နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် အမှုများ ၆ လအတွင်း အပြီးစစ်ရန် တရားရုံး ဆုံးဖြတ်

နေပြည်တော်တွင် အမှု ၅ မှုဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှု များနှင့် ပတ်သက်၍ အမှုစတင် စွဲဆိုသည့် နေ့ရက်မှစ၍ ၆ လအတွင်း အပြီးစစ်ဆေးရန် တရားရုံးက ဆုံးဖြတ်လိုက် ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စတင် ရုံးတင်ခဲ့ခြင်း ဖြစ်၍ ယင်းရက်မှ စတင်ပြီး ၆ လ အတွင်း အမှုကို အပြီးစစ်ဆေးရန် မှုခင်းစီမံခန့်ခွဲမှု စနစ်အရ ဆုံးဖြတ်လိုက်သဖြင့် လာမည့် ရုံးချိန်းများကို အမှုအားလုံး အတွက် အနည်းဆုံး တပတ်လျှင် တကြိမ် ပုံမှန် စစ်ဆေးရန် ရှိကြောင်း တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြော သည်။

“တနလာင်္နေ့၊ အင်္ဂါ ၂ ရက်စလုံးမှာ ရှိပါမယ်။ ၆ လအတွင်း အပြီးစစ်မှာဆိုတော့ ဒီကနေ့အထိ မပြီးသေးဘူး။ ရက် ၁၈၀ အ တွင်း အပြီးစစ်ဖို့ ၁ ပတ် ၁ ခါ စစ်ရမယ်။ တရားလိုဘက်က သက်သေတွေကို မပျက်မကွက် လာရမယ်။ ဥပဒေသဘော အရ ၅ မှုစလုံးက Simple Case ပါ”ဟု ဦးခင်မောင်ဇော်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် သဘာဝ ဘေး အန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့်၂ မှု၊ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ၁ မှု၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ဖြင့် ၁ မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ၁ မှု စုစုပေါင်း အမှု ၅ မှုဖြင့် ရင်ဆိုင်နေရသည်။

ရှေ့နေ ဦးခင်မောင်ဇော်က “အမှု ၅ မှုမှာ ၃ မှုက တနလာင်္နေ့တိုင်း စစ်မယ်။ နောက် ၂ မှုကတော့ အင်္ဂါနေ့။ အဲဒီမှာ သမ္မတ ဦးဝင်းမြင့်က ၂ ရက်စလုံး ပါတယ်။ စီစဉ်ထားတဲ့ အမှုက တမှုမှာ သက်သေ ၃ ယောက်ပဲ ရှိတယ်။ အမှု အများစုမှာ သက် သေ ၁၀ ယောက်တို့ ၇ ယောက်တို့ ရှိပါတယ်။ ၂၈ ရက် ၆ လ ၂၀၂၁ မှာ တရားလို သက်သေ အပြီးစစ်ပါမယ်”ဟု ပြောသည်။

ထို့ကြောင့် တရားလိုဘက်မှ သက်သေများကို ဇွန်လ ၂၈ ရက်နေ့တွင် တရားရုံးက အပြီး စစ်ဆေးမည် ဖြစ်ပြီး အမှုများ အ တွက် စွဲချက်တင်ခံရပါက တရားခံများဘက်သို့ ဇူလိုင်လ ၂၆ ရက်နေ့တွင် အပြီးစစ်ဆေးရမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် ရုံးချိန်က ရုံးထုတ်စစ်ဆေးခဲ့သည့် နေပြည်တော် ကောင်စီဝင်းအတွင်းရှိ အဆောက် အဦ အမှတ် ၁ တွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ရုံးထုတ်မှု မစတင်မီ ရှေ့နေအဖွဲ့ နှင့် နာရီဝက်ခန့် စကားပြောဆိုခွင့် ရရှိခဲ့ သည်။

