မြန်မာခရီးစဉ် တိုးတက်မှုအဆင့်တဆင့်ရခဲ့” ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကနေ တိုးတက်မှု အဆင့်တဆင့် ရခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောပါတယ်။

“မြန်မာခေါင်းဆောင်နဲ့ ဒီစေ့စပ်ညှိနှိုင်းမှုအတွင်း ကျနော်တို့ရခဲ့တာက အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ ငါးချက်ပါ ဘုံသဘောထားကို အကောင်အထည်ဖော်ရေး တိုးတက်တဲ့ အဆင့်တဆင့်နဲ့အတူ သိပ်ကောင်းတဲ့ အပြုသဘောဆောင် ရလဒ်တခု ဖြစ်ပါတယ်” လို့ ဝန်ကြီး Sokhonn က ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်ကနေ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်လေဆိပ်ကို ဒီကနေ့ ပြန်ရောက်လာပြီးတဲ့နောက် လေဆိပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး Sokhonn က အဲဒီလို ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကိုလာတဲ့ ပထမဆုံး ပြည်ပနိုင်ငံ အကြီးအကဲ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဒီခရီးစဉ်ကို မြန်မာနိုင်ငံတွင်းမှာရော နိုင်ငံပြင်ပမှာပါ ပြစ်တင် ဝေဖန်ခဲ့ကြတာပါ။ ဒီခရီးစဉ်ဟာ စစ်တပ်အာဏာသိမ်းတာကို တရားဝင်မှုပေးသလို ဖြစ်စေတယ်လို့ ကန့်ကွက်သူတွေက ပြောကြပါတယ်။

ဝန်ကြီး Sokhonn ကတော့ ဒီစေ့စပ်ညှိနှိုင်းမှုတွေရဲ့ တိုးတက်မှုနဲ့ ဒီလို သဘောတူညီချက်မျိုးတွေကို ကန့်ကွက်သူ ဘယ်သူမဆိုဟာ စစ်ပွဲကို လိုလားသူတွေ၊ မြန်မာနိုင်ငံ ပြန်ပြီး တည်ငြိမ်အေးချမ်းလာတာကို မတွေ့မြင်ချင်သူတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဆွေးနွေးပွဲအတွင်း စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားတဲ့ သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell နဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့တယ်လို့ ဝန်ကြီး Sokhonn က ပြောပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ရဲ့ ပန်ကြားချက်အရ Sean Turnell နဲ့ပတ်သက်လို့ ပြောဆိုခဲ့တာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Sean Turnell အပေါ် စွဲဆိုထားတဲ့အမှု တရားရုံးရဲ့ စစ်ဆေးစီရင်မှု အဆုံးသတ်တဲ့အခါ သူ့အနေနဲ့ စဉ်းစားမယ်လို့ တုံ့ပြန်ခဲ့ကြောင်းနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဆီကို သတင်းကောင်းနဲ့ ပြန်ဆက်သွယ်ပါ့မယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ဝန်ကြီး Sokhonn က ပြောခဲ့ပါတယ်။

369  Views
Previous: ၂ဝ၂၂ နှစ်ကုန်အထိ အပစ်ခတ်ရပ်စဲဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs တွေကို ကမ်းလှမ်း
Next: သားဖြစ်သူ၏ပုပ်ဖရန်စစ်နှင့်အမှတ်မထင်တွေ့ဆုံမှုသည်ခံစားနေရသောရောဂါကိုပျောက်ကင်းစေခဲ့ဟုမိခင်ဖြစ်သူကပြောကြား