တရုတ် သတင်းပေါက်ကြားမှုဖြင့် နိုင်ငံခြားရေး ဝန်ထမ်း ၂ ဦး အဖမ်းခံရ

တရုတ်အစိုးရကိုယ်စားလှယ်များနှင့် ပြုလုပ်သည့် အရေးပေါ် အစည်းအဝေး တခုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ပေါက်ကြားခြင်းကြောင့် နေပြည်တော်ရှိ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိ အနည်းဆုံး ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး တဦးဖြစ်သည့် ဦးချမ်းအေးကို မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အရပ်ဝတ် အရာရှိ ၆ ဦး က ခေါ်ဆောင်သွားခဲ့ကြောင်း ၀ န်ထမ်းများက ပြောသည်။

“သူ ကားထဲကို ဝင်တဲ့အချိန် သူ့ ခေါင်းပေါ်မှာ ခေါင်းစွပ်တခု စွပ်တယ်” ဟု မျက်မြင်သက်သေတဦးက ပြောသည်။

နောက်ထပ် လက်ထောက် ညွှန်ကြားရေးမှူး တဦးဖြစ်သော ဦးစိုးသူရကိုလည်း ညနေပိုင်းတွင် ထိန်းသိမ်းခဲ့သည်ဟု သိရ သည်။ တရုတ်ကိုယ်စားလှယ်များနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် မှတ်တမ်းယူခဲ့သူဟု ယူဆရသည်။

သူတို့အား ကောင်းစွာ ထားရှိပြီး စစ်ဆေးမှု ခံနေရဆဲဖြစ်သည်ဟု သူတို့ ၂ ဦး ၏ မိသားစုများက ပြောသည်။

သီတင်းပတ်ကုန်ရက်များတွင် ဆိုရှယ်မီဒီယာတွင် ပေါ်ထွက်လာခဲ့သည့် စာရွက်စာတမ်း တခုက တရုတ်ကိုယ်စားလှယ် အဖွဲ့က ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများနှင့် အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုကို အကာအကွယ်ပေးမှုကြောင့် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်တက်လာသည့် အချိန်တွင် ၎င်း၏ ပိုက်လိုင်း စီမံကိန်းများအတွက် လုံခြုံရေးတိုးမြှင့်ပေးရန် တရုတ်ကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့သည်ဟု အဆိုပါ စာရွက်စာတမ်းက ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံအပေါ် သံသယဖြစ်မှုများ လျှော့ချရေးကို ကူညီရန် မီဒီယာကို ဖိအားပေးရန်လည်း တရုတ်နိုင်ငံက တောင်းဆိုခဲ့ ကြောင်း သိရသည်။

တုန့်ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ဆန့်ကျင်ရေးတွင် ပိုမို အားထုတ်မှုများ ပြုလုပ်သွားမည်ဟု ဆန္ဒပြသူများက ပြောကြားခဲ့သည်။ အကယ်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်အစိုးရအပေါ် အရေးယူမှုများ ပြုလုပ်ခြင်းကို တရုတ်နိုင်ငံက ဆက်လက်တားဆီး နေပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခြင်းနှင့် နိုင်ငံတဝှမ်းရှိ တရုတ်စီမံကိန်းများ အားလုံးကို ဆန့်ကျင်ခြင်းများ ပြုလုပ်သွားမည်ဟု သူတို့က ခြိမ်းခြောက်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြား ဝန်ကြီးဌာနမှ ဝန်ထမ်း ၃၀ ရာခိုင်နှုန်းနီးပါးက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး ဒီမိုကရေစီ ပြန်လည်ရရှိသည် အထိ အလုပ်လုပ်ခြင်းကို ငြင်းဆန်ခဲ့ကြသည်။

ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၉ ယောက်ကို စစ်အစိုးရက တရားစွဲခဲ့သည်။ စစ်အစိုးရက ဆန္ဒပြသူများအား ပိုမို ပြင်းထန်စွာ နှိမ်နင်းလာခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်၊ ဗြိတိန် ၊ ဂျပန်၊ ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နော်ဝေ အခြေစိုက် သံတမန် ဝန်ထမ်း၂၀ နီးပါးက လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု တွင် ပါဝင်လာခဲ့ကြသည်။

498  Views
Previous: Myanmar’s military accuses Suu Kyi of taking illegal $600,000 and gold
Next: Cardinal Bo: “ The country needs peace and freedom; the role of the army is to protect, not to attack the people”