အမျိုးသားအမျိုးသမီးတို့၏ ဖိုမသဘာဝသည် အလွန်ကောင်းမွန်သော ဘုရားလက်ဆောင် ဖြစ်သည်ဟု ဘုန်းဘုန်းမောရစ် မိန့်ကြားတော်မူ

005-b

ရန်ကုန်၊ ဒီဇင်ဘာ ၂၊ ၂၀၁၅

မြန်မာနိုင်ငံကက်သလစ်ဆရာတော်များအဖွဲ့ချုပ်၏အမှုဆောင်အတွင်းရေးမှူး ဘုန်းတော်ကြီးမောရစ်ညွန့်ဝေက ““ယောင်္ကျား မိန်းမတို့ ၏ဖိုမသဘာဝသည် ဘုရားသခင်က အလွန်ကောင်းမွန်လက်ဆောင်ဖြစ်သည်ဟူသော အဆင့်အထိ ဖန်ဆင်းပေးထား ကြောင်း”” ဖြင့် ဒီဇင်ဘာ (၁) ရက်နေ့က စိန်အန်ထော်နီဘုရားကျောင်းဝင်းတွင်ပြုလုပ်သော ကက်သလစ်ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်ချက်နှင့် စပ်လျဉ်းသော ဂလိုရီးယားသတင်းဂျာနယ်၏ ဟောပြောပွဲတွင် မိန့်ကြားတော်မူလိုက်သည်။

သူ၏ဟောပြောချက်အပေါ်၊ ပရိတ်သတ်မိခင်တစ်ဦးက ““ကျွန်မရဲ့သမီးမှာ ခင်ပွန်းရှိ ပြီးတော့ မြေးတစ်ယောက် ရှိပါတယ်။ ဒါပေမယ့် သမက်က သင်္ဘောသားဖြစ်ပြီး နောက်ကွယ်မှာ တခြားအမျိုးသမီးတစ်ယောက်နဲ့ တွဲနေတယ်လို့ ကြားရတော့ ကျွန်မက အရမ်းစိတ် ပူနေပါတယ်။ အဲဒါဘယ်လိုလုပ်ရမလဲ”” ဟု မေးရာ ဘုန်းဘုန်းက ““အဲဒါအမေက စိတ်မပူရဘူးလေ။ စိတ်ပူရမှာက သမီးဖြစ်ပါတယ်”” ဟု နှောက်ပြောင်ရင်း လူမှုရေးအကြောင်းတရားများသည် စင်ပေါ်မှ အဖြေပေး ရခက်သည်ဟု ဖြေပေးတော်မူ သည်။

ဘုန်းဘုန်းမောရစ်က ဆက်လက်ပြီး ဟောကြားရာတွင် ဖိုမသဘာဝသည် ညစ်ညမ်းသောအရာ၊ ဖိုမမဆက်ဆံခြင်းသည် ညစ်ညမ်းသော အမှုဟူ၍ ယူဆသူများရှိကြကြောင်း၊ သို့သော် ကက်သလစ်အသင်းတော်၏ သွန်သင်ချက်ကိုလေ့လာကြည့်သော အခါ ဖိုမသဘာဝ၏ သန့်ရှင်းမြင့်မြတ်မှုကို အခြေခံပြီး သင်ကြားသည်ကိုတွေ့ရပါကြောင်း၊ ဘုရားသခင်က အာဒံ၏နံရိုးကိုထုတ် ယူ၍ လူမိန်းမကိုဖန်ဆင်း ခဲ့ကြောင်း၊ ထိုကဲ့သို့နံရိုးမှ ဖန်ဆင်းခြင်းသည် တန်းတူဖြစ်ခြင်း၊ ဂုဏ်ရည်တူဖြစ်ခြင်းကို ဖော်ပြသကဲ့သို့၊ ရင်ခုန်သံကိုအနီးစပ်ဆုံးခံစားနိုင် သူအဖြစ် ဖန်ဆင်းခြင်းကိုလည်းဖော်ပြခြင်း၊ အပြင်မှလာသူမဟုတ်ဘဲ အထဲမှထွက်လာသောသူ ဖြစ်သောကြောင့် မိမိ၏ကိုယ်ပွားသဖွယ် ခံစားနိုင်ပါသောကြောင့်၊ “ငါ့အရိုးထဲကအရိုး၊ အသားထဲကအသား” ဟူ၍ အာဒံက ကြွေး ကြော်ခဲ့ခြင်းဖြစ်သည်”” ဟု အကျယ် တဝင့် ဟောကြားတော်မူသည်။

