပ်တအားပါဝင်နိုင်ဖို့ ကျနော်တို့ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်”
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး လွတ်၊ မလွတ်ကတော့ အရေးယူထားတဲ့အမှုအပေါ်မှာပဲ မူတည်တယ်လို့ သူကပြောပါတယ်။
အခုလွှတ်ပေးတဲ့သူတွေထဲမှာ နာမည်ကျော်ကြားသူတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ သတင်းသမားတွေ ပါဝင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ် NLD ပြန်ကြားရေး မုံရွာအောင်ရှင်၊ Kachin Wave သတင်းဌာနက ဦးလရော်၊ 74 မီဒီယာက ဦးလရော်၊ မဆိုင်းနူးပန်၊ Mizzima သတင်းဌာနက ဒေါ်သင်းသင်းအောင်၊ ကိုဂျိမ်းစ်၊ ခေတ်ပုံရိပ် မီဒီယာက ကိုအောင်ခန့်နဲ့ သတင်းထောက် ဦးကျော်မြင့် တို့လည်း ပါဝင်ပါတယ်။
အခုလိုလွှတ်ပေးရတာက နိုင်ငံတကာနဲ့ အဆီယံကိစ္စတွေမှာ မျက်နှာပန်းလှအောင် လွှတ်ပေးတဲ့သဘောပဲလို့ မန္တလေးသပိတ်အင်အားစု ဦးဆောင်သူ ကိုသူရအောင် က ပြောပါတယ်။
“ကျေးဇူးတင်စရာအကြောင်းလည်းမရှိပါဘူး၊ သူတို့ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ၊ နိုင်ငံတကာမှာလည်း အာဆီယံကိစ္စကြောင့် မျက်နှာပန်းလှအောင်လို့ ပါးစပ်ကသာလွှတ်ပေးနေတာ။ ၁၀၀ မှာ ၁၀ ရာခိုင်နှုန်း လောက်သာ လွှတ်ပေးပြီး ၉၀ ရာခိုင်နှုန်း ပြန်ဖမ်းနေတာ။ ဒီအပေါ်မှာ အယုံအကြည်လည်းမရှိဘူး၊ ခေါင်ဆောင်ပိုင်းတွေလည်း လွှတ်မပေးဘူး၊ အကြမ်းဖက်ဖြိုခွင်းမှုတွေ ပါသွားတဲ့ အနည်းအကျဉ်းသာ လွှတ်ပေးတယ်။ တကယ်မြေပြင်မှာ ရောက်လာပြီဆိုရင် ကားတွေနဲ့တိုက်ဖမ်း၊ သေနတ်နဲ့ပစ်ဖမ်းပြီး ရက်ရက်စက်စက်ဖမ်းနေတာပါပဲ၊ နာမည်ရအောင်လို့ နာမည်ကောင်းရချင်လို့ အသုံးချလိုက်ပေမဲ့ နာမည်တော့ ရမှာမဟုတ်ဘူး”
အကျဉ်းသားတွေ ပြန်လွှတ်ပေးရတာက ပြည်တွင်းပြည်ပဖိအားတွေကြောင့်မဟုတ်ဘဲ ဒီကိစ္စတွေမတိုင်ခင် ကလည်း စိစစ်ပြီးလွှတ်ပေးနေတာတွေရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းချက်ထုတ်ပါတယ်။
“ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ၊ နိုင်ငံတကာမှာလည်း အာဆီယံကိစ္စကြောင့် မျက်နှာပန်းလှအောင်”
စစ်ကောင်စီအနေနဲ့ စိတ်ရင်းစေတနာမှန်ရှိတယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် အာဏာသိမ်းခြင်းနဲ့ ဆက်စပ်နေသူအကုန်လုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
“ဒီနေ့ နိုင်ငံတကာနဲ့ အာဆီယံက တောင်းဆိုထားတာက ဒါတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆို ထားတာပေါ့နော်။ တကယ်ရိုးသားဖြောင့်မှတ်တဲ့ စေတနာအတိုင်းဆိုရင် တောင်းဆိုတဲ့အတိုင်းပဲ အခု နိုင်ငံရေးနဲ့ ပတ်သက်လို့၊ အာဏာသိမ်းခြင်းနဲ့ ဆက်စပ်ပတ်သက်တဲ့ လူအကုန်လုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုတာပေါ့။ အဲဒီလိုလွှတ်ပေးတဲ့အခါကျတော့မှလည်းပဲ နိုင်ငံရဲ့ State Holder တွေဟာ နိုင်ငံရေးမှာ အကုန်လုံး လွတ်လွတ်လပ်လပ် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုးမှပဲ အကျိုးရှိမှာပေါ့။ အခုဆို ကိုယ်ကိုတိုင်ရဲ့ အုပ်ချုပ်မှုနဲ့ ကိုယ်ကိုတိုင်ရဲ့ စနစ်ကို သက်တမ်းရှည်ဖို့ရာဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်တာမျိုးလောက်ကတော့ ဒီကနေ့ သမိုင်းမှာဖြေရှင်းရမယ့် နိုင်ငံရေးပြဿနာကို အပြီးအပြတ်ဖြေရှင်းတယ်လို့ မဆိုလိုနိုင်ဘူးလို့ ပြောရမှာပဲလေ”
