အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံး ပျံသန်းနိုင်ခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ်

အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ (NASA) ကနေ လွှတ်တင်ခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ်လေးဟာ သမိုင်းဝင် ပထမဆုံးအကြိမ် ပျံသန်းမှုကို ဧပြီ ၁၉ ရက် အစောပိုင်းက အင်္ဂါဂြိုဟ်ပေါ်မှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်နိုင်ခဲ့တယ်လို့ နာဆာက ထုတ်ပြန် ကြေညာပါတယ်။ ဒါဟာ ဂြိုဟ်ရဲ့မြေပြင်ပေါ်ကနေ လေထုထဲ ပထမဆုံးအကြိမ် ပျံသန်းမှုခရီးစဉ်လည်း ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ Pasadena က နာဆာရဲ့ Jet Propulsion Laboratory (JPL) မှာ ရှိနေတဲ့ ရဟတ်ယာဉ်ငယ် တည်ဆောက်ရေးအဖွဲ့ဟာ Ingenuity ယာဉ်ငယ်လေးရဲ့ ပျံသန်းမှုကနေ ပထမဆုံးသက်ဆိုင်ရာ အချက်အလက်တွေ လက်ခံရရှိခဲ့ကြပါတယ်။

မူလအစီအစဉ်မှာတော့ Ingenuity ရဟတ်ယာဉ်ငယ်လေးကို ဧပြီ ၁၁ ရက်မှာ ပျံသန်းဖို့ စီစဉ်ထားပေမယ့် ချို့ယွင်းမှုပြဿနာ ဖြေရှင်းဖို့အတွက် ရက်ရွှေ့ဆိုင်းခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ယာဉ်ငယ်ဟာ ပါးလွှာတဲ့ Martian လေထုထဲမှာ လူလုပ်ရဟတ်ယာဉ်အဖြစ် ပထမဆုံး ပျံသန်းနိုင်ခဲ့ပါတယ်။

“အခုတော့ လူသားတွေဟာ နောက်ထပ် ဂြိုဟ်တခုပေါ်မှာ ရဟတ်ယာဉ်ငယ်တစင်း စတင်ပျံသန်းပြနိုင်ခဲ့ပြီ” လို့ မြန်မာနိုင်ငံဖွား Ingenuity ပရောဂျက်မန်နေဂျာ ဒေါ်မီမီအောင်က JPL ကနေ ပြောပြသွားပါတယ်။

မြန်မာနိုင်ငံဖွား Ingenuity ပရောဂျက်မန်နေဂျာ ဒေါ်မီမီအောင်နှင့် အဖွဲ့

“နောက်ထပ် ဂြိုဟ်တခုပေါ်မှာ Wright ညီနောင်တွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေအကြောင်းကို အကြာကြီးပဲ ပြောခဲ့ကြပါတယ်။ အခုတော့ တွေ့မြင်နေရပြီ” လို့ ဒေါ်မီမီအောင်က ဆိုပါတယ်။

အဆိုပါယာဉ်ပေါ်မှာ Wright ညီနောင်ရဲ့ ၁၉၀၃ ခုနှစ်က ပထမဆုံး လေယာဉ်ပျံသန်းမှု ခရီးစဉ်က အမှတ်တရ ပိတ်စလည်း ပါသွားတယ်လို့ ဆိုပါတယ်။ ယာဉ်ပျံလေးဟာ တပ်ဆင်ထားတဲ့ ကင်မရာတွေကတဆင့် အင်္ဂါ ဂြိုဟ်ပေါ်က အချက်အလက်တွေကို ပုံရိပ်တွေ၊ ဗီဒီယိုတွေ ပေးပိုခဲ့ပါတယ်။ Perseverance ကနေ ဖမ်းယူထားတဲ့ Ingenuity ရဲ့ ပထမဆုံး ပျံသန်းမှုခရီးစဉ် မှတ်တမ်းဗီဒီယိုကိုလည်း အဖွဲ့ကနေ ဝေမျှပေးခဲ့ပြီး ဖြစ်ပါတယ်။

