ဆွဇ်ဇာလန်မှာ မိမိကိုယ်ကို အဆုံးစီရင်စက် ထုတ်လုပ်ဖို့ စီစဥ်နေ

မိမိကိုယ်ကို အဆုံးစီရင်လိုသူတွေကို အကူအညီ ဖြစ်စေမယ့် 3D နည်းပညာသုံးပြီး ထုတ်လုပ်ထားတဲ့ Sarco လို့ခေါ်တဲ့ ပေါ့ဒ် တမျိုးကို ဆွဇ်ဇာလန်နိုင်ငံမှာ နောက်နှစ်လောက်မှာစပြီး သုံးစွဲနိုင်တော့မယ်လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီက ပြောပါတယ်။

ဒီစက်ကို ထုတ်လုပ်တဲ့ ကုမ္ပဏီက ငှားရမ်းထားတဲ့ ဆွဇ် ဥပဒေ ကျွမ်းကျင်သူကတော့ ဒီစက်ဟာ ပြည်တွင်းမှာ လက်ရှိ ကျင့်သုံးနေတဲ့ ဘယ်ဥပဒေကိုမှ ချိုးဖောက်ထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ရှေ့နေတချို့က ဒါကိုပဲ ပြန်ပြီး မေးခွန်းထုတ်ကြပါတယ်။

မိမိကိုယ်ကို အဆုံးစီရင်လိုသူတွေကို အကူအညီ ဖြစ်စေမယ့် 3D နည်းပညာသုံးပြီး ထုတ်လုပ်ထားတဲ့ Sarco

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုသူတွေကို ကူညီပေးတဲ့ Dignitas ကတော့ ဒီစက်ကို လူတွေက သိပ်လက်ခံကြမယ် မထင်ဘူးလို့ ပြောပါတယ်။

ဆွဇ်ဇာလန် နိုင်ငံမှာ ကိုယ့်ဘဝခရီးကို ကိုယ့်နည်းနဲ့ ကိုယ် အဆုံးသတ်လို ကြသူတွေအတွက် နည်းလမ်းပြ ကူညီတာကို တရားဝင် ခွင့်ပြုပေးထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းမှာပဲ ဒီနည်းနဲ့ ဘဝခရီးကို အဆုံးသတ်သွားသူပေါင်း ၁,၃၀၀ လောက်ရှိပါတယ်။

ယူကေမှာတော့ ဒီလို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကူညီပေးတာကိုရော၊ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုသူကို ဆရာဝန်ကနေ ဆေးထိုးပေးပြီး ကူပေးတာကိုရော ခွင့်မပြုထားပါဘူး။

ဥပဒေနဲ့ ငြိသလား

ဆွဇ်ဇာလန်မှာ သုံးနေတဲ့ နည်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုသူတွေကို သောက်ချလိုက်ပြီးရင် သေသွားနိုင်လောက်တဲ့ အရည်မျိုးစုံကို စီစဥ်ပံ့ပိုးပေးတာဖြစ်ပါတယ်။

ဒီ ပေါ့ဒ်ကတော့ ဘယ်နေရာမှာ မဆို ချထားပေးနိုင်သလို ပေါင်းချောင်ထဲက အောက်ဆီဂျင် ပမာဏကို သိသိသာသာ ထိုးကျသွားစေအောင် နိုက်ထရိုဂျင်တွေ ထည့်ပေးတာမျိုး ဖြစ်ပါတယ်။ အဲဒီလို လုပ်ပေးလိုက်ရင် အထဲက လူဟာ သတိမေ့သွားပြီး ၁၀ မိနစ်လောက် အတွင်းမှာ သေဆုံးသွားမှာ ဖြစ်ပါတယ်။

ဒီစက်ကို အထဲကနေပဲ အဖွင့်အပိတ် လုပ်လို့ ရနိုင်ပြီး အရေးပေါ် အခြေအနေမှာ စက်ထဲက ထွက်နိုင်ဖို့ ခလုတ်လည်း ပါပါတယ်။

စိန့်ဂယ်လန်တက္ကသိုလ် က ဥပဒေရေးရာ ကျွမ်းကျင်သူနဲ့ လက်ထောက် ပါမောက္ခ တယောက်ဖြစ်တဲ့ ဒန်နီယယ်ဟူလေမာန်ကို Sarco ထုတ်လုပ်တဲ့ ကုမ္ပဏီက ဒီ ပေါ့ဒ်ဟာ ဆွဇ်ဥပဒေ တွေနဲ့ ငြိစွန်းတာများ ရှိနိုင်မလားဆိုတာ လေ့လာပေးဖို့ ပြောခဲ့ပါတယ်။

အဲဒီလို လေ့လာရာမှာ ဒီစက်ဟာ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းလို့ ဆိုလို့မရနိုင်ကြောင်း တွေ့ရတယ်၊ ဒါကြောင့် ဆွဇ်ဇာလန်ရဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းများ အက်ဥပဒေနဲ့ ငြိစွန်းစရာ မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး နိုက်ထရိုဂျင်၊ လက်နက် သို့မဟုတ် ဘေးအန္တရာယ်လုံခြုံမှုနဲ့ ဆိုင်သော စက်ပစ္စည်း တွေအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့လည်း ငြိစွန်းမှာမဟုတ်ဘူးလို့ သူယုံကြည်ထားကြောင်း ဆိုပါတယ်။