အကျဉ်းသားတွေကို လွှတ်ပေးတဲ့နေရာမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွှတ်ပေးတာ ဖြစ်တဲ့အတွက် နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင် အဲဒီကျူးလွန်တဲ့ပြစ်ဒဏ်အပြင် အခုကျန်ရှိနေတဲ့ပြစ်ဒဏ် ကိုပါ ဆက်လက်ကျခံရမှာဖြစ်ပါတယ်။
ဒါကြောင့် အခုလိုလွှတ်ပေးတာဟာ နှောင်ကြိုးမဲ့လွှတ်ပေးတာမဟုတ်ဘဲ စစ်ကောင်စီက အချိန်မရွေး ပြန်ဖမ်းနိုင်တဲ့ နိုင်ငံရေးဓါးစာခံတွေသာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည် က ပြောပါတယ်။
“ရာဇသတ်ကြီး ကျင့်ထုံးဥပေဒပုဒ်မ ၄၀၁၊ အပိုဒ်ခွဲ (၁) အရ လွှတ်တဲ့အတွက်ကြောင့်မိုလို့ ဒါသည် နိုင်ငံရေးစိတ်စေတနာနဲ့ နိုင်ငံရေးဆန္ဒအရ အာသီသပြင်းပြင်းပြပြနဲ့ လွှတ်တာမဟုတ်ဘူး။ ဒါက နိုင်ငံတစ်ကာ ဖိအားပါနေတယ်။ နိုင်ငံတစ်ကာဖိအားပါနေတဲ့အတွက် ဒီလွှတ်ပေးခံရတဲ့သူတွေက သူတို့ပြန်ပေးဆွဲထားတဲ့ နိုင်ငံရေးဓါးစာခံတွေ။ စစ်အာဏာရှင် စစ်အစိုးရခေတ်အဆက်ဆက်မှာ ဒီလိုလုပ်ထုံးလုပ်နည်းတွေပဲ သူတို့ကလုပ်ခဲ့တာလေ”
စစ်ကောင်စီကတော့ အခုလွှတ်ပေးလိုက်တဲ့သူတွေ အပါအဝင် အဖမ်းမခံရသေးဘဲ ပုဒ်မ ၅၀၅ (က) ထုတ်ထားတဲ့ အနုပညာရှင်နဲ့ နာမည်ကျော်ကြားသူ ၃၄ ဦးကိုလည်း ပုဒ်မ ၅၀၅ (က)ကို ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ကောက်ယူမှု မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ယနေ့အချိန်ထိ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်လို့ တရားရင်ဆိုင် နေရသူက စုစုပေါင်း ၇၄၀၀ ရှိပါတယ်။ ဒီနေ့မှာ တရားရင်ဆိုင်နေရသူ ၄၃၀၀ ကျော် လွှတ်ပေးမယ်လို့ ကြေညာတဲ့အတွက် လူ ၃၀၀၀ ကျော်လောက် ကျန်ရှိနေဦးမယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) ၏ ၇၄ ကြိမ်မြောက် ညီလာခံသို့ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သာမက အာဏာသိမ်း စစ်ကောင်စီပါ တက်ရောက်ခွင့်မရဘဲ ရွှေ့ဆိုင်းလိုက်ကြောင်း WHO က သတင်းမီဒီယာများသို့ ပြောထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ထွက်ပေါ်လာသည့် NUG အစိုးရနှင့် စစ်ကောင်စီတို့သည် မေလ ၂၄ ရက်မှ ဇွန် လ ၁ ရက်အထိ ပြုလုပ်နေသည့် WHO ၏ နှစ်ပတ်လည် ညီလာခံကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့် အတွက် အဆိုပြုလွှာကို အပြိုင်တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုပြုလွှာနှင့် ပတ်သက်ပြီး မည်သူ့ကို နိုင်ငံကိုယ်စားပြုအဖြစ် ခွင့်ပြုပေးရမည်ကို ဝေခွဲမရဖြစ်ပြီးနောက် WHO က လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တရားဝင်မူဆိုင်ရာဆုံးဖြတ်ရေးအဖွဲ့ကို ရွှေ့ ဆိုင်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက် တာခင်ခင်ကြီးက WHO ၏ မြန်မာနိုင်ငံကိုယ်စားလှယ်များကို ညီလာခံတက်ရောက်ခွင့်မပေးဘဲ ရွှေ့ဆိုင်းလိုက်သည်မှာ မှန်ကန်ကြောင်း ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
