ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် ကွယ်လွန်

သက်တော် ၉၆ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် ဟာ ကြာသပတေးနေ့မှာပဲ ကွယ်လွန်သွားပါတယ်။

သတ္တမမြောက် အက်ဒွက်ဘုရင် ၁၉၃၆ ခုနှစ်မှာ နန်းစွန့်ခဲ့ရာက အရိုက်အရာ ဆက်ခံခဲ့တဲ့ ညီဖြစ်သူ ဆဌမမြောက် ဂျော့ ဘုရင် ၁၉၅၂ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီးနောက် သမီးတော် အဲလိဇဘတ် ဘုရင်မအဖြစ် နန်းတက်ခဲ့တာပါ။ နန်းသက်နှစ် ၇၀ ကာလအတွင်း အဲလိဇဘတ် ဘုရင်မကြီးဟာ ဝန်ကြီးချုပ် ဝင်စတန် ချာချီလက်ထက်ကစ ဝန်ကြီးချုပ် ၁၅ ဦးနဲ့ လက်တွဲ အလုပ်လုပ်ခဲ့ဖူးပါတယ်။

 

 

ဒုတိယကမ္ဘာစစ်ပြီးကာလ၊ စစ်အေးကာလ၊ စီးပွားရေး ခေတ်ကောင်း၊ ခေတ်ဆိုးကာလ၊ မြောက်အိုင်ယာလန် ခွဲထွက်ရေး၊ ဥရောပသမဂ္ဂ (EU) ဖွဲ့စည်းရေးနဲ့ EU အဖွဲ့ဝင်အဖြစ်က ဗြိတိန်ခွဲထွက်ရေး ခေတ်အဆက်ဆက်မှာ တိုင်းပြည်ကို ပဲ့ကိုင်ခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ်ကနေ သြဇာမှေးမှိန်လာချိန်မှာ တိုင်းပြည်ကို ခိုင်မာအားကောင်းအောင် ကျားကန်ပေးနိုင်တဲ့ မဏ္ဍိုင်ကြီး တခုအဖြစ်နဲ့လည်း ဗြိတိန်နိုင်ငံသား အများအပြားက ဘုရင်မကြီးကို ရှုမြင်ကြပါတယ်။

 

 

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ဘုရင်စနစ် ကွယ်ပျောက်လာချိန် ဗြိတိန်မှာ စည်းမျဉ်းခံ ဘုရင်စနစ်ကို ဆက်ထိန်းထားနိုင်တဲ့အတွက်လည်း ထောက်ခံသူတွေက ဘုရင်မကြီးကို လေးစားကြပါတယ်။

ကွယ်လွန်သူ ဘုရင်မကြီးဟာ ကမ္ဘာတလွှား ချစ်ခင်ကြည်ညိုခံရသူ အဖြစ်နဲ့လည်း ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ Liz Truss က ဝမ်းနည်းစကား ပြောရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဘုရင်မကြီး ကွယ်လွန်သွားပြီးနောက် သားတော်ဖြစ်သူ ချားလ်စ်မင်းသား တတိယမြောက် ချားလ်စ် ဘုရင်အဖြစ် ဆက်ခံတော့မှာ ဖြစ်ပါတယ်။

508  Views
Previous: တာဝန်ပြီးဆုံးလို့ မြန်မာနိုင်ငံမှထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ်ကြီး ဂိုဏ်းချုပ်ဆရာတော်ကြီးပေါလ်ချန်အင်နမ်းသည် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်မြန်မာကက်သလစ်သာသနာတော်အတွက် အံ့ဖွယ်ရာလုပ်ငန်းများကို ထမ်းဆောင်တော်မူခဲ့ပြီ
Next: ဘုရားသခင်က ဘာသာရေးကို စစ်ပွဲဆီ လမ်းညွှန်ပေးမှာ မဟုတ်ဘူးလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကပြောကြား