စစ်မှုမထမ်းမနေရ ဥပဒေကို တစ်နှစ်အတွင်း ကျင့်သုံးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော


နိုင်ငံသားအားလုံး စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းဖို့ လက်ရှိ ၂၀၂၂ ခုနှစ်အတွင်း မဖြစ်မနေ လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

၂၀၂၂ ခုနှစ်မှာ သူ့ရဲ့ရည်မှန်းချက် သုံးခုရှိပြီး၊ အဲဒီသုံးခုကတော့… စီးပွားရေး၊ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနဲ့ အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်ဖြစ်တဲ့ အမျိုးသားစစ်မှုထမ်းဥပဒေ ကျင့်သုံးရေးတို့ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

“ကာကွယ်ရေးစွမ်းပကားတွေကို ရအောင် ကျွန်တော်တို့က မြှင့်တင်ရမယ်။ အဲ့ဒီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေအရ နိုင်ငံသားတွေ စစ်မှုထမ်းရမယ်။ နှစ်နှစ်တန်သည် သုံးနှစ်တန်သည်၊ ဒါသူ့ရဲ့ သတ်မှတ်ထားတဲ့ ဟာအတိုင်း ကျွန်တော်တို့ စစ်မှုထမ်းရမယ်။ တစ်နှစ်လည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ၊ တစ်နှစ်ခွဲလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ အခြေအနေပေါ် မူတည်ပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ လုပ်ရမှာပေါ့။ ဒါကလုပ်ရမှာ၊ မလုပ်လို့မရဘူး။ ကာကွယ်ရေး စွမ်းအားမကောင်းတော့ ကျွန်တော်တို့ ခံသွားရမှာပေါ့။ သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့” လို့ပြောခဲ့တာပါ။

လက်ရှိ အာဏာသိမ်းထားချိန် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြည်သူတွေက မကျေမနပ် ဖြစ်တဲ့အချိန်မှာ အခုလို စစ်မှုမထမ်းမနေရ ဥပဒေကို ကျင့်သုံးမယ်ဆိုရင် တိုင်းပြည်အခြေအနေ ပိုဆိုးလာဖို့ပဲ ရှိမယ်လို့ နေပြည်တော်က လူငယ်တစ်ဦးက ပြောပါတယ်။

“ဒီအချိန်ကြီးမှာတော့ မလုပ်သင့်ပါဘူး။ အတင်းအကြပ်လုပ်မယ် ဆိုရင်လည်း တိုင်းပြည်က ပိုဆိုးလာဖို့ပဲ ရှိမှာပေါ့။ တစ်ခုတော့ရှိတယ်၊ တချို့ကလည်း မဖြစ်မနေ စစ်မှုဝင်ထမ်းမယ်ဆိုရင် လူငယ်တွေ စစ်ပညာတတ်ပြီး သူတို့ကို ပုန်ကန်မယ့်သူတွေ ပိုများလာတဲ့အပြင် တပ်တွင်း ပုန်ကန်မှုတွေတောင် ဖြစ်လာနိုင်တယ်လို့ ကျနော်က ယူဆတယ်”

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့တဲ့ ပြည်သူတွေကို စစ်တပ်နဲ့ရဲက အင်အားသုံး ပစ်ခတ်ဖြိုခွဲခဲ့လို့ သေဆုံးမှုတွေ ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ အနှံ့အပြားမှာ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

စစ်တပ်ကလည်း လက်နက်ကိုင် တော်လှန်နေတဲ့သူတွေကို ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ရှိခဲ့ပြီး နှစ်ဘက်စလုံး ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။

အခုလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို ကျင့်သုံးဖို့ ပြင်ဆင်လာတာဟာ စစ်ကောင်စီတပ်တွေ သေဆုံးထိခိုက်မှု များလာလို့ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။

၂ဝ၂၂ နှစ်ကုန်အထိ အပစ်ခတ်ရပ်စဲဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs တွေကို ကမ်းလှမ်း


စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းတိုက်နေတဲ့အချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs တွေနဲ့ ၂ဝ၂၂ နှစ်ကုန်အထိ အပစ်အခတ် ရပ်စဲသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို လက်ခံကြဖို့ သူက တောင်းဆိုပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မနေ့က တွေ့ဆုံစဉ်မှာ တောင်းဆို လိုက်တာလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကလည်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ သက်ဆိုင်သူတွေအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ တင်းမာမှုတွေ လျှော့ချဖို့တို့ကို ရည်ရွယ်တဲ့ စစ်ခေါင်းဆောင်ရဲ့ တောင်းဆိုမှုအပေါ် ထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကရင်၊ ကချင်၊ ချင်း၊ ကယား၊ ရှမ်း စတဲ့ ပြည်နယ် တွေအပါအဝင် တခြား တိုင်းနဲ့ ပြည်နယ်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းပြီး နောက် စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကတော့ … အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှ ပြည်တွင်း ငြိမ်းချမ်းရေး ရနိုင်မယ် ဆိုတာကို နားလည်ထားလို့ အပစ်အခတ် ရပ်စဲရေးကို ကြိုးပမ်းအားထုတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒါပေမဲ့ စစ်အာဏာရှင်တွေက နိုင်ငံရေးပြဿနာကို စိတ်ရင်းမှန်နဲ့ ဖြေရှင်းလိုစိတ် မရှိသရွေ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်လာဖို့မရှိဘူးကြောင်း ပြီးခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာကနေ ထည့်သွင်းပြောဆိုခဲ့ပါတယ်။