ဒေါ်အောင်ဆန်းစုကြည် သူ၏ရှေ့နေနှင့် တွေ့ခွင့်ရ

ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် သူ၏ ရှေ့နေနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ၎င်းမှာကျန်းမာလျက်ရှိကြောင်း တွေ့ဆုံခွင့်ရခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ဗီဒီယိုကွန်ဖရန်းဇင်းစနစ်ဖြင့် တွေ့ဆုံခွင့်ရရန် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ဗီဒီယို ကွန်ဖရန်းဇင်းစနစ်ဖြင့် တွေ့ဆုံရသည်မှာ အဆင်မပြေသဖြင့် ရှေ့နေဖြင့် လူချင်းတွေ့ခွင့်ရရန် တောင်းဆိုထားကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက “အမေကတော့ ကျန်းမာပါတယ်။ သူကတောင် ကျမတို့ကိုဆုတောင်းပေးနေသေးတယ်။ သမီးတို့အားလုံးကျန်းမာအောင်နေကြပါတဲ့။ ကျန်းမာပါစေလို့အမေဆုတောင်းပါတယ်တဲ့။ အမေ့ဘက်ကိုလည်း ကျမတို့က ဆုတောင်းပေးပါတယ်ပေါ့။ အမေကျန်းမာတယ် အသားအရည်လည်း စိုစိုပြေပြေပဲ။ ပြုံးပြုံးလေးပဲ။ ပေါ့ပေါ့ပါးပါးလေးပဲ”ဟု ပြောသည်။

ဗီဒီယိုကွန်ဖရန်းဇင်းစနစ်ဖြင့်ပြောဆိုရသည်မှာ အဆင်မပြေသည့်အတွက် လူချင်းတွေ့ပြောဆိုနိုင်အောင် တောင်းဆိုထားသည်မှာ ၂ လခန့်ရှိပြီဖြစ်ကြောင်း၊ အမှုများ တမှုပြီးတမှုထပ်တိုးနေသည့်အတွက် ယခုပါဝါရထားသည့်ရှေ့နေ ၂ ဦးတည်းအပြင် ယခင်ရှေ့နေပါဝါရရန်တောင်းဆိုထားသည့် ရှေ့နေစုစုပေါင်း ၆ ဦးစလုံးကို ၎င်း၏ ရှေ့နေအဖြစ်လက်ခံကြောင်း အဆိုပါဗီဒီယိုကွန်ဖရန်းဇင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှုများအတွက် လိုက်ပါဆောင်ရွက်ရန် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးနှင့် ဦးယုယချစ်တို့ ၂ ဦးကို မတ်လ ၂၅ ရက်နေ့က နေပြည်တော်၏ ရဲစခန်းတခုတွင် ရှေ့နေပါဝါပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်ပါရန်အတွက် ရှေ့နေ ၇ ယောက်ပါဝင်သည့် Legal Defense Team အဖြစ် ဆောင် ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် စီနီယာရှေ့နေကြီးများကို ရှေ့နေပါဝါ ပေးခွင့်ရရှိရန်ဆောင်ရွက်ခြင်း မရှိပေးဘဲ ထိုအဖွဲ့မှ လူငယ်ရှေ့နေများ ဖြစ်ကြသော ဒေါ်မင်းမင်းစိုးနှင့် ဦးယုယချစ်တို့ ၂ ဦးကိုသာ ပါဝါရရှိရန် အာဏာပိုင်များက ဆောင်ရွက်ပေးထားခြင်းလည်းဖြစ်သော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည် နောက်ထပ်တောင်းဆိုထားသည့် ရှေ့နေများကိုပါ လက်ခံသည်ဟုပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅၊ ပို့ကုန်သွင်းကုန် ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့်နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် ဇမ္ဗူသီရိတရားရုံးတွင် တရားရင်ဆိုင်နေရသည်။

ယင်းအမှုများနှင့် ပတ်သက်၍ ယခင်တရားရုံးချိန်းများဖြစ်သော မတ်လ ၁၅ ရက်နှင့် မတ်လ ၃၁ ရက် ရုံးချိန်း ၂ ကြိမ် ဆက်တိုက်လုံးတွင် အင်တာနက် မရရှိဟု ဆိုကာ ရုံးထုတ်စစ်ဆေးနိုင်ခြင်း မရှိခဲ့ဘဲ မနက်ဖြန် ဧပြီလ ၁ ရက်ကို ပြန်လည် ချိန်းဆိုထားသည်။

ဒေါ်မင်းမင်းစိုး ပြောပြချက် အပြည့်အစုံ

အမေကပြောတယ် အခုလိုမျိုးပြောရတာကတော့ အဆင်မပြေဘူး။ မပြေတဲ့အတွက်ကြောင့်မိုလို့ အမေအနေနဲ့ကလည်း လူချင်းတွေ့ပြီးတော့ပြောဆိုနိုင်အောင် အမေတောင်းဆိုထားတယ်။ ၂ လလောက်ရှိပြီတဲ့။ သမီးတို့ဘက်ကလည်း ဘာတွေပြင်ဆင်ထားလည်းဆိုတော့ သမီးတို့ဘက်ကတော့ မနက်ဖြန်မှ ပါဝါတင်ပြီးတာနဲ့ အမေနဲ့လူခြင်းတွေ့ဖို့တွေ အင်စတပ်ရှင်ယူဖို့တွေ အချက်အလက်တွေယူဖို့တွေ သမီးတို့ဘက်ကလည်းလျှောက်ထားမှာပါလို့။