၎င်းက “WHO ညီလာခံက နှစ်စဉ် ကျင်းပတာပါ။ ကျင်းပတဲ့အခါမှာ မကျင်းပခင် ၂ ပတ်အလိုမှာပဲ register လုပ်ရတာ ရှိ တာပေါ့။ အဲဒီလို လုပ်တဲ့အခါမှာ ကျမတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဘက်ကလည်း လုပ်တယ်။ တဖက်က လည်း လုပ်တော့ ၂ ခု ဖြစ်နေတယ်။ အဲဒီလို ၂ ခု ဖြစ်နေတဲ့အတွက် နိုင်ငံရေး (Political) အရ ၂ ခု ဖြစ်နေတဲ့အတွက် ကြောင့် သူတို့ဘက်က ဆိုင်းငံ့လိုက်တာ။ ဒါကြောင့် မတက်ဖြစ်တဲ့ သဘောတော့ ရှိပါတယ်” ဟု ဆိုသည်။
ညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ မတက်ရောက်ဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO အကြား နည်း ပညာပိုင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အမြဲမပြတ် ထိတွေ့ဆက်ဆံမှုရှိသည်ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ညီလာခံ တက်ရောက်ခွင့် မရသည့် ကိစ္စနှင့်ပတ်သက်၍ NUG ၏ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဇော်ဝေစိုးနှင့် ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံတို့ကို ဧရာဝတီက အွန်လိုင်းမှတဆင့် ဆက်သွယ်ခဲ့ရာ တုံ့ပြန် ဖြေကြားခြင်း မရှိပေ။
NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတော့ WHO က NUG ကို အစိုးရတရပ်အဖြစ် တရားဝင် အသိအမှတ် မပြုသေးသော်လည်း စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ် မပြုသေးခြင်းမှာ အောင်မြင်မှုတခု ဟု ယူဆနိုင်စရာပင် ဖြစ်ကြောင်း VOA သတင်းဌာနသို့ ဖြေကြားထားသည်။
၎င်းက “အခုအချိန်မှာ De facto government လို့ခေါ်တဲ့ အာဏာသိမ်းထားတဲ့ အရာရယ် နောက်တခါ ပြည်သူလူထုက နေ ရွေးချယ်ထားတဲ့ CRPH ကနေ ထပ်ပြီးတော့ တာဝန်ပေးထားတဲ့ NUG ဆိုတာ ရှိတယ်။ ဘယ်ကိုယ်စားလှယ်ကို အစိုးရ ရဲ့ ကိုယ်စားလှယ်အဖြစ် အတည်ပြုမလဲဆိုတာကို အခုဆိုရင် စိန်ခေါ်မှု နေရာတိုင်းမှာ တွေ့ပါတယ်” ဟု ပြောဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်ကောင်စီသည် နေရာဒေသ အတော်တော်များများကို ထိန်းချုပ်ထားနိုင်ပြီး ဝန် ကြီးဌာနများကိုလည်း အထိုက်အလျောက် လည်ပတ်နိုင်သော အခြေအနေရှိသည့်တိုင် ပြည်သူများနှင့် အစိုးရဝန်ထမ်းများ ၏ ဆန့်ကျင်သပိတ်မှောက်မှုနှင့် ကြုံနေရသည်။
တနည်းအားဖြင့် ဌာနနှင့် နေရာဒေသ စိုးမိုးမှုရှိသော်လည်း အမိန့်နာခံလိုလားသည့် ဝန်ထမ်းအင်အားစု နည်းပါးခြင်းနှင့် လူထု ထောက် ခံမှုမရှိခြင်း ဖြစ်သည်။
