စစ်အစိုးရလက်ထက်က ပိတ်ထားသော သန်လျင်မြို့ရှိ ကက်သလစ်ရဟန်းဖြစ်တကသိုလ်အဆောက်အဦများနှင့်မြေ (၂၅ ဧကဝန်းကျင်) တို့ကို ဦးဖြိုးမင်းသိန်းဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ ကက်သလစ်သာသနာတော်က ပြန်လည်ရရှိပြီ

အောက်တိုဘာလ ၁၊ ၂၀၂၀ (ရန်ကုန်)

 

စစ်အစိုးရလက်ထက်က ပိတ်ထားသော သန်လျင်မြို့ရှိ ကက်သလစ်ရဟန်းဖြစ်တကသိုလ်အဆောက်အဦများနှင့်မြေ (၂၅ ဧကဝန်းကျင်) တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်၊ ဦးဖြိုးမင်းသိန်းဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ ကက်သလစ်သာသနာတော်က ပြန်လည်ရရှိပြီဖြစ်ကြောင်း ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုက စက်တင်ဘာလ (၂၈) ရက်နေ့က မိန့်ကြားတော်မူလိုက်သည်။

 

 

ဆရာတော်ကြီး ချားလ်စ်ဘိုက ၎င်းသတင်းကောင်းကို စက်တင်ဘာလ (၂၈) ရက်နေ့က ပြုလုပ်သော ဦးလာဇရူး၏ဈာပနဝတ်ပြုဆုတောင်းခြင်းတွင် ထည့်သွင်းပြီး၊ ဦးလာဇရူး၏ သာသနာတော်အတွက် ကိုယ်ကျိုးစွန့်ဦးဆောင်လုပ်ဆောင်ခြင်းကြောင့် ပိတ်ထားသော သန်လျင်မြို့ရှိ ကက်သလစ်ရဟန်းဖြစ်တကသိုလ်အဆောက်အဦများနှင့်မြေ (၂၅ ဧကဝန်းကျင်) ကို ပြန်ရတယ်၊ ပေါ်တူဂီဘုရားကျောင်းလို့နာမည်ကြီးတဲ့ သန်လျင်က ဘာသာရေးမြေကိုလည်း ပြန်ရတယ်၊ ညောင်လေးပင်က မြေကိုလည်း ပြန်ရတယ်ဟု သေဆုံးသော ဦးလာဇရူးကိုချီးကျူးဂုဏ်ပြုစကား မိန့်ကြားတော်မူသည်။

 

၎င်းမြေများကို အစိုးရထံမှပြန်ရယူရန် လုပ်ဆောင်ရာတွင် ပါဝင်ခဲ့သော ရှေ့နေကြီးဦးစောဒေမီယမ်က၊ သာသနာမြေတွေကို ပြန်ရအောင် ဦးလာဇရူးက လူရော၊ စိတ်ရော၊ ငွေရော၊ အချိန်ရော ပေးဆပ်ပြီး လုပ်ခဲ့တာ၊ ငါတို့ကတော့ သူ့အဖွဲ့ဝင်တွေပါပဲ။ သူက အစိုးရလူကြီးတွေနဲ့လည်း ပေါက်တယ်လေ၊ ဟု မှတ်ချက်ပြုသည်။

 

၎င်းရဟန်းဖြစ်တကသိုလ်သည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ တာဝန်ပေးအပ်ချက်အရ၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏စီမံခန့်ခွဲ့မှုဆရာတော်အဖြစ် ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်မှ ၂၀၀၃ မေလ ၂၄ ရက်အထိ တာဝန်ယူရသော လွိုင်ကော်ကက်သလစ်ဆရာတော်ကြီး ဆိုတေရိုဖားမောက စစ်အစိုးရလက်ထက်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် အဖမ်းခံရပြီးနောက် ၎င်းကျောင်းဝင်းသည်လည်း စစ်အစိုးရ၏ပိတ်သိမ်းခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

သို့သော် ဆရာတော်ကြီး ချားလစ်စ်ဘိုက ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်အဖြစ် ၂၀၀၃ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် ရဟန်းမင်းကြီး၏ခန့်အပ်ခြင်းကို ခံရသောအခါ ၎င်းမြေများကို ပြန်လည်ရရှိရေးအတွက် နှစ်ပေါင်း (၁၀) ကျော် လုပ်ဆောင်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်၊ ဦးဖြိုးမင်းသိန်းဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ ကက်သလစ်သာသနာတော်က ပြန်လည်ရရှိခဲ့ခြင်း ဖြစ်ပါသည်။

 

 

 

3665  Views
Previous: ဘယ်လရူးဂိုဏ်းချုပ်ဆရာတော်ကြီးတာဒေးအူးစ်က ဒီမိုကရေစီအတွက် ဆန်္ဒပြသူများအား ဖမ်းချုပ်ထားသည့်အကျဉ်းစခန်းသို့ သွားရောက်ပြီး ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆို
Next: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အစည်း အဝေးမှထုတ်ပြန်ချက် နှင့် အောက်တိုဘာလ ၂ ရက်နေ့ ရက်စွဲပါ သိုးထိန်းဝတ္တရားဆိုင်ရာလမ်းညွှန်ချက်