ပထမဆုံး ပျံသန်းမှုကို စက္ကန့် ၄၀ နီးပါး ပျံသန်ခဲ့တဲ့ Ingenuity ယာဉ်ငယ်ဟာ အလေးချိန် လေးပေါင် သာသာပဲ ရှိတာပါ။ ဒလက် ၄ ခု ပါဝင်ပြီး မြေပြင်အထက် ၁၀ ပေ (၃ မီတာ) အမြင့်ကနေ ပျံသန်းနိုင်ခဲ့တာဖြစ်ပါတယ်။ လာမယ့် အပတ်ထဲမှာတော့ Ingenuity ယာဉ်ငယ်လေးဟာ ဒီ့ထက် အချိန်ကြာကြာ ပိုပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။

“အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်ဖို့တင် မဟုတ်ပါဘူး၊ မြေပြင်ဝန်းကျင်မှာ ယာဉ်ငယ်တစီး ပျံသန်းပြဖို့ဆိုတာ ပိုတောင် မလွယ်ကူပါဘူး။ အင်္ဂါဂြိုဟ်ပေါ်က ပါးလွှာတဲ့ လေထုသိပ်သည်းဆတွေရယ်ကြောင့် ယာဉ်ငယ်တည်ဆောက်ရာမှာ သူ့နေရာနဲ့သူ မှန်ကန်နေဖို့ လိုပါတယ်” လို့ ဒေါ်မီမီအောင် ပြောပြသွားပါတယ်။

အဆိုပါယာဉ်ငယ်ကို သယ်ဆောင်သွားတဲ့ NASA ကနေ တည်ဆောက်ခဲ့တဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်တွေထဲက အကြီးဆုံး Perseverance Rover ဟာ ယာဉ်ငယ်နဲ့ မြေပြင်ထိန်းချုပ်ရေးစင်တာကြား ချိတ်ဆက် ကူညီပေးခဲ့တာပါ။

Ingenuity ပရောဂျက်မန်နေဂျာ ဒေါ်မီမီအောင်နှင့် အဖွဲ့

Perseverance ကိုတော့ ရဟတ်ယာဉ်ငယ်နဲ့ ၂၁၅ ပေ (၆၅ မီတာ) အကွာမှာ ရပ်ထားပြီး ပျံသန်းမှုတွေစောင့်ကြည့်ကာ ပုံရိပ်နဲ့ ဗီဒီယိုတွေ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ပေးပို့တဲ့ အချက်အလက် အားလုံးကို နာဆာ မြေပြင်ထိန်းချုပ်ရေးစင်တာကနေ ရရှိဖို့ ၃ နာရီကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

NASA ဟာ အင်္ဂါဂြိုဟ်ခရီးစဉ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၃၀ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဆင်းသက်နိုင်ခဲ့ပါတယ်။ Ingenuity ရဟတ်ယာဉ်ငယ်ကို သယ်ဆောင်လာတဲ့ Perseverance Rover ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ တချိန်က မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ခဲ့ဖူးတဲ့နေရာမှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သက်ရှိတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ အချက်အလက်တွေကို ရှာဖွေ မှာဖြစ်သလို ဂြိုဟ်ရဲ့ မြေသားနမူနာတွေနဲ့ ကျောက်သားတွေကိုပါ သုတေသန ပြုလုပ်သွားမှာပါ။

NASA ဟာ အဆိုပါခရီးစဉ်အတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိပြီး ပထမဆုံးပျံသန်းနိုင်ခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ် တခုတည်းအတွက်တင် အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့် အကုန်ကျခံခဲ့တယ်လို့ ဆိုပါတယ်။ (Source: By Aurora, Irraaddy news and CNN)

745  Views
Previous: Jimmy Lai sentenced to 14 months for pro-democracy protests
Next: Missing Indonesian submarine has sunk, objects recovered: Military chief