ထန်တလန်မီး စစ်တပ်က ရှို့တာမဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ငြင်း

ချင်းပြည်နယ် ထန်တလန်မြို့မှာ မနေ့က လောင်ကျွမ်းတဲ့မီးဟာ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီမီးဟာ စစ်တပ်ကရှို့တာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဒေသခံ CDF နဲ့ အရပ်ဘက်လူ့အခွင့်အရေးအဖွဲ့တွေကတော့ စစ်တပ်ကရှို့တာလို့ စွပ်စွဲထားတာပါ။

ဒေသခံ PDF တပ်သားတွေ ရှို့တဲ့မီးကနေ အစပြုပြီး အခုလို လောင်ကျွမ်းခဲ့ရတာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ည စစ်တပ်ပိုင်သတင်း ထုတ်လွှင့်ချက်ကနေ ပြန်စွပ်စွဲလိုက်တာပါ။

“ ထန်တလန်မြို့ အမှတ် ၁ ရပ်ကွက်မှာ PDF ဘက်က လက်လုပ်မိုင်း သုံးလုံးနဲ့ တိုက်ခိုက်တယ်။ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်။ ဒါကြောင့် ကျနော်တို့ (စစ်ကောင်စီ)က ပြန်ပစ်ခတ်ခဲ့တယ်။ ပြန်ပစ်တဲ့နေရာမှာ PDF အဖွဲ့တွေက လူနေအဆောက်အဦးတွေကို အကာအကွယ်ယူပြီး ထွက်ပြေးတယ်။ PDF တပ်ဖွဲ့တွေက နောက်ကနေ ကပ်လိုက်လို့ မရအောင် အိမ်လေးလုံးကို မီးရှို့ ဖျက်ဆီးပြီး နောက်ဆုတ်ပြေးသွားတယ်”  လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

 

အောက်တိုဘာ ၂၉ ရက်နေ့ ထန်တလန်မြို့မြင်ကွင်း

 

မီးငြိမ်းသတ်ဖို့ စစ်ကောင်စီဘက်က သွားရောက်ခဲ့ပေမယ့် PDF ဘက်က ပစ်ခတ်နေလို့ ငြှိမ်းသတ်လို့ မရခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဒေသခံတွေကတော့ မီးစတင်လောင်ကျွမ်းချိန် အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ကစလို့ မီးငြိမ်းသွားတဲ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၉ နာရီခွဲအထိ စစ်တပ်ဘက်က မီးငြှိမ်းသတ်တာ မရှိခဲ့ဘူးလို့ ပြောဆိုပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က မနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ထန်တလန်မြို့ကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် မီးလောင်ကျွမ်းတာလို့ ပြောထားပါတယ်။ ဒီလိုပစ်ခတ်ဖို့ ထန်တလန်မှာ တပ်စွဲ ထားတဲ့ တပ်မ (၆၆) ရဲ့ ဒုတိယဗိုလ်မှူးကြီးသောင်းလှိုင်က အမိန့်ပေးခဲ့တာလို့ CHRO ရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။

ထန်တလန် ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF ကလည်း ဒီမီးဟာ စစ်တပ်က ရှို့တာလို့ စွပ်စွဲထားပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ရပ်ကွက် ၅ ရပ်ကွက်ပါသွားပြီး အိမ်ခြေ ၁၆၃ လုံး မီးထဲပါသွားတယ်လို့ CDF က ထုတ်ပြန်ထားပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေဖြစ်တဲ့ Church on the Rock (COTR) ဘုရားကျောင်း၊ Presbyterian ဘုရားကျောင်းတွေလည်း မီးထဲပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ဒီထန်တလန် မီးရှို့ခံရတဲ့ ကိစ္စဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း မနေ့က ကုလသမဂ္ဂညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

458  Views
Previous: ထန်တလန်မှာ လက်နက်ကြီးကျည်သင့်အပြီး အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ကျွမ်း
Next: G-20 အစည်းအဝေး နောက်ဆုံးနေ့ ဥတုရာသီအရေး ဆွေးနွေး