ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာက ဆယ်ဖို့တစ်ဖို့၏သာသနာပြုလုပ်ငန်း

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာက ဆယ်ဖို့တစ်ဖို့၏သာသနာပြုလုပ်ငန်း

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာက မိမိဘာသာဝင်များထံမှ ရရှိလာသော ဆယ်ဖို့တစ်ဖို့ အလှူငွေကို မည်ကဲ့သို့ အသုံးပြုနေသနည်းဟူသော အကြောင်းအရာကို လက်ထောက်ဂိုဏ်းချုပ် ဆရာတော်ကြီးနှင့် ဘဏ္ဍာရေးမှူး ဆရာတော်ကြီး နိုအဲလ်စောနောအေးအား သြဂုတ်လ (၉) ရက်နေ့၌ တွေ့ဆုံမေးမြန်းတော်ခဲ့ပါသည်။

မေး။ ဆရာတော်ဘုရား၊ သြဂုတ်လ (၁၅) ရက်နေ့ဟာ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာရဲ့ ဆယ်ဖို့တစ်ဖို့ပေးအပ်တဲ့နေ့အဖြစ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ သာသနာပိုင်ချုပ် ကာဒီနယ်ချားလ်စ်ဘိုက လွန်ခဲ့သော (၁၀) နှစ်ကျော်က ကြေညာခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်သာသနာမှာ မိမိဘာသာဝင်များထံမှ ရရှိလာသော ဆယ်ဖိုးတစ်ဖိုးရဲ့အသုံးပြုပုံ အခြေအနေကို သိပါရစေ။

ဆရာတော်။ သြဂုတ်လ (၁၅) ရက်နေ့ဟာ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာရဲ့ ဆယ်ဖို့တစ်ဖို့ ပေးအပ်တဲ့နေ့အဖြစ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ သာသနာပိုင်ချုပ် ကာဒီနယ် ချားလ်စ်ဘိုက လွန်ခဲ့သော (၁၀) နှစ်ကျော်က ကြေညာခဲ့တာ မှန်ပါတယ်။ ငါတို့သာသနာမှာက ဘာသာတူများက လှူလိုက်တဲ့ ဆယ်ဖို့တစ်ဖို့ထဲကနေ ရဟန်းသာသနာ Parish များက (၅၀%) ကို မိမိတို့သာသနာမှာ လိုအပ်သူတွေကို ကူညီပေးဖို့အတွက် ယူထားပြီးမှ ကျန်တဲ့ (၅၀%) ကို ဆရာတော်ရုံး (ဗဟို) ကို ပေးပို့ကြရပါတယ်။

မေး။ ဆရာတော်ရုံးကို ရောက်ရှိလာတဲ့ဆယ်ဖို့တစ်ဖို့အလှူငွေကို ဆရာတော်ရုံးရဲ့အထွေထွေ အသုံးစရိတ်တွေမှာပဲ ပြန်သုံးပါသလား။

ဆရာတော်။ မသုံးဘူး။ ငါတို့ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်သာသနာရဲ့ဘာသာဝင်များထံမှ ရရှိလာသော ဆယ်ဖို့တစ်ဖို့အလှူငွေကို သာသနာပြုလုပ်ငန်းမှာပဲ (၁၀၀%) ပြန်သုံးပါတယ်။ သာသနာပြု လုပ်ငန်းမှာပြန်သုံးတယ်ဆိုတဲ့နေရာမှာ၊ ဘုရားကျောင်းဆောက်လုပ်ခြင်း၊ ရဟန်းကျောင်း ဆောက်လုပ်ခြင်း၊ သာသနာအတွက်မြေဝယ်ယူခြင်း၊ နယ်မှာသာသနာပြုနေကြတဲ့ ရဟန်းတွေ အတွက် ကားဝယ်ပေးခြင်း စတဲ့လုပ်ငန်းတွေမှာပဲ ပြန်လည် အသုံးပြုနေပါတယ်။