ဒါကြောင့် ဒီပေါ့ဒ်ဟာ ဆွဇ် ဥပဒေနဲ့ မငြိစွန်းပါဘူးလို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဇူးရစ်တက္ကသိုလ်မှာ ဆရာဝန်၊ ရှေ့နေနဲ့ ပါမောက္ခ အဖြစ်ပါ တာဝန် ထမ်းဆောင်နေတဲ့ ကာစတင်နိုအယ်ဗာကင်ဂါ ကတော့ ဆေးဘက်ဆိုင်ရာသုံး စက်ပစ္စည်းတွေကို စည်းကမ်းတွေ ချမှတ်ထားတာက ဒီပစ္စည်းတွေဟာ တခြား ပစ္စည်းတွေထက် ပိုပြီး ဘေးကင်းလုံခြုံမှု ရှိဖို့ လိုတဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေး အတွက် အထောက်အကူပြုတဲ့ ပစ္စည်းမျိုး မဟုတ်တာနဲ့ နောက်ထပ် လိုအပ်မယ့် ဘေးကင်းလုံခြုံမှု ဆိုင်ရာ စံနှုန်းတွေက ကင်းလွတ်ခွင့် ရမယ်လို့ မဆိုနိင်ဘူးလို့ ဆွဇ် သတင်းစာ Neue Zurcher Zeitung ကို ပြောပါတယ်။

Dignitas ကလည်း ဆွဇ်ဇာလန်မှာ မိမိ ကိုယ်ကို အဆုံး စီရင်လိုသူတွေကို လေ့ကျင့်ပေးထားတဲ့ လူတွေက ဆရာဝန်တွေနဲ့ အတူ ချိတ်ဆက်ဆောင်ရွက်ပြီး ဆွဇ်အဖွဲ့ အစည်း ၂ ခုက ကူညီပေးလာတာ ၃၅ နှစ် ရှိပြီ၊ Dignitas နဲ့လုပ်လာတာလည်း ၂၃ နှစ် ရှိပြီလို့ ပြောပါတယ်။

ဒီလို ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ကူညီလုပ်ဆောင်ပေးနေတာတွေ ရှိနေတဲ့ ဆွဇ်ဇာလန်လို နိုင်ငံမှာ ဒီလို နည်းပညာသုံးထားတဲ့ ဆေးတောင့်လို စက်ထဲမှာ ကိုယ့် သဘောနဲ့ကိုယ် ဘဝခရီးကို အဆုံးသတ်ရမယ့် ကိစ္စကို သိပ်ပြီး လက်ခံတာမျိုး၊ စိတ်ဝင်စားတာမျိုး ရှိလိမ့်မယ်လို့ မထင်ကြောင်း ပြောပါတယ်။

ဒေါက်တာ မရဏ

ဒီစက်ကို သုံးစွဲဖို့ ဆွဇ်ဇာလန်မှာ ခွင့်ပြုခဲ့မယ်ဆိုရင်တောင် ပေါ့ဒ်ကို ရောင်းချရမှာ သမားရိုးကျနည်းနဲ့ ရောင်းချကြမှာ မဟုတ်ပါဘူး။ ဖန်တီးရှင် ဒေါက်တာနီချ်ကီးက ဒီစက်ရဲ့ အသေးစိတ် ရေးစွဲထားတဲ့ အချက်အလက်တွေကို လူတိုင်းကြည့်နိုင်ပြီး ဒီဇိုင်းကိုပါ ဒေါင်းလုပ် လုပ်ပြီး ရယူနိုင်ဖို့ စီစဥ်ပေးထားမယ်လို့ ဆိုပါတယ်။ ဒီအတွက် အခကြေးငွေ ပေးစရာမလိုလည်းမလိုပါဘူး။

သူဟာ လူတွေ လွတ်လပ်စွာ ဘဝကို အဆုံးသတ်ပိုင်ခွင့် ရရေးအတွက် လှုပ်ရှားနေခဲ့တာလည်း ကြာပြီဖြစ်ပြီး ဒေါက်တာ မရဏ Dr Death ဆိုတဲ့ နာမည်ပြောင်တောင် ရထားပြီ ဖြစ်ပါတယ်။ လတ်တလောအချိန်မှာတော့ ဒီ Sarco pod ကို နမူနာပုံစံ ၂ မျိုး ထုတ်လုပ်ထားပြီး ဖြစ်ပြီး တတိယ တမျိုးကိုလည်း နယ်သာလန်မှာ ပရင့်လုပ်ပြီး ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။

ဒီ ပေါ့ဒ်ကို ဖန်တီးခဲ့တာနဲ့ ပတ်သက်လို့ ဒေါက်တာနီချ်ကီး ဟာ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ တချို့က ခေတ်ရှေ့ပြေးနေတဲ့ ဒီဇိုင်းနဲ့ ပေါ့ဒ်တွေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ ကိစ္စကို အမွှမ်းတင်ပေးနေသလိုပဲလို့ ပြောကြပါတယ်။

Source: BBC Burmese News

449  Views
Previous: မင်းပညာရှိသုံးပါး ကက်သလစ်ဘုရားကျောင်းမှ ရောင်းချသော ၅၀၀ ကျပ်တန်ထမင်း
Next: Cardinal Charles Bo: Myanmar can hear the voice of angels for peace and reconcile and we can all  can come back home