မြန်မာနဲ့ ကမ္ဘာတလွှား ငြိမ်းချမ်းရေအတွက် ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ်နေ့မှာ တိုက်တွန်း

ယနေ့ကမ္ဘာကြီးမှာ ကြီးမားတဲ့ ပဋိပက္ခတွေ၊ ပြဿနာတွေနဲ့ သဘောထားကွဲလွဲမှုတွေ ကြုံတွေ့နေရတာကို ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးမှုဟာ အရေးပါတယ်လို့ ဒီဇင်ဘာလ ၂၅ ရက် စနေနေ့မှာ ကျရောက်တဲ့ ခရစ္စမတ် အခါသမယမှာ ပုပ်ရဟန်းမင်းကြီးက အလေးထား မိန့်ကြားတော်မူခဲ့သလို နိုင်ငံတွင်း ရေရှည်ပဋိပက္ခတွေနဲ့ ပြည်သူတွေ အဆုံးမရှိ ခံစားနေရတဲ့ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတွေအတွက်လည်း ဆုတောင်းပေးတော်မူခဲ့ပါတယ်။

ခရစ္စမတ် အခါသမယမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ထုံးစံအတိုင်း စိန့်ပီတာရင်ပြင်ကို အပေါ်စီးက မြင်နေရတဲ့ ဗာတီကန်နန်းတော် လေသာဆောင်ကနေ မြန်မာအပါအဝင် ကမ္ဘာတလွှားမှာ နေထိုင်သူတွေအတွက် ဆုတောင်းပေးရင်း ခရစ္စမတ် သတင်းစကားကို ပါးတော်မူခဲ့ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေနဲ့ သူတို့ကိုးကွယ်ရာ ဘုရားကျောင်းတွေ မကြာမကြာ ပစ်မှတ်ထား ဖိနှိပ် အကြမ်းဖက်တာ ခံရလေ့ရှိတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ပုပ်ရဟန်းမင်းကြီးက အားပေး ချီးမြှောက်ခဲ့တဲ့အပြင် မြန်မာပြည်သူတွေ ငြိမ်းချမ်းစေဖို့ပါ မိန့်ကြားတော်မူခဲ့တာပါ။

ဗာတီကန်က ခရစ္စမတ် ဆုတောင်းပွဲကို မိုးတွေ လေတွေကြားမှာ တက်ရောက်လာတဲ့ ပရိသတ်ကိုရော ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ပေးနေတာကို ကြည့်ရှုနေတဲ့ ကမ္ဘာတလွှားက လူထုကိုပါ မိန့်ခွန်းပြောကြားရာမှာ ပုပ်ရဟန်းမင်းကြီးက အခုလို ကိုဗစ်ကပ်ရောဂါ ဖြစ်ပွါးနေချိန်မျိုးမှာ ကမ္ဘာကြီးအနေနဲ့ စိတ်ရှည်လက်ရှည် ဆွေးနွေးညှိနှိုင်းမှုတွေ ဘယ်တုန်းကနဲ့မှ မတူအောင် လိုအပ်နေတယ်လို့ တိုက်တွန်းတော်မူလိုက်ပါတယ်။

လူမှုဆက်ဆံရေးမှာ လူတွေက ခြေကုန်လက်ပမ်းကျနေပြီ ဖြစ်တဲ့အတွက် အရှုံးပေးလိုစိတ်တွေ ကြီးထွားလာနေပြီး လက်တွဲလုပ်ဆောင်လိုစိတ်တွေ မရှိဘဲ ဖြစ်လာနေတာ တွေ့ရတယ်လို့လည်း မိန့်ကြားတော်မူပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာလည်း ပဋိပက္ခတွေ၊ ပြဿနာတွေနဲ့ သဘောထားကွဲပြားမှုတွေ ဆက်ကြီးထွားလာပေမယ့် လူတွေက သတိမထားမိဘဲ ဖြစ်နေတယ်လို့ မိန့်ကြားတော်မူပါတယ်။

