ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ၂ သန်း မှာယူထားကြောင်း မြန်မာစစ်ခေါင်းဆောင်ပြော


တကျော့ပြန် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံကို ရုရှားနိုင်ငံက ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ၂ သန်း ဒီလကစ ပေးပို့မှာဖြစ်ကြောင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာ အကူအညီပေးဖို့ ရုရှားကာကွယ်ရေးဌာန အဆင့်မြင့် အရာရှိတွေက ကတိပေးခဲ့တာလို့လည်း ဆိုပါတယ်။ ကာကွယ်ဆေး ၂ သန်း တောင်းခံတာကို ပေးမယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ပြောကြားချက်ကို စစ်တပ်ပိုင် မြဝတီသတင်းမှာ ဖော်ပြပါတယ်။

 

ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ Sputnik V ကာကွယ်ဆေး

 

ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ Sputnik V ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သုံးစွဲခွင့် တရားဝင် အတည်မပြုသေးပေမဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ အပါအဝင် အာရှနိုင်ငံတချို့မှာ အရေးပေါ် သုံးစွဲဖို့ ခွင့်ပြုထားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရုရှားထုတ် ကာကွယ်ဆေး ၇ သန်းရဖို့ ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ ပြီးခဲ့တဲ့လထဲမှာပဲ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ စံချိန်တင် တိုးလာနေချိန်မှာပဲ မြန်မာစစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ ဒီသီတင်းပတ်ထဲမှာပဲ ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေရာမှာ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သောကြာနေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၆၄ ယောက်နဲ့ ကူးစက်သူ ၄၃၂၀ အထိ ရှိခဲ့တာကြောင့် တပတ်အတွင်း အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။