ပဋိပက္ခ စောင့်ကြည့်ကြီးကြပ်ရေး ဆွေးနွေးနိုင်ရန် KIA မှကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားရောက်ရှိ

KIA မှ ဗိုလ်မှူးကြီးမရန်တောင်လာနှင့် ကိုယ်စားလှယ်အဖွဲ့ရှေ့တန်းစစ်မျက်နှာပြင်၌ ပဋိပက္ခစောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းနိုင်ရေးနှင့် အခြေစိုက်ရုံးများဖွင့် လှစ်နိုင်ရေး ဆွေးနွေးနိုင်ရန် ကချင်ပြည်နယ်မြစ်ကြီးနား မြို့သို့ မေလ (၂၁)ရက်နေ့ တွင်ရောက်ရှိမည် ဖြစ်သည်။

ထိုသို့ စောင့်ကြည့် ကြီးကြပ်ရေးရုံများဖွင့်လှစ်ရန်အတွက်မေလ(၁၃)ရက်နေ့ က မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ တပ်မတော်နှင့် KIAတို့အကြား သဘောတူညီမှုရယူခဲ့ခြင်းဖြစ်ပြီး အတည်ပြုဖွဲ့စည်းနိုင်ပါက နှစ်ဖက်အဖွဲ့စည်းမှ ကိုယ်စားလှယ် (၅)ဦးစီ ပါဝင်မည် ဖြစ်သည်။

“ဟိုဘက်ကငါးယောက် ဒီဘက်ကငါးယောက် တွေ့ပြီး မှ ဆွေးနွေးကြမယ်။ မနက်ဖြန်ရောက်ပြီး သန်ဘက်ခါတွေ့ နိုင်ဖို့ စီစဉ်ထားတယ်နဲ့တူတယ်။ KIAဘက်က အဖွဲ့တွေကတော့ မနက်ဖြန်ရောက်မယ်။”ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ လမိုင်ဂွန်ဂျာက ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပဋိပက္ခစောင့်ကြည့်ကြီးကြပ်ရေးရုံးများဖွင့်လှစ်နိုင်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ရှေ့ဆက်လုပ်ဆောင်ရမည့် အချက်များကို ဆွေးနွေး သွားမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့ ဆွေးနွေးပွဲအပြီးတွင် ကချင်ပြည်နယ်အတွင်း၌ တိုက်ပွဲအရှိန်သိသိသာသာ လျော့ချနိုင်ခဲ့ပြီး  ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ထိစပ်ဒေသအချို့တွင်သာ တိုက်ပွဲငယ်များ ရန်ဖန်ရန်ခါ ဖြစ်ပွားတတ်ကြောင်း သိရ သည်။

KIA မှ ကိုယ်စားလှယ်အဖွဲ့များ မြစ်ကြီးနားမြို့သို့ရောက်ရှိလာမည်မှာ မှန်ကန်သော် လည်း ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့နှင့် မည်သည့်နေ့ရက် တွင် တွေ့ဆုံဆွေးနွေးမည်ကို အတိအကျ မသိရှိ ရ သေးကြောင်း မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး နိုင်အောင် က ပြောသည်။

“KIA ဘက်ကနေ ဗိုလ်မှူးကြီး မရန်တောင်လာဆိုတာ သူတို့ဘက်ကအဖွဲ့ခေါင်းဆောင် ခန့်ထားပေးတာ ရှိတယ်။ သူတို့အဖွဲ့တွေက ၂၁ ရက်နေ့မှာ မြစ်ကြီးနားရုံးကို လာမယ်ဆိုတာ သိရတယ်။ လာပြီးတဲ့အခါကျတော့ ဒီဘက်ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဘယ်နေ့ဘယ်ရက်တွေ့ဆုံမယ်ဆိုတာ မရသေးဘူး။ KIA ဘက်ကနေ ပဋိပက္ခ ဖြေရှင်းညှိနှိုင်းရေးအဖွဲ့လာမယ်ဆိုတဲ့အထိပဲ သိရသေး တယ်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်အောင်က ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ တာဝန်ရှိ သူတစ်ဦး ဖြစ်သည့် ဦးအောင်နိုင်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ခုအချိန်ထိ အသိပေးခြင်း မရှိသေးသည့်အတွက် မသိရှိကြောင်းသာပြန်လည်ဖြေကြားခဲ့သည်။

1573  Views
Previous: ဖွဲ့စည်းပုံပြင်ဆင်ရေး ချောင်းသာကျေးရွာ၌ ဆန္ဒထုတ်ဖော်
Next: ဂလိုရီးယားသတင်းဂျာနယ်အဖွဲ့သားများနှင့်ပုသိမ်ဘုန်းတော်ကြီးများ တွေ့ဆုံဆွေးနွေး