ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုအသစ်တစ်ခုနဲ့ ထပ်ပြီး တရားစွဲဆိုလိုက်တဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားမှာ အင်္ဂါနေ့ညပိုင်းက ကြေညာခဲ့ပါတယ်။
ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရတာဝန်ယူခဲ့စဥ်က ရဟတ်ယာဉ် ငှားမှု၊ ဝယ်ယူမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေမှာ သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို သုံးပြီး ဘဏ္ဍာရေး စည်းကမ်းတွေကို မလိုက်နာခဲ့ဘဲ လုပ်ခွင့်ပြုခဲ့တဲ့အတွက် နိုင်ငံတော်ရဲ့ဘဏ္ဍာကို ထိခိုက်ဆုံးရှုံးစေခဲ့တယ်လို့ စွပ်စွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပုဒ်မ ၅၅နဲ့ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ ထပ်ပြီး တရားစွဲလိုက်တယ်လို့ ဆိုပါတယ်။
အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ် တရားစွဲဆိုမှုက ၁၂ ခု အထိ ရှိလာပါပြီ။ အမှုအားလုံးကို တရားရုံးက ပြစ်မှုထင်ရှားတယ်ဆိုပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် နှစ်ပေါင်း ၁၂ဝလောက် ကျခံရနိုင်တယ်လို့ နော်ဝေနိုင်ငံရောက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရတာဝန်ယူခဲ့တုန်းက ရခိုင်ဒေသအရေးအပါအဝင် ပြည်တွင်းခရီးစဉ်တွေ သွားလာတဲ့အခါမှာ စစ်တပ်သုံး ရဟတ်ယာဉ်ကို ရဖို့ အကူအညီ တောင်းခဲ့ရကြောင်း၊ ဒီလို စစ်တပ်သုံး ရဟတ်ယာဉ် သုံးခွင့်ရရေး တောင်းခံမှုတွေကြောင့် ခရီးစဉ်ကြန့်ကြာမှုတွေရှိခဲ့တာကြောင့် လိုအပ်မှုအရ ရဟတ်ယာဉ်ဝယ်ယူရေးကို စီစဉ်ခဲ့ရတာလို့ ရှေ့နေဦး မင်းလွင်ဦးကဆိုပါတယ်။
အခု အဲ့ဒီရဟတ်ယာဉ်ဝယ်ယူမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားတယ်ဆိုပြီး စွဲချက်ထပ်တင်တာကတော့ တရားလွန်တယ်လို့လည်း ရှေ့နေဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။
စစ်တပ်အရာရှိတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်မိသားစုသာ သိရှိထားတဲ့ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်ခင်းကအကြောင်းတွေကို သမ္မတဦးဝင်းမြင့်က ရုံးတော်မှာ ကျမ်းကျိန်ပြီး ဒီကနေ့ ထုတ်ပြောခဲ့ပါတယ်။
သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ) နဲ့ပတ်သက်လို့ စွဲဆိုရန် မသင့်တဲ့အကြောင်း ထွက်ဆိုရင်း ဒီအကြောင်းတွေ ပြောခဲ့တာဖြစ်ပါတယ်။
သူတို့ သုံးဦးလုံး ဖမ်းဆီးခံထားရချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်တဲ့ စာ နှစ်စောင်ကိုအကြောင်း ပြုလို့ တရားစွဲခံထားတာဖြစ်လို့ သမ္မတက သူအဖမ်းခံခဲ့ရတဲ့ဖြစ်စဥ်ကို ပြန်ပြောပြတာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်,AUNG HTET/GETTY IMAGES
ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်ရဲ့ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ ရှေ့နေတွေက တစ်ဆင့် ဘီဘီစီက သိခဲ့ရတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် မနက် ၅ နာရီ ခန့်မှာ ဦးဝင်းမြင့်တစ်ယောက် အိပ်ခန်းတံခါးခေါက်သံကြားလိုက်ရတဲ့အခါ သမ္မတအိမ်တော် တစ်ဝန်းလုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေးယူနီဖောင်းတွေဝတ်ထားတဲ့ စစ်သားတွေအပြည့်ဖြစ်နေပါပြီ။
ညဝတ် ဝတ်စုံဝတ်ထားတဲ့ သမ္မတဟာ အခြေအနေကို သဘောပေါက်လိုက်ပြီး အဝတ်အစား လဲလိုက်ပါတယ်။
အဲ့ဒီနောက် ဘုရားခန်းကို သွား၊ ဘုရားရှိခိုးပြီး ဘုရားစာအုပ်တချို့ကို ယူလိုက်ပါတယ်။ လိုအပ်တဲ့ သောက်နေကြဆေး တချို့ကိုလည်း ယူလိုက်ပါသေးတယ်။
စစ်သားတွေဟာ သမ္မတ ကို သူ့ရဲ့ရုံးခန်းဆီ ခေါ်သွားပါတယ်။ လမ်းတစ်လျှောက် စစ်သားတွေအပြည့် ဖြစ်နေတာ ဦးဝင်းမြင့် တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
သမ္မတရုံးရောက်တော့ သူ့ကို ရုံးခန်းထဲတောင်မဝင်ခိုင်းဘဲ ခုံတစ်လုံးမှာ ထိုင်ခိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။
ခဏတွင်းချင်းမှာပဲ ဗိုလ်ချုပ်ကြီးလား၊ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်လား သဲသဲကွဲကွဲမမှတ်မိတော့တဲ့ အရာရှိကြီး နှစ်ဦး ရောက်လာပြီး ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ပေးဖို့ ပြောလိုက်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်,SCREEN SHOT
ဦးဝင်းမြင့်က ကျန်းမာရေးကောင်းနေကြောင်းနဲ့ မနုတ်ထွက်ပေးနိုင်တဲ့အကြောင်း ပြန်ပြောပါတယ်။
‘ပြန်စဥ်းစားပါ။ ပုဂ္ဂိုလ်ရေးထိခိုက်မှု ရှိလာနိုင်ပါလိမ့်မယ်’ လို့ စစ်ဗိုလ်ချုပ်နှစ်ဦးက ပြောလိုက်ပါတယ်။
အဲ့ဒီအခါ သမ္မတ ဦးဝင်းမြင့်က ‘ နုတ်ထွက်မပေးနိုင်ဘူး။ အသေခံမယ်’ လို့ ပြန်ပြောလိုက်ပါတယ်။
အခုလို အာဏာမသိမ်းသင့်ကြောင်း ဥပဒေနဲ့အညီ လုပ်သင့်ကြောင်း သမ္မတက ထပ်ပြောပါတယ်။
သမ္မတနုတ်ထွက်ခိုင်းရေး အစီအစဥ် မအောင်မမြင်ဖြစ်ပြီးတဲ့နောက် သမ္မတကို ရုံးခန်းကနေ အိမ်တော်ကို ပြန်ခေါ်သွားခဲ့ကြပါတယ်။
သမ္မတဟာ အိမ်ကိုပြန်ရောက်တော့ အိမ်တော်ထဲမှာ လုံခြုံရေးအပြည့်ချထားပြီး ဆက်သွယ်ရေးခန်းထဲက ပစ္စည်းတွေလည်းမတွေ့ရတော့ပါဘူး။အဲ့ဒီနောက် သမ္မတနဲ့မိသားစုရဲ့ ဖုန်းတွေအကုန်လုံးကို သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
နေ့လယ်ခင်းကို ရောက်တဲ့အခါ သမ္မတ အိမ်တော်ကနေ ၃ ရက်အတွင်း ဖယ်ပေးရမယ်လို့ စစ်တပ်ကအ ကြောင်းကြားခဲ့ပါတယ်လို့ဆိုပါတယ်။
သမ္မတနဲ့မိသားစုလည်း ပစ္စည်းတွေသိမ်းဆည်းပြီး အဆင်သင့်စောင့်နေခဲ့ပါတယ်။
ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီမှာတော့ သမ္မတအိမ်တော်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဝန်ကြီးရပ်ကွက်ထဲက အိမ်တစ်လုံးကို သမ္မတမိသားစုကို ပြောင်းရွေ့ထားလိုက်ပါတော့တယ်။
မေလ ၂၃ ရက် အရောက်မှာတော့ ဝန်ကြီးအိမ်ရာကနေ တခြားနေရာတစ်ခုကို မိုးစုန်းစုန်းချုပ်တဲ့အချိန်ကြီး ထပ်ပြောင်းရွေ့ပြန်ပါတယ်။
ဒါကြောင့် သမ္မတဟာ သူ ဘယ်နေရာရောက်နေမှန်းမသိရတော့တဲ့ အခြေအနေဖြစ်ခဲ့ရပြီး ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်သွားရတယ်လို့ ပြောပါတယ်။
ဒီထွက်ဆိုချက်တွေအပြီးမှာ နောက်ထပ် စိတ်၀င်စားစရာတစ်ခုက သမ္မတရဲ့ လိပ်စာကိစ္စပါ။
ဓာတ်ပုံ ရင်းမြစ်,SCREEN SHOT
သမ္မတ မဖြစ်ခင်က ဦးဝင်းမြင့်ဟာ တာမွေမြို့နယ်က တိုက်ခန်းလေးတစ်ခုမှာ နေထိုင်ခဲ့တာပါ။
၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့နောက် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ ပြည်သူ့လွှတ်တော်အိမ်တော်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဦးထင်ကျော်အနားယူပြီးတဲ့နောက် သူသမ္မတဖြစ်လာတဲ့အခါ ဦးဝင်းမြင့်ရဲ့လိပ်စာဟာ သမ္မတအိမ်တော် ဖြစ်လာခဲ့ရပါတယ်။
ဒီကနေ့ ရုံးထုတ်မှာ သူ့ကိုလိပ်စာမေးတဲ့အခါ ဦးဝင်းမြင့်က သူ့ကိုဘယ်နေရာမှာထားမှန်းမသိလို့ ဘယ်လိပ်စာကိုပေးရမလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
အဆုံးမှာ သမ္မတ အိမ်တော် လို့ပဲ လိပ်စာကို သတ်မှတ်ခဲ့ရပါတယ်။
ဓာတ်ပုံ ပုံစာ,
CRPH,NUG နဲ့ PDF တို့အကြောင်းသိပါသလားလို့ တရားလိုဘက်က ဒီကနေ့ရုံးချိန်းမှာ မေးခွန်းထုတ်ခဲ့ပါတယ်။ သမ္မတရဲ့ရှေ့နေ ဒေါ်စန်းမာလာညွန့်က အမှုနဲ့မဆိုင်ဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။ တရားသူကြီးက ဆက်မေးဖို့ခွင့်ပြုပါတယ်။
NLD လူငယ်တွေက PDF ဖွဲ့တဲ့အကြောင်း၊ လက်နက်စွဲကိုင်တိုက်တဲ့အကြောင်းကို သိသလားလို့ဆက်မေးပါတယ်။
သမ္မတရဲ့ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဆက်ကန့်ကွက်ပါတယ်။
တရားသူကြီးက မေးခွင့်ဆက်ပြုလို့ ဦး၀င်းမြင့်က ဖြေကြားရပါတယ်။
ဦးဝင်းမြင့်က သမ္မတ ဖြစ်ကတည်းက ပါတီလုပ်ငန်းတွေ မဆောင်ရွက်တော့တာမို့ မသိဘူးလို့ ပြန်ဖြေပါတယ်။
ရှေ့နေအဖြစ်အသက်မွေးခဲ့ဖူးတဲ့ သမ္မတဦးဝင်းမြင့်ဟာ အပြန်အလှန်စစ်မေးချက်တွေကို ခွင့်ပြုခဲ့ပြီး
ရုံးတော်မှာ ချေပခဲ့တာပဲဖြစ်ပါတယ်။
သမ္မတ ရဲ့ထွက်ဆိုချက်တွေကြောင့် ၅၀၅ (ခ) အမှုဟာ စိတ်ဝင်စားမှုအမြင့်ဆုံးအခြေအနေကိုရောက်ခဲ့တာလည်းဖြစ်ပါတယ်။
လာမယ့် ရုံးချိန်းကိုတော့ အောက်တိုဘာ ၂၆ ရက်ကို ချိန်းဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုဖို့ရှိနေပါတယ်။