“ဒီဖြစ်စဉ်တွေဟာ လူတွေအတွက် သာမန်လို ဖြစ်လာနေတာကြောင့် ညီရင်းအစ်ကို မောင်ရင်းနှမတွေ အနေနဲ့ ရင်နာစရာတွေ၊ စိတ်မကောင်းစရာတွေ မကြားရအောင် ကြုံနေရတဲ့ စိတ်နှလုံးကြေကွဲစရာတွေနဲ့ ပတ်သက်ပြီး ဘယ်သူမှ ထုတ်မပြောကြတော့ဘဲ ဖြစ်လာကြတယ်။” လို့မိန့်ကြားတော်မူပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ ဆွေးနွေးညှိနှိုင်းမှုတွေကို ရှောင်လာကြသလို ကမ္ဘာ့ကပ်ရောဂါ ဘေးဆိုးကြီး အတွက်လည်း ရေရှည်အကျိုးရှိမယ့် အဖြေရတဲ့အထိ စိတ်ရှည်လက်ရှည် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရမယ့်အစား အလွယ်လမ်းကို လိုက်လာကြတယ်လို့မိန့်ကြားတော်မူပါတယ်။

အဲဒီအထဲမှာ ဆီးရီးယားလို နိုင်ငံမျိုးဆို ဆယ်စုနှစ်ကျော် စစ်ပွဲတွေ ဖြစ်ပွါးတဲ့အတွက် သေဆုံး ဒဏ်ရာရသူတွေ များလာနေသလို အီရတ်မှာတော့ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ မရေမတွက်နိုင်အောင် များလာပြီး ပြန်နာလန်ထူဖို့ အခုထိ ရုန်းကန်နေရတဲ့အပြင် ယီမင်မှာဆို နေ့စဉ်လိုလို သေဆုံးမှုတွေနဲ့ ကြေကွဲစရာ ဖြစ်နေတယ်လို့မိန့်ကြားတော်မူပါတယ်။

အခုတိုင် အဖြေမရှာနိုင်သေးတဲ့ အစ္စရေး-ပါလက်စတိုင်း ပြဿနာနဲ့ တင်းမာမှုတွေ ဆက်ရှိနေတဲ့ အရှေ့အလယ်ပိုင်း အပါအဝင် ကမ္ဘာတလွှား ပဋိပက္ခတွေနဲ့ မအေးချမ်းတဲ့အထဲမှာ အာဖရိကက အီသီယိုးပီးယား၊ ဆူဒန်က Sahel ဒေသ၊ အာဖဂန်နစ္စတန်က စစ်ပွဲတွေနဲ့ မြန်မာနိုင်ငံက ဖိနှိပ်မှုတွေအကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ဆုတောင်းမေတ္တာ ပို့ပေးတော်မူခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ ကိုဗစ်ကပ်ရောဂါ ဒဏ်ခံနေရတဲ့ ကမ္ဘာတလွှားမှာ အကြမ်းဖက်မှု ခံနေရတဲ့ အမျိုးသမီးတွေ၊ အနိုင်ကျင့် နှိပ်စက်တာ ခံနေရတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက်ပါ ဆုတောင်းပေးကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိကြုံနေရတဲ့ ကျန်းမာရေးပြဿနာကို ကျော်လွှားနိုင်ဖို့နဲ့ ကိုဗစ်ကာကွယ်ဆေးကို အထူးလိုအပ်နေသူတွေ ရရှိနိုင်ဖို့ပါ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးတော်မူခဲ့ပါတယ်။

 

Credit to: VOA Myanmar News

404  Views
Previous: ဆရာတော်ကြီး မာကုတင်ဝင်းမှ အိမ်ခြေယာမဲ့များအား ခရစ္စမတ်အလှူအဖြစ် ကြက်ဆီထမင်းဗူးများ လိုက်လံဝေငှပေးခဲ့ခြင်
Next: ကယားပြည်နယ်မှာဖရူဆိုမြို့နယ် မိုဆိုးရွာအနီးမှာ လူအစုလိုက် အသတ်ခံရပြီးနောက် အကူအညီပေးရေးဝန်ထမ်း ၂ ဦး ပျောက်ဆုံးနေ