လင်မယားတို့၏ ပင်ကိုယ်သဘာဝအကြောင်းကို ဟောရာတွင် “ထိုအကြောင်းကြောင့်ယောက်ျားသည် မိမိကိုယ်မိဘကိုစွန့်၍ ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူတို့သည်တစ်သားတစ် ကိုယ်တည်းဖြစ်ရလိမ့်မည်။” (ကမ်္ဘာ ၁ း ၂၄) ဟူ၍ရေးသားထားသောကြောင့်၊ သူတို့နှစ်ဦး၏ လက်ထပ်ပေါင်းသင်းခြင်းသည် သူတို့အား တစ်လုံးတစ်ဝတည်းဖြစ်စေပြီး ခွဲခြား၍မရသောပေါင်းဖက်ခြင်းအဖြစ် ပဋိ ညာဉ်ပြုစေခြင်းဖြစ်ကြောင်း၊ မှီဝဲသည် ဆိုသောအသုံးအနှုန်းက အမြဲတမ်းအားကိုးနေရသည့်သဘော၊ တွယ်ကပ်နေရသည့် သဘောဖြစ်ကြောင်း ဆေးစား သည်နှင့် ဆေးမှီဝဲသည်ဆိုသောအဓိပ်္ပါယ်ကွဲပြားသကဲ့သို့ဖြစ်ပါကြောင်း၊ သဘာဝတရားအရ မိဘနှစ်ဦး၏ သားဖြစ်သော်လည်း၊ မိဘကိုစွန့်၍မယားကိုမှီဝဲခြင်းအားဖြင့် တစ်သားတစ်ကိုယ် တည်းဖြစ်သွားသောကြောင့် ခွဲခြား၍မရေတော့သော သဘောသဘာဝကို သမ်္မာကျမ်းစာကဖော်ပြခြင်းဖြစ်သည်။လင် သကြားစား မယားချိုသည့်သဘော၊ မယားအချဉ်စား လင်သွားကျိန်းသည့် သဘောပင်ဖြစ်ပါသည်။

အရှက်တရားအကြောင်းကို သုံးသပ်ရာတွင် ဘုန်းဘုန်းက “ထိုသူလင်မယားနှစ်ဦးသည် အဝတ်မဝတ်ဘဲနေ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြ၏” (ကမ်္ဘာ ၂ း ၂၅) ဟူ သောကျမ်းစကားက သူတို့၏မူလအပြစ်ကင်းစင်မှုကိုဖော်ပြခြင်းဖြစ်ရာ၊  သူတို့နှစ်ဦးကြားတွင် ဖုံးကွယ်ထားစရာမရှိ ရိုးသားပွင့်လင်းသည့်သဘောကိုဖော်ပြခြင်းပါကြောင်း၊ သူတို့၏ခန်္ဓာကိုယ်သည် လူ့ဂုဏ်သိက်္ခာကို  အပြည့် အဝဖော်ပြပေး ပြီးတစ်ဦးကိုတစ်ဦးအပြန်အလှန်ပေးသော လက်ဆောင်ဖြစ်သည့်အတွက် ရှက်ကြောက်စရာမလိုကြောင်း၊ အရှက်တရား ဟူသည် ကိုယ်မလုံသောကြောင့်ဖြစ်ခြင်းမဟုတ်ဘဲ စိတ်မလုံသောကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်”” ဟု မီးမောင်းထိုးပြ တော်မူသည်။ ၀၀၅ ဝင်းလှိုင်ဦး

1685  Views
Previous: ဂျိုးဇက်ပညာရေးကျောင်းမှ ပထမဆုံးအကြိမ် စာပေးစာယူထူးချွန်အောင်လက်မှတ် ပေးအပ်ပွဲ ကျင်းပပြုလုပ်
Next: ခရစ်စမတ်ပွဲနေ့တွင် ရုံးပိတ်သူ၊ ပွဲကျင်းပသောမူဆလင်ဘာသာဝင်များကို ဘရူနိုင်းဘုရင်က ထောင်ဒါဏ် (၅) နှစ် သတ်မှတ်