မေး။ တစ်နှစ်မှာ ဆယ်ဖို့တစ်ဖို့ငွေက ပျမ်းမျှ ဘယ်လောက်ရပါသလဲ။

ဆရာတော်။ ငါတို့သာသနာမှာက ဘာသာတူများက လှူလိုက်တဲ့ ဆယ်ဖို့တစ်ဖို့ ထဲကနေ ကျောင်းထိုင် သာသနာများက (၅၀%) ကို မိမိတို့သာသနာမှာ လိုအပ်သူတွေကို ကူညီပေးဖို့အတွက် ယူထားပြီးမှ ကျန်တဲ့ (၅၀%) ကို ဆရာတော်ရုံး (ဗဟို) ကို ပေးပို့ကြရပါတယ်။ ဒီတော့ ဗဟိုကို ရောက်လာတဲ့အလှူငွေဟာ ပျမ်းမျှအားဖြင့် သိန်း (၄၀၀) ဝန်းကျင်လောက်ရှိပါတယ်။

မေး။ ဒီလိုသာသနာပြုလုပ်ငန်းမှာ ကဏ္ဍအားဖြင့် (၄) ခုလောက်တွေ့ရပါတယ်။ အဲဒီတော့ ကဏ္ဍတွေကို ကိုယ်တော်က ဘယ်လိုပုံစံနဲ့ဆုံးဖြတ်ချက်ကို ချကြသလဲဆိုတာ သိချင်ပါတယ်။

ဆရာတော်။ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်သာသနာမှာက ရန်ကုန်ဇုံ၊ ပဲခူးဇုံနဲ့မအူပင်ဇုံဆိုပြီးတော့ ဇုံ (၃) ခု ခွဲထားပါတယ်။ ဒီဇုံ (၃) ခုမှာ ဇုံတစ်ခုချင်းစီကို တာဝန်ခံဇုံမှူးရဟန်းဆိုတာ ခန့်ထားပြီး တော့ ဇုံတစ်ခုစီအောက်မှာ အကြမ်းအားဖြင့် ရဟန်းပိုင်သာသနာ (၁၀) ခုလောက် ရှိကြပါ တယ်။ ဥပမာပြောရရင်၊ ဒီနှစ်ရလာမယ့် ဆယ်ဖို့တစ်ဖို့အလှူငွေကို ရန်ကုန်ဇုံကို ပေးလိုက် တယ်။ နောက်နှစ်ဆိုရင် မအူပင်ဇုံ၊ နောက်တစ်နှစ်ဆိုရင် ပဲခူးဇုံဆိုပြီးတော့ အလှည့်ကျ ခွဲပေးရပါတယ်။ ဒီငွေကို လက်ခံမယ့်ဇုံမှာ ရှိတဲ့ရဟန်းတွေက ဘယ်ရဟန်းသာသနာက ဘာအတွက်ရသင့်သလဲ ဆိုတာကို သူတို့အချင်းချင်း မဲခွဲပေးကြရတယ်။ အဲဒီမဲခွဲခြင်းကနေ မဲအများဆုံးရတဲ့ ရဟန်းသာသနာ Parish က ဒီနှစ်ရဲ့  ဆယ်ဖို့တစ်ဖို့ငွေကို လက်ခံပြီးတော့ သူလုပ်ရမယ့်လုပ်ငန်းအတွက် ဆရာတော်ကြီးရဲ့ အတိုင်ပင်ခံအစည်းအဝေးမှာ အတည်ပြုချက် ကို ရယူရပါတယ်။ ဒီတော့ဘာသာတူ တွေရဲ့ ဆယ်ဖို့တစ်ဖို့အလှူငွေကို အသုံးပြုတဲ့နေရာမှာ ကာဒီနယ်က အနာဂါတ်သာသနာတော် တိုးတက်ရေးအတွက်ပဲ အသုံးပြုမယ်ဆိုတဲ့ ရည်ရွယ် ချက်အတိုင်း ကျွန်တော်တို့ဆရာတော်တွေနဲ့ ရဟန်းတော်တွေဟာ အကျိုးရှိရှိအသုံးပြုနေပါ တယ်လို့ ပြောချင်ပါတယ်။

