ဒေါ်အောင်ဆန်းစုကြည် ထောင်ဝင်စာ ပို့ခွင့်ရ

 

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နေပြည်တော် အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ပထမဆုံးအကြိမ် အကျဉ်းထောင်ထဲ ထောင်ဝင်စာ ပေးခွင့်ရတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

အကျဉ်းထောင် စည်းမျဉ်းတွေအတိုင်း လိုက်နာကျင့်သုံးခွင့်နဲ့ နေထိုင်ခွင့် ပြုထားပြီး အကျဉ်းဦးစီးဘက်က သီးသန့် စီစဉ်ပေးထားတဲ့ ဝန်ထမ်း ၆ ယောက်ကို ဒေါ်အောင်ဆန်းစုကြည် ဘေးနားမှာ ထားပေးတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ နေပြည်တော် အကျဉ်းထောင်ထဲကို ပြောင်းရွှေ့လိုက်တယ်ဆိုတာကိုသာ အတည်ပြုပြီး တခြားကိစ္စ အသေးစိတ် ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီကနေ့ နေပြည်တော်အကျဉ်းထောင်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် နဲ့ NLD အစိုးရလက်ထက် အစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို စွဲဆိုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်အောင် လုပ်တယ်ဆိုတဲ့ အမှုကို ဆက်လက် စစ်ဆေးကြားနာခဲ့ပါတယ်။

ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းကျန်းမာမာ တွေ့ရပြီး သမ္မတ ဦးဝင်းမြင့်ကတော့ စဖမ်းချိန် ကတည်းကထားတဲ့အတိုင်း နေအိမ်အကျယ်ချုပ်မှာ နေပြီး လာရောက် ကြားနာတယ်လို့ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးရဲရင့်လွင်ကို စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့အမှု အပါအဝင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ တရားရုံး ကြားနာမှုတွေကို သတင်းထောက်တွေ လာရောက်ခွင့် မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

လတ်တလောအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုပေါင်း ၁၈ ခုထက်မနည်းရှိနေပြီး ဒီထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပြီး ဖြစ်ပါတယ်။

#ဒေါ်အောင်ဆန်းစုကြည် #ဦးရဲရင့်လွင် #သမ္မတဦးဝင်းမြင့် #နေပြည်တော်အကျဉ်းထောင် #အဂတိလိုက်စားမှု #ဗွီအိုအေ

275  Views
Previous: မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်ခွင့်ကိုလေးစားဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း
Next: မြန်မာစစ်တပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတာမျိုး မလုပ်ဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဒီကနေ့ တိုက်တွန်း