တဖက်တွင်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်အရ လူထုကိုယ်စားပြု ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် NUG အနေဖြင့် လူထုနှင့် ဝန်ထမ်းအင်အားစု၏ လေးစားထောက်ခံမှု ရရှိနေသော်လည်း နယ်မြေပိုင်စိုးမှုနှင့် ဌာနလက်ကိုင် မရှိသည့် ပြဿနာ ကြုံတွေ့နေရသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် အစိုးရ ၂ ရပ် ရှိနေသည့် အနေအထားဖြစ်ရာ တဖွဲ့ကိုသာ ရပ်တည်ထောက်ခံလိုက်ပါက ကျန် အစိုးရတဖွဲ့နှင့် မျက်နှာပျက်ရမည့် အခြေအနေ ဖြစ်နေသောကြောင့် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကြား မည်သည့်အဖွဲ့ကို ထောက်ခံရမှန်းမသိ ဖြစ်နေခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကမူ လူထု ရွေးချယ်တင်မြှောက် ထားသည့် အစိုးရကိုသာ WHO ညီလာခံသို့ သွားတက်ခွင့်ရစေလိုကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “တရားဝင်မှု (Legitimacy) အရဆိုရင် လူထုရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကိုတော့ ကျမတို့အားလုံးက တက်ရောက်စေချင်တာပဲ။ အားလုံးက ဆန္ဒရှိသလို တိုက်တွန်းကြတာပဲ။ တချိန်တည်းမှာပဲ နိုင်ငံတကာရဲ့ အသိအမှတ် ပြု မှုတွေက ရပ်တည်ချက် ရှင်းရှင်းလင်းလင်း မရှိသေးသလို ဖြစ်နေတယ်” ဟု မှတ်ချက်ပြုသည်။
ထို့သို့ ရပ်တည်ချက် မရှင်းလင်းသေးသည့် အနေအထားတွင် မြန်မာနိုင်ငံကို မည်သူမှ ဝင်ကူ၍ မရနိုင်သေးဘဲ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုအန္တရာယ်သာမက တနေ့တခြား ပြင်းထန်လာနေသော စစ်ဘေးဒဏ်၏ ဘေးထွက်ဆိုးကျိုး အနေ ဖြင့် နောက်ဆက်တွဲ ဖြစ်လာနိုင်သော ကျန်းမာရေး ပြဿနာများလည်း ရှိနေကြောင်း ၎င်းက ထောက်ပြသည်။
အလားတူ ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (International Labor Conference – ILC) တွင်လည်း မြန်မာနိုင်ငံအစိုးရ ကိုယ်စားပြုမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကို အသိအမှတ် ပြုရမည်မှန်း မသိသော ကြောင့် မြန်မာနိုင်ငံ အနေဖြင့် အစည်းအဝေး တက်ရောက်ခွင့် ဆုံးရှုံးနေသည်။
ILC သည် အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရ သုံးပွင့်ဆိုင် တက်ရောက်ဆွေးနွေးရသည့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တကာ ဆွေးနွေးပွဲကြီး တခုဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခွင့်ရရေး စစ်ကောင်စီနှင့် NUG နှစ်ဖွဲ့လုံးက အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ် (ILO) ၏ ညီလာခံကျင်းပရေးကော်မတီထံ လျှောက်လွှာတင်ထားသော်လည်း ကော်မတီထံမှ ဆုံးဖြတ်ချက် မကျသေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ဧရာဝတီကို ပြောဆိုထားသည်။
Source: ဧရာဝတီ