“ဒီနေ့က ကြက်သွေးရင့်ရောင် ဝမ်းဆက်လေး ဝတ်ထားပါတယ်ရှင့်။ ပြီးတော့ ခါတိုင်းလိုပဲ ပန်းတော့ မပန်ထားပါဘူး။ နောက်က စညှပ်ကလေးနဲ့ ဆံပင်ကို ညှပ်ထားပါတယ်ရှင့်။ ကျန်းမာရေး အခြေအနေလည်း ကောင်းပါတယ်”ဟု ရှေ့နေ တဦး ဖြစ်သူ ဒေါ်မင်မင်းစိုးက ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို လယ်ဝေးမြို့တွင် နေထိုင်သည့် ဦးညီညီဆိုသူကလည်း သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ဖြင့် ပြီးခဲ့သည့် မတ်လက သီးခြား တရားစွဲဆိုထားသဖြင့် ယနေ့ ရုံးချိန်းတွင် သူလည်း ရောက်ရှိလာခဲ့ပြီး ၎င်း၏ အမှုကို လည်း ယခု အမှုများနှင့် ပူးပေါင်း စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ယခု ၆ လအတွင်း အပြီးစစ်ဆေးမည့် အမှုများမှာ နေပြည်တော်တွင် အစွဲခံထားရသည့် အမှု ၅ မှုသာ ဖြစ်ပြီး ရန်ကုန် အ ရှေ့ပိုင်းခရိုင် တရားရုံးတွင် နိုင်ငံတော် လျှို့ဝှက်အက် ဥပဒေ ပုဒ်မ (၃) ဖြင့် ပြီးခဲ့သည့် ဧပြီလအတွင်းက တရားစွဲ တင်ခံ ထားရသည့် အမှု မပါဝင်သေးပေ။

ယင်းအမှုတွေကိုလည်း အရှေ့ပိုင်းခရိုင် တရားရုံးမှ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တောင်းယူထားသဖြင့် ဆက် လက် စစ်ဆေးနိုင်ခြင်း မရှိသေးသလို အမှုတွဲတွင် ကိုယ်တိုင်လျှောက်လဲမည်ဟု ဖော်ပြထားရာ ယင်းကိစ္စကို ဒေါ်အောင် ဆန်းစုကြည်မှာ မသိရှိကြောင်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

“ရန်ကုန်အရှေ့ ပိုင်းခရိုင်တရားရုံးမှာ အမှုအစွဲခံထားရတာကို အမေက သိတယ်။ ဒါပေမယ့် အဲဒီအမှုမှာ ကိုယ်တိုင် လျှောက်လဲပါမယ်ဆိုပြီး ရေးထားတာကို အမေက မသိဘူး”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ယင်းအမှုအတွက်ကိုလည်း လက်ရှိ ရှေ့နေအဖွဲ့က ရှေ့နေပါဝါ ရရှိရန် ကြိုးစားမည် ဖြစ်ကြောင်း သိရသည်။

“မစ္စတာ ရှောင်တာနယ်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးကျော်ဝင်းရယ်၊ ဦးဆက်အောင်ရယ်၊ ဦးစိုးဝင်းရယ် သူတို့ကို လျှောက်ထားတဲ့ ရာဇဝတ် အထွေထွေ လျှောက်လွှာကိစ္စပါ။ အဲဒီဟာ မီဒီယာမှာလည်း ကြိုပြီး ပြောထားတာ ရှိတယ်။ ၂၃ ရက်နေ့မှာ လျှောက်လဲချက်ပေးရမယ် ပြောတယ်”ဟု ရှေ့နေတဦး ဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။

ယနေ့ ရုံးချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်စလုံးကို ရုံးထုတ်စစ်ဆေးခဲ့သည်ဟု သိရသည်။

ဒေါက်တာ မျိုးအောင်၏ ရှေ့နေဖြစ်သူမှာ ပြီးခဲ့သည့် ရုံးချိန်းအပြီးတွင် အဖမ်းခံရသဖြင့် ၎င်းအစား တရားလွှတ်တော် ရှေ့ နေ ဒေါ်စမ်းမာလာညွှန့်က ရှေ့နေကိုယ်စားလှယ်လွှဲစာ ရရှိရန် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့သည် ၎င်းတို့ နေထိုင်သည့် အိမ်တော် အဆောင်အယောင်များမှ ပြောင်း ရွေ့ ခံထားရပြီး လက်ရှိအချိန်အထိ ၎င်းတို့ကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိကြကြောင်း ရှေ့နေအဖွဲ့ထံမှ သိရ သည်။

438  Views
Previous: နိုင်ငံတကာ ကုမ္ပဏီကြီးတွေအပေါ် အခွန်စည်းကျပ်ဖို့ G-7 နိုင်ငံတွေ သဘောတူ
Next: အကျဉ်းသား လွှတ်ရန်နှင့် သဘောတူညီချက် လိုက်နာရန် မြန်မာကို အာဆီယံ တိုက်တွန်း