ကုလသမဂ္ဂဆိုင်ရာ ဗာတီကန်သံအမတ်ကြီးအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ဆရာတော်ကြီး ဘေနာဒိတို အိုဇာအား ရဟန်းမင်းကြီးက ခန့်အပ်တော်မူ

57-b

ဇူလိုင် ၁၁၊ ဗာတီကန်

ရဟန်းမင်းကြီးဖရန်စစ်သည် ကုလသမဂ္ဂဆိုင်ရာ ဗာတီကန်သံအမတ်ကြီးအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ဆရာတော်ကြီး ဘေနာဒိတို အိုဇာ Archbishop Bernardito Cleopas Auza အား ခန့်အပ်တော်မူ လိုက်သည်။ ဖိလစ်ပိုင်နိုင်ငံသားဆရာတော်ကြီး ဘေနာဒိတို အိုဇာသည် အသက်တော် (၅၅) နှစ် ရှိတော်မူပြီး ၂၀၁၀ ခုနှစ်က ဟေတီနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်လှုပ် ခတ်မှုအပေါ် အရေးပေါ်ကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် ရှေ့တန်းမှ ဦးဆောင်လုပ်ဆောင်ခဲ့ ခြင်းကြောင့် လူသိ များသော ဟေတီနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ်ကြီး ဖြစ်တော်မူသည်။

ဆရာတော်ကြီး ဘေနာဒိတို အိုဇာသည် ပထမဆုံးသော ဖိလစ်ပိုင်နိုင်ငံသား ကုလသမဂ္ဂဆိုင်ရာ ဗာတီကန်သံအမတ်ဖြစ်သည့်အပြင် စတုတမြောက် ဖိလစ်ပိုင်နိုင်ငံသား ဗာတီကန်သံအမတ်ကြီး လည်း ဖြစ်တော်မူသည်။ ကုလသမဂ္ဂဆိုင်ရာ ဗာတီကန်သံအမတ်ကြီးအဖြစ် တာဝန်ယူမည့်သံအမတ်ကြီး ဆရာတော်ကြီး ဘေနာဒိတို အိုဇာသည် ၂၀၁၀ ခုနှစ်မှတာဝန်ယူခဲ့သော အိန္ဒိယနိုင်ငံသားဆရာတော်ကြီး ဖရန်စစ်ချူလီကတ်နေရာတွင်တာဝန်ယူမည့်ဖြစ်ကာ နူကလီးယားလက်နက်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာပြသာနာကို ကိုင်တွယ်ရတော့မည်ဖြစ်သည်။ ဆရာတော်ကြီး ဘေနာဒိတို အိုဇာသည် ကုလသမဂ္ဂဆိုင်ရာ ဗာတီကန်သံအမတ်ကြီးရာထူးကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် စတင်ထမ်းဆောင်မည် ဖြစ်သည်။

ဗာတီကန်နိုင်ငံ၏ အင်တနက်ဝက်ဆိုဒ်ထဲတွင်မူ ဗာတီကန်နိုင်ငံ၏သံတမန်ရေးရည်မှန်း ချက်ကို ဖော်ပြရာ တွင် ““ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်ဖြစ်သော ငြိမ်းချမ်းရေး၊ တရားမျှတခြင်း၊ လူ့ဂုဏ်သိက္ခာ၊ လူသားချင်း ဆိုင်ရာ လက်တွဲလုပ်ဆောင်ခြင်းနှင့်ထောက်ပံ့ကူညီခြင်းတို့ကို ကူညီပေးရန် ရည်မှန်းထား သည်”” ဟု ဖော်ပြထားသည်။ အကြောင်းရင်းမှာ၊ ကက်သလစ်သာသနာတော်၏ ရာစုပေါင်းများစွာက လူသားတို့နှင့်ပတ်သက်သောအတွေ့အကြုံများကို ဆက်သွယ်ဖလှယ်ပေးရန် ရည်ရွယ်ထားသည်ဟု ဗာတီကန်နိုင်ငံ ၏ အင်တနက်ဝက်ဆိုဒ်ထဲတွင် ဖော်ပြထားသည်။