အဲတော့ အမေကထပ်မေးတယ် ကျမဘက်ကရောထပ်ပြီးတောင်းဆိုပေးဖို့လိုသလားတဲ့ အမေဘက်ကလည်း တောင်းဆိုပေးရင်ပိုအဆင်ပြေပါတယ်ဆိုတော့ တခါတည်းလှည့်ပြီးတော့ အမေကပြောပါတယ်။ အဲလိုမျိုးပေါ့နော် လူချင်းတွေ့ဖို့ထပ်ပြီးတော့တောင်းဆိုတယ်တဲ့။ နောက်ပြီးတော့ ဘာထပ်ပြောလည်းဆိုတော့ သမီးနဲ့ဦးယုယချစ် ၂ ယောက်တည်းကို လောလောဆယ်ဆယ်ဆိုတော့ အမှုတွေက တမှုပြီး တမှုထပ်တိုးနေတယ်တဲ့။ အဲတော့ သမီးအဆင်ပြေလားတဲ့။

ကျမတို့ကပြောလိုက်တယ်။ ကျမတို့က ဒီမှာ ဆရာဦးခင်မောင်ဇော်တို့ ဒေါ်စမ်းမာလာညွန့် ဦးကြည်ဝင်းအစရှိတဲ့ရှေ့နေတွေ အကုန်လုံးကတင်ထားပါတယ် အမေ့ဆီကိုလို့။ ဟုတ်ပါပြီ အဲဒီရှေ့နေတွေကို သမီးကပါဝင်စေချင်တယ်ဆိုရင် လက်ခံပေးပါ့မယ် တခါတည်းနဲ့ ၆ ဦးလားတဲ့။ အကုန်လုံးကို ကျမဘက်ကနေပြီးတော့ ထပ်ပြောတယ် အဲဒီ ၆ ဦးကို အမေ့အနေနဲ့လက်ခံပေးစေချင်ပါတယ်။ အကုန်လုံးကိုလက်ခံပါတယ် အမှုတွေကလည်းတဖြည်းဖြည်း များလာတဲ့အတွက်ကြောင့်ပေါ့။

အခုလိုမျိုး ကွန်ဖရန်းဇင်းနဲ့ပြောရတာအဆင်မပြေတဲ့အတွက်ကြောင့် နောက်ခါကျရင်တော့ လူချင်းတွေ့ပြီးပြောလို့ရအောင် ထပ်ပြီးတောင်းဆိုပါ့မယ်တဲ့။ အဲလိုမျိုးပြောတယ်။

အမေကတော့ ကျန်းမာပါတယ်။ သူကတောင် ကျမတို့ကိုဆုတောင်းပေးနေသေးတယ်။ သမီးတို့အားလုံး ကျန်းမာအောင်နေကြပါတဲ့။ ကျန်းမာပါစေလို့အမေဆုတောင်းပါတယ်တဲ့။ အဲလိုပြောတယ်။
အမေ့ဘက်ကိုလည်း ကျမတို့ကဆုတောင်းပေးပါတယ်ပေါ့။ အမေကျန်းမာတယ် အသားအရည်လည်း စိုစိုပြေပြေပဲ။ ပြုံးပြုံးလေးပဲ။ ပေါ့ပေါ့ပါးပါးလေးပဲ။

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာခေါ်ပြီးတော့ အစောပိုင်းက ပါဝါရထားတဲ့ ကျမနဲ့ ဦးယုယချစ်နဲ့ ၂ ယောက်ကိုခေါ်တာပါ။ ဦးယုယချစ်ကတော့ ဆက်သွယ်လို့မရတဲ့အတွက် ဆက်သွယ်ထားတယ်။ ကျမတယောက်တည်းသွားတယ်။ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှာ ဗီဒီယိုကွန်ဖရန်းဇင်းချိတ်ပေးတာပါ။

အမေနဲ့လွပ်လပ်စွာလူချင်းတွေ့ခွင့်ရဖို့ ပါဝါရယူဖို့ ဆက်လုပ်တွေအများကြီးရှိတယ် မနက်ဖြန် တရားခွင် အနေအထားပေါ်ကြည့်ပြီးတော့ ဆက်ပြီးတော့မှဆောင်ရွက်ရမှာပါ။ ဦးခင်မောင်ဇော်တို့ ပြန်ပါလာပြီးဆိုတော့ အနေအထားပေါ်ကြည့်ပြီး ဆက်တောင်းဆိုစရာရှိတာ ဆက်တောင်းဆိုရမှာပါ။

558  Views
Previous: Myanmar Detained Leader Daw Aung San Suu Kyi Meets Her Lawyer for the First Time
Next: Cardinal Bo: Easter must start the process of healing Myanmar