ကျွန်ုပ်သည်လည်း မြန်မာနိုင်ငံ၏လမ်းများပေါ်တွင် ဒူးထောက်ပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ကြဖို့ တောင်းဆိုပါတယ်ဟု ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မြန်မာ့စစ်တပ်ကိုတောင်းဆို

ဆလိုင်းကုန်ဇမှုန်း

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က၊ “ ကျွန်ုပ်သည်လည်း မြန်မာနိုင်ငံကသီလရှင်အားနားနူးတောင်လိုပဲ၊ မြန်မာနိုင်ငံ၏လမ်းများပေါ်တွင် ဒူးထောက်ပြီး သပိတ်မှောက်နေသူများအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ကြဖို့ တောင်းဆိုပါတယ်” ဟု မတ်လ (၁၇) ရက်နေ့က မိန့်ကြားတော်မူလိုက်သည်။

အရှင်သူမြတ်က ဗာတီကန်ရင်ပြင်တွင် ဘုရားဖူးခရီးသည်များအား ဘုရားစကားကို သင်ကြားပေးပြီးနောက်၊ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း တောင်းဆိုတော်မူလိုက်သည်။

“ ကြီးမားသောဝမ်းနည်းမှုနှင့်အတူ၊ နောက်တစ်ကြိမ်အဖြစ်၊ လူအများအပြား၊ လူငယ်အများအပြားများဟာ မိမိတို့နိုင်ငံကို မျှော်လင့်ချက်ပေးဖို့အတွက် မိမိတို့အသက်တွေကို ဆုံးရှုံးနေကြရသော မြန်မာနိုင်ငံ၏ ကြေကွဲဖွယ်ရာအခြေအနေကို အထူးတလည် ပြောလိုပါတယ်။ ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့လမ်းများအပေါ်မှာ ဒူးထောက်ရင်း ပြောလိုတာကတော့၊ အကြမ်းဖက်မှုကို အဆုံးသတ်ကြပါ။ ကျွန်တော့်ရဲ့လက်တွေကို ဆန့်ရင်းပြောလိုတာကတော့၊ တွေ့ဆုံဆွေးနွေးခြင်းက အနိုင်ရပါစေလို့ ပြောလိုပါတယ်” ဟု တောင်းဆိုတော်မူလိုက်သည်။

ရဟန်းမင်းကြီးသည် မြစ်ကြီးနားမြို့တွင် ကက်သလစ်သီလရှင် အားနားနူးတောင်က ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ ရဲနှင့်စစ်သားများရှေ့တွင် ဒူးထောက်ပြီး ငြိမ်းချမ်းစွာသပိတ်မှောက်နေကြသော လူငယ်များကို ရိုက်နှက်ဖမ်းဆီးပစ်ခတ်ခြင်း မပြုကြရန် ရဲနှင့်စစ်သားများကို တောင်းဆိုသည့်အပြုအမှုကို အတုယူကာ မိန့်ကြားခြင်း ဖြစ်လေသည်။

အရှင်သူမြတ်က၊ “ သွေးစက်က မည်သည့်အရာကိုမျှ မဖြေရှင်းပေးပါ။ တွေ့ဆုံဆွေးနွေးခြင်းသာ အနိုင်ရပါစေ” ဟု တောင်းဆိုတော်မူလိုက်သည်။

781  Views
Previous: Pope Francis: “I too kneel on the streets of Myanmar”
Next: Myanmar Military Council Released Detained Election Commission officials from regions and states