မေး။ ဒီလိုသာသနာပြုလုပ်ငန်းမှာ ကဏ္ဍအားဖြင့် (၄) ခုလောက်တွေ့ရပါတယ်။ အဲဒီတော့ ကဏ္ဍတွေ အတွက် ဆယ်ဖို့တစ်ဖို့အလှူငွေကို ခွဲဝေအသုံးပြုတဲ့နေရာမှာ တစ်ခါတလေ ငွေမလောက် တာမျိုးတွေ့ရှိပါသလား။

ဆရာတော်။ တစ်ခါတလေမှာ သာသနာပြုလုပ်ငန်းမှာ ဆယ်ဖို့တစ်ဖို့အလှူငွေတွေ မလုံလောက်တာမျိုး ရှိပါတယ်။ ဥပမာ သာသနာမြေကို ဝယ်တဲ့နေရာမှာ ရတဲ့အလှူငွေက ကျပ်သိန်း လေးရာဆိုပါ တော့။ မြေဈေးက ကျပ်သိန်းငါးရာနဲ့ ဝယ်ရရင် သာသနာကနေ နောက်ထပ် ကျပ်သိန်းတစ်ရာကို စိုက်ပြီးတော့ ဝယ်ရတာမျိုးတွေ ရှိပါတယ်။

မေး။ နောက်ဆုံးအနေဖြင့် ဆရာတော်ကြီးအနေနဲ့ ဆယ်ဖို့တစ်ဖို့နဲ့ပတ်သက်ပြီး ဘာသာတူတွေကို ဘာများ အားပေးနှိုးဆော်ချင်ပါသလဲ။

 

ဆရာတော်ကြီး နိုအဲလ်စောနောအေးရုံးခန်းထဲမှာ ဆယ်ဖို့တစ်ဖို့အလှူငွေပုံး

 

ဆရာတော်။ ကျွန်တော်ဆရာတော်အနေနဲ့ ဆယ်ဖို့တစ်ဖို့အလှူငွေထည့်ဖို့ အတွက်ဆိုပြီး မိမိရုံးခန်းထဲမှာ ဆယ်ဖို့တစ်ဖို့အလှူငွေပုံးကို လုပ်ထားပြီး ထည့်လာတာ (၁၀) နှစ်ကျော်လာပါပြီ။ အရင်က ရဟန်းဘဝအနေနဲ့ရော၊ အခုဆရာတော်ဘဝအနေနဲ့ပါ ရသမျှအလှူငွေတိုင်းကို ဆယ်ဖို့တစ်ဖို့ထည့်ပါတယ်။ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှာ ရှိနေကြတဲ့ ရဟန်းပိုင်သာသနာတိုင်းက ဆယ်ဖို့တစ်ဖို့အလှူငွေကို သြဂုတ်လ (၁၅) ရက်နေ့မှာ ဆရာတော်ဗဟိုဘဏ္ဍာရေးမှူးရုံးကို ပို့ကြရပါတယ်။ ဒီ ဆယ်ဖို့တစ်ဖို့အလှူငွေကို ထည့်ခြင်းအားဖြင့် မိမိဘဝမှာ နစ်နာသွားတာ မရှိခဲ့ ပါဘူး။ တကယ်တော့ ဘုရားရှင်ရဲ့ကောင်းကြီးတွေကို ပိုပြီးတော့တောင် ခံစားရပါတယ်။ ကက်သလစ် ဘာသာဝင်သားသမီးများလည်း ဘုရားရှင်ကိုယုံကြည်မှုအပြည့်နဲ့ ရက်ရောစွာဖြင့် ဆယ်ဖို့တစ်ဖို့အလှူငွေကို ထည့်ဝင်ကြဖို့ ဖိတ်ခေါ်လိုပါတယ်။ အားလုံးကို ဘုရားရှင်ကအစဉ်ကောင်း ကြီးပေးပါစေ။

 

Interviewed by Joseph Kung Za Hmung

1946  Views
Previous: ဦးဂျင်မီ ဦးဖြိုးဇေယျာသော်တို့ကို ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီထုတ်ပြန်
Next: နီကာရာဂွါသမ္မတ Daniel Ortega ၏ အစိုးရကို ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုသူ မာတာကာလ်ပါကက်သလစ်ဆရာတော် ရိုလန်တို အလဲဗာရက်စ်ကို နီကာရာဂွါရဲများက ဖမ်းဆီး