ဒီကနေ့ မေလ ၂၇ ရက်နဲ့ မနေ့က ၂၆ ရက်နေ့တွေမှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့က ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး၊ စစ်ဘေးရှောင်တွေအတွက် အစားအစာနဲ့ ဆန်လာသယ်တဲ့ လူငယ်နှစ်ယောက်လည်း စစ်တပ်ရဲ့ ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ၊ မေလ ၂၆ ရက် မနေ့ည ၇ နာရီကျော်လောက်က အာဏာသိမ်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းဟာ လက်နက်ကြီးလက်နက်ငယ်တွေ ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီးမော့ဆိုမြို့ ဒေသခံက စိန့်ဂျိုးဇက်ကက်သလစ်ဘုရားကျောင်းကို မနေ့ညပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်သွားတာကြောင့် နံရံတွေရော၊ မှန်တွေပါ ပျက်စီးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“ ညပိုင်းပေါ့၊ ဒီးမော့ဆိုတစ်မြို့နယ်လုံးလည်း တပ်ကစွဲထားတော့ ပြည်သူတွေလည်း စစ်ဘေးရှောင် ရောက်နေကြတယ်၊ ဘုရားကျောင်းတော့ ပျက်စီးသွားတာပေါ့၊ လက်နက်ကြီး ထုခံရတာပေါ့၊ ခုနှစ်နာရီ ရှစ်နာရီလောက်၊ မနက်ကျတော့ စစ်ဘေးရှောင်ပြည်သူ နှစ်ဦးပေါ့။ ရွာထဲ ရိက္ခာဆင်းယူတော့ စစ်ကောင်စီနဲ့တွေ့တာပေါ့၊ အဲဒီမှာ ငုပလော့ရပ်ကွက်ဆိုတာ ရှိတယ်၊ အဲဒီရပ်ကွက်ထဲမှာ မိပြီးတော့ ဖမ်းဆီးပြီးတော့ ပစ်သတ်ပစ်လိုက်တာ၊ နှစ်ဦး ပွဲချင်းပြီးသွားတယ်။”
ကယားပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ကလည်း စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းဟာ လက်နက်ကြီးနဲ့ အပစ်ခံရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ကက်သလစ်ဂိုဏ်းချုပ် ဥက္ကဋ္ဌ ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက အများပြည်သူ ဝတ်ပြုကိုးကွယ်တဲ့ ဘုရားကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မလုပ်ဖို့ မေလ ၂၅ ရက် နေ့က မေတ္တာရပ်ခံထားတဲ့ကြားက စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းဟာ ထပ်မံအပစ်ခံခဲ့ရတာပါ။
စစ်ဘေးရှောင်တွေအတွက် ဆန်လာယူတဲ့ လူငယ် ယောက်ျားလေး နှစ်ယောက်ကိုလည်း မေလ ၂၇ ရက် ဒီနေ့ မနက်အစောပိုင်း မြို့ထဲက ငုပလော့ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေက ပစ်သတ်လိုက်တယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ယောက်က ပြောပါတယ်။
“ မှန်တယ်၊ သူက ဆန်လာယူတာ ရွာကို၊ တောထဲမှာ ဆန်ပြတ်နေတာ၊ စစ်ဘေးရှောင်ပဲ PDF လည်း မဟုတ်ဘူး ကလေးတွေက၊ အဲဒါကို ပစ်ချပလိုက်တာ၊ နှစ်ယောက်လုံး သေတယ်၊ ပေါ်တင်လာတော့ ပစ်လိုက်တာပေါ့ဗျာ၊ ကလေးတွေက ဘာမှလည်းမဟုတ်ဘူးဗျာ PDF လည်းမဟုတ် ဘာမှမဟုတ်ဘဲနဲ့ အဲလိုပစ်လိုက်တာ၊ စိန့်ဂျိုးဇက်ကျောင်းကို လုပ်တယ်၊ မှန်တွေဘာတွေ အကုန်လုံးကွဲကုန်တယ်၊ သူတို့အဲဒီလိုလုပ်နေတာနဲ့ အဆင်မပြေဘူး၊ ဘုရားကျောင်းကို ပစ်တယ်ဆိုတာ လုံး၀အဆင်မပြေဘူး၊ နောက်တစ်ခုက ဆန်လာယူတဲ့ ကလေးနှစ်ယောက်ကို ပစ်လို့ နှစ်ယောက်လုံးသေတာ ဒါတွေက လုံး၀မဖြစ်သင့်ဘူး။”
ဒါ့အပြင် ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့ထဲမှာ စစ်ကောင်စီတပ်တွေ လမ်းကြောင်းနှစ်ခုနဲ့ ချီတက် သွားနေချိန် ဒီးမော့ဆိုမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူဘက်က တစ်ယောက် ကျဆုံးခဲ့ပါသေးတယ်။
“ ကလေးတွေက ဘာမှလည်း PDF လည်းမဟုတ် ဘာမှမဟုတ်ဘဲနဲ့ အဲလိုပစ်လိုက်တာ”
မနက်က သေဆုံးသွားသူ နှစ်ယောက်ရဲ့အလောင်းကို သွားသယ်ပြီး သင်္ဂြိုဟ်ပေးခဲ့ရပြီး နေ့လယ်ပိုင်းမှာလည်း တစ်ယောက် ထပ်သေတယ်လို့ ဒီးမော့ဆိုမြို့မှာ စစ်ဘေးရှောင်ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ဦးပလန်က RFA ကိုပြောပါတယ်။
“ ဟုတ်တယ် ဒီမနက်က ရိက္ခာပြန်လာသယ်တဲ့ ကောင်လေး နှစ်ယောက်ကို စနိုက်ပါနဲ့ ချောင်းပစ်ခံရတယ် နှစ်ယောက်စလုံး ကျတယ်၊ ဒီမနက် ကျွန်တော်တို့ သွားပြန်ကောက်ပြီး ဒီမနက်ပဲ သင်္ဂြိုဟ်လိုက်တယ်၊ နောက် ဒီနေ့ ဆယ့်တစ်နာရီ မိနစ်နှစ်ဆယ်လောက်မှာ သူတို့လမ်းကြောင်း နှစ်ကြောင်းနဲ့ တက်တယ်၊ လမ်းမကြီးအတိုင်းတက်တဲ့ လမ်းကြောင်းက ပြည်သူက ခံပစ်တယ်၊ နှစ်ဘက်စလုံး ခံပစ်တာ၊ အဲဒီမှာ ငါးထပ်တိုက်ပေါ်ကနေ လှမ်းပစ်တာ တစ်ယောက် ခေါင်းထိပြီးတော့မှ ထပ်ကျတယ် အခုလေးတင်ပဲ၊ အလုံးကြီး လေးငါးလုံးလည်း သူတို့ထုတယ်၊ မြို့ထဲမှာက ယောကျ်ားလေးပဲ ကျန်တယ် အမျိုးသမီးနဲ့ ကလေးတွေကတော့ ကျွန်တော်တို့ အနောက်ဘက်ခြမ်းမှာ အားလုံးပို့ထားတယ် လုံခြုံစိတ်ချရတဲ့ ဘက်မှာ။”
မြို့ထဲမှာ လူတွေမရှိတော့သလောက်ဖြစ်နေပြီး နေ့လယ်ပိုင်း ဒီးမော့ဆိုမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် မြို့ထဲမှာတော့ အသံတွေငြိမ်သွားတယ်လို့ ဆိုပါတယ်။
မေ ၂၄ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်ထဲက ဘုရားကျောင်းဝင်းတစ်ခုထဲ စစ်ကောင်စီရဲ့ အမြောက် ကျည်ဆံ ကျရောက်ခဲ့သလို ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့က ကယန်းသာယာတောင် ကက်သလစ်ဘုရားကျောင်းကိုလည်း လက်နက်ကြီးနဲ့ပစ်လို့ ကျောင်းထဲခိုလှုံနေတဲ့ ဒေသခံတွေ သေဆုံးခဲ့ပါသေးတယ်။
စစ်ကောင်စီကတော့ ကယန်းသာယာတောင် ဘုရားကျောင်းထဲမှာ လက်နက်ကိုင်တွေ ပုန်းနေတဲ့ အထောက် အထား တွေ့ခဲ့ရတဲ့အပြင် လူနေအိမ်တွေ၊ အုပ်ချုပ်မှု အဆောက်အဦတွေ၊ ဘာသာရေး အဆောက်အဦတွေကို အကာအကွယ်ယူပြီး မြို့တွင်းတိုက်ပွဲအသွင် လုပ်ဆောင်လာခဲ့ပေမယ့် သူတို့ဘက်ကတော့ မြို့တွင်းတိုက်ပွဲ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (ROE) ပါ မိမိကိုယ်ကို ခုခံပိုင်ခွင့် စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့အညီသာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာလို့ မေလ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုမြို့မှာ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေရဲ့ ပြောဆိုမှုအရ စစ်ကောင်စီတပ်တွေ မြို့ထဲမှာ ဝင်ရောက်တပ်စွဲပြီး ပစ်ခတ်တာတွေ လုပ်နေတာကြောင့် မြို့ပေါ်မှာ လူငယ်ယောကျ်ားလေး အနည်းသာ ကျန်ခဲ့ပြီး ငါးသောင်းလောက်ရှိတဲ့ မြို့လူဦးရေ ၈၀ ရာခိုင်နှုန်းလောက်ဟာ နီးစပ်ရာ တောတောင် တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ ပြောကြပါတယ်။