ဆရာတော်ကြီး ဘေနာဒိတို အိုဇာသည် ဖီလစ်ပိုင်နိုင်ငံတွင် မွေးဖွားပြီး ညီအစ်ကိုရင်းချာ ၁၂ ဦးအနက် ၈ ဦးမြောက် ဖြစ်တော်မူကာ ၁၉၈၁ ခုနှစ်တွင် ဒဿနိကဘာသာရပ်တွင် ဝိဇာဘွဲ့ကိုလည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင်မူ ဓမ္မသဂြိုလ်ဘာသာရပ်တွင် ဝိဇာဘွဲ့ကိုလည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် ပညာရေးဘာ သာရပ်တွင် မဟာဝိဇာဘွဲ့ကိုလည်းကောင်း၊ ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင်မူ ရောမမြို့၌ ပညာတော်သင် ယူပြီး ဒေါက်တာဘွဲ့များကို ရရှိသူ ဖြစ်ပေသည်။ ထို့နောက် သူသည် ၁၉၉၀-၁၉၉၃ ခုနှစ်အထိ မာဒတ်ကာစကားနှင့်မော်ရီရှားနိုင်ငံများတွင် ဗာတီကန်သံတမန်အတွင်းဝန်အဖြစ် လည်းကောင်း ၁၉၉၃-၁၉၉၆ ခုနှစ် ဘူလ်ကေးရီးယားနိုင်ငံတွင် ဗာတီကန်သံတမန်အတွင်းဝန်အဖြစ်လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင်မူ အဲဘေးနီးယားနိုင်ငံတွင် ဗာတီကန်နိုင်ငံသံတမန်ကောင်စီဝင်အဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင်မူ အင်္ဂလန်နိုင်ငံဆိုင်ရာ ဗာတီကန်သံရုံးတာဝန်ခံ အဖြစ်လည်းကောင်း၊ ၁၉၉၉-၂၀၀၆ ခုနှစ်အထိ ဗာတီကန်နိုင်ငံခြားရေးဌာနတွင်လည်းကောင်း၊ ၂၀၀၆-၂၀၀၈ ခုနှစ်အထိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးတွင် ဗာတီကန်သံတမန်ဝန်ထမ်းအဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ သည်။

ဗာတီကန်နိုင်ငံ၏ရပ်တည်ချက်တွင်မူ၊ အရပ်ဖက်ဆိုင်ရာ သုတေသနများနှင့်ဆေးဝါးများထုတ်လုပ်ရေး တွင် နူကလီးယားစွမ်းအင်အား အသုံးပြုခြင်းကို ဗာတီကန်နိုင်ငံက ထောက်ခံလျက်ရှိသော် လည်း နူကလီယားလက်နက်ထုတ်လုပ်မှုကိုမူ ဆန့်ကျင်လျက် ရှိသည်။ ထို့ကြောင့်ဗာတီကန်နိုင်ငံသံ အမတ်ကြီး ဆရာတော်ကြီး ဘေနာဒိတို အိုဇာသည် ဗာတီကန်နိုင်ငံ၏သြဇာကြီးမားမှုကို အသုံးချပြီး ၂၀၁၅ ခုနှစ်တွင် ဆွေးနွေးမည့် နူကလီယားလက်နက်ကို ပိတ်ပင်တားဆီးမည့်စာချုပ်ကို ဆွေးနွေး လုပ်ဆောင်ရာတွင်မူ အောင်မြင်နိုင်ရန် ကိုင်တွယ်ရတော့မည် ဖြစ်ပေသည်။ အကြောင်းရင်းကား ဗာတီကန် နိုင်ငံသည် နိုင်ငံတကာအနူမြူစွမ်းအင်အဖွဲ့အစည်းတွင် သြဇာကြီးမားသော အဖွ့ဲဝင်နိုင်ငံ တစ်ခု ဖြစ်နေသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဗာတီကန်နိုင်ငံအား အမြဲတမ်းလေ့လာသူအဆင့်မှ အချိန်ပြည့်အဖွဲ့ဝင်နိုင်ငံ အဖြစ်သို့ ဝင်ရောက်ရန် အကြိမ်ကြိမ် တောင်းဆိုထားသော်လည်း ဗာတီကန်နိုင်ငံကမူ ကက်သလစ် သာသနာတော်၏ သွန်သင်ချက်နှင့်ဆန့်ကျင်သော ဆုံးဖြတ်ချက်များ (ဥပမာ စစ်ပွဲကို ခွင့်ပြုခြင်း) တွင် မဲပေးရမည်ကို မလိုလားသောကြောင့် မဲပေးပိုင်ခွင့်တာဝန်မရှိသော လေ့လာသူအဆင့်တွင်သာ ဆက်လက်ရပ်တည်နေခြင်း ဖြစ်သည်ဟု သိရှိရပေသည်။ ပါကုန်

1344  Views
Previous: အင်္ဂလီကန်အသင်းတော်က အမျိုးသမီးရဟန်းများအား ဆရာတော်ဖြစ်ပိုင်ခွင့် ပြုလိုက်ပြီ
Next: တောင်ကိုးရီးယားနိုင်ငံတွင် ကက်သလစ်ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာသူများပြားလားဟု