ဆရာတော်ရဟန်းတော်တွေဟာ ဆုတောင်းတရားဟောရုံနဲ့ မရဘူး၊ ကိုယ့်သာသနာကို စနစ်တကျတည်ဆောက်ဖို့လည်း လိုအပ်တယ်


မန်္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းသည် မန်္တလေးကက်သလစ်သာသနာတော် ကို ချုံကြားမှဘုံဖျားသို့ ရောက်အောင် ပြုပြင်နေပြီဖြစ်ကြောင်းကို မန်္တလေးကက်သလစ်သာသနာတော်၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာများတွင် ထုတ်ပြန်လျက် ရှိလေသည်။ ကျွန်ုပ်အနေဖြင့် မန်္တလေးကက်သလစ်ဂိုဏ်း ချုပ်ဆရာတော်ကြီး မာကုတင်ဝင်း၏ သာသနာတော်ပြုပြင် မှုလုပ်ငန်းစဉ်ကြီးကို အားပေးသကဲ့သို့ တခြားဆရာတော်များကိုလည်း သူ့ကဲ့သို့ လုပ်ဆောင်စေလိုမိလေသည်။
အမှန်ဆိုရသော် ကက်သလစ်သာသနာတော်၏ခေါင်းဆောင်ဖြစ်တော်မူသော ရဟန်းမင်းကြီးဖရန်စစ် သည် ကာနွန်ဥပဒေတစ်ခုတည်းဖြင့် ဦးဆောင်နေခြင်းမဟုတ်ဘဲ ဗာတီကန်နိုင်ငံ၏ဖွဲ့စည်းပုံဥပဒေများ၊ ဗာတီကန်နိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများ၏ ဥပဒေများကို ပြုပြင်လျက် ရှိနေသည့်အပြင် ကာနွန်ဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ကာ ပြဌာန်းလျက် ရှိလေသည်။
ရဟန်းမင်းကြီးဖရန်စစ်၏ ဗာတီကန်နိုင်ငံပြုပြင်ရေးနှင့် ကက်သလစ်သာသနာတော်ကို ပြုပြင်နေခြင်း တို့သည် ကက်သလစ်သာသနာတော်ကို စနစ်တကျ ပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း ဖြစ်သည်။ တနည်းအား ဖြင့် ဆိုရသော်၊ လူ့အဖွဲ့အစည်းကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု (အစေခံခြင်း) ပေးနိုင်ရေးအတွက် ဖြစ်သည်။
အနောက်နိုင်ငံများရှိ ကက်သလစ်ဆရာတော်ကြီးများသည် မိမိတို့အုပ်ချုပ်သော သာသနာများတွင် မူဝါဒမျိုးစုံ (ဥပမာ၊ သာသနာ့ငွေကြေးသုံးစွဲခြင်းမူဝါဒ၊ ရဟန်းအငြိမ်းစားဆိုင်ရာမူဝါဒ၊ သာသနာ့ဝန်ထမ်း ဆိုင်ရာမူဝါဒ…စသဖြင့်) ကို ချမှတ်ကြပြီး ၎င်းမူဝါဒအတိုင်း ဆရာတော်ကအစ၊ ဘာသာတူအဆုံး လိုက်နာကြရသည်။
မြန်မာနိုင်ငံရှိ ကက်သလစ်ဆရာတော်ကြီးများသည် မိမိတို့၏သာသနာများတွင် မိမိသိသလောက် ပြော ရပါက၊ မိမိတို့၏သာသနာကို ကာနွန်ဥပဒေနှင့်ဆရာတော်၏အမိန့်ဖြင့်သာ အုပ်ချုပ်နေကြသည်။ ၎င်းကာနွန် ဥပဒေသည် ရဟန်းများသာ သိပြီး ဆရာတော်၏အမိန့်သည်လည်း မူဝါဒမဲ့သော အမိန့်များသာ ဖြစ်ကြလေသည်။ ထိုနည်းတူ၊ ကက်သလစ်ရဟန်းများသည်လည်း မိမိတို့အုပ်ချုပ်သော သာသနာများတွင် သာသနာဆိုင်ရာမူဝါဒများ မရေးဆွဲကြပေ။ ရဟန်းတို့က မူဝါဒများ မရေးဆွဲခြင်းမှာ ဆရာတော်ကြီးကိုယ်တိုင်က မူဝါဒမရှိဘဲ သာသနာတော်ကို အုပ်ချုပ်နေသောကြောင့် ဖြစ်လေသည်။
ကက်သလစ်ဆရာတော်များနှင့် ကက်သလစ်ရဟန်းများက ကက်သလစ်သာသနာတော်အား လူသားများ ၏ဘဝကို ပိုမိုကောင်းမွန်သောအစေခံခြင်းများဖြင့် သာသနာပြုလိုလျှင် မစ်္ဆားတရားလုပ်၊ တရားဟောရုံ မျှဖြင့် မလုံလောက်ဘဲ၊ မူဝါဒမျိုးစုံ (ဥပမာ၊ သာသနာ့ငွေကြေးသုံးစွဲခြင်းမူဝါဒ၊ ရဟန်းအငြိမ်းစားဆိုင်ရာမူဝါဒ၊ သာသနာ့ဝန်ထမ်း ဆိုင်ရာမူဝါဒ…စသဖြင့်) ကို ဘာသာတူများနှင့်အတူ ရေးဆွဲပြီး ဘာသာတူများ နားလည်သော ဘာသာစကားဖြင့် ဘာသာတူများလက်ထဲရောက်အောင် လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံကက်သလစ်သာသနာတော်ကို ဦးဆောင်ဦးရွက် ပြုနေကြသော ဆရာတော်များ၊ ရဟန်းတော်များနှင့် သာမန်ဘာသာဝင်များအနေဖြင့်၊ လူသားများ၏ဘဝကို အကောင်းဆုံးအစေခံခြင်းများဖြင့် သာသနာပြုရန် အတွက် မူဝါဒမျိုးစုံ ချမှတ်ကြရန် တိုက်တွန်းအပ်ပါသည်။

839  Views
Previous: ဗီယက်နမ်နိုင်ငံတွင် အမြဲတမ်းနေထိုင်သော ဗာတီကန်နိုင်ငံကိုယ်စားလှယ်ထားရှိရန် ဗီယက်နမ်နှင့်ဗာတီကန်နိုင်ငံတို့အကြား သဘောတူလိုက်ပြီ
Next: Myanmar Catholic Church joins nation in fight against Covid-19