စစ်တပ်က ပြည်သူကို အင်အားသုံးနှိမ်နင်းဖို့ ကြိုးစားနေကြောင်း CDM တပ်ကြပ်ကြီးပြော

ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာမှာ တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က CDM ဝင်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ပူးပေါင်းလာတဲ့ တပ်ကြပ်ကြီး စာရေး ဟင်လျန်ပြန်ရဲ့ ရုပ်သံဗီဒီယို တစ်ခုကို CDF အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

သူဟာ ဟားခါးမြို့ စစ်ဗျူဟာ ဒုတိယတိုင်းမှူး ဗိုလ်ချုပ် မျိုးထွန်းလှိုင် ကွပ်ကဲမှု လက်အောက်မှာရှိတဲ့ ချင်းပြည်နယ် စစ်ဆင်ရေးဌာနရုံးခွဲမှာ အမှုတွဲကိုင်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ချင်းဒေသ ကာကွယ်ရေးအဖွဲ့ CDFအဖွဲ့နဲ့ ပူးပေါင်းလာခဲ့သူဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ စစ်တပ်က သူတို့ကို ဆန့်ကျင်တိုက်ခိုက်မှုတွေကို ပြန်လည်ချေမှုန်းဖို့ လက်နက်ကြီးတွေကို အသုံးပြုသလို အရပ်သားတွေကို အကာအကွယ်ယူတာတွေ လုပ်နေတယ်လို့ CDM တပ်ကြပ်ကြီးစာရေး ဟင်လျန်ပြန်က ဗီဒီယိုရုပ်သံမှာ ပြောထားပါတယ်။

“ကျွန်တော်တို့ စစ်တပ်မှာ အခုဆိုရင် လူသားဒိုင်းအနေနဲ့ အသုံးပြုပြီး ရက်စက်တဲ့ နည်းလမ်းတွေနဲ့ တော်လှန်ရေး တပ်သားတွေကို နှိမ်နင်းဖို့အတွက် ကြိုးစားလာတယ်။ လူသားမဆန်တဲ့ လက်နက်ကြီးတွေ၊ ဓာတုလက်နက်တွေ တပ်ဆင်ပြီးတော့ အာဏာရှင်ကို တော်လှန်နေတဲ့ တပ်ပေါင်းစုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို ဖိနှိပ်ဖို့ ဒီလိုလက်နက်တွေ အသုံးပြုလာတာကို တွေ့ရတယ်။ ဒါလည်း ကျွန်တော် ကိုယ်တိုင် တွေ့နေတဲ့ အရာပါ။ ဘာသာရေးခေါင်းဆောင်တွေကို စည်းရုံးပြီး ဘာသာရေးကို အသုံးချ ပြီးတော့ အဲကနေတစ်ဆင့် ဖိနှိပ်ဖို့ကြိုးစားနေတယ်”

ဒါ့အပြင် စစ်တပ်ဟာ ဓာတုလက်နက် အသုံးပြုတာတွေနဲ့ ဘာသာရေးကို အသုံးချပြီး စစ်အာဏာရှင် ဆန့်ကျင် သူတွေကို ဖိနှိပ်နှိမ်နင်းဖို့ ကြိုးစားနေတယ်လို့လည်း သူကဆိုပါတယ်။ ဒါပေမဲ့ ဘယ်လို ဓာတုလက်နက် အမျိုးအစားလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုတာမရှိပါဘူး။

CDM တပ်ကြပ်ကြီးစာရေး ဟင်လျန်ပြန်ဟာ ဖလမ်းမြို့မှာ အခြေစိုက်တဲ့ အမှတ် ၂၆၈ ခြေမြန်တပ်ရင်းမှာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကပင် စတင်တာဝန်ထမ်းဆောင်ခဲ့သူပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ဧပြီလလောက်တည်းက အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ ဒုတိယတိုင်းမှူး ဗိုလ်ချုပ်မျိုးထွန်းလှိုင် ကြီးကြပ်နေတဲ့ ဟားခါးမြို့က ချင်းပြည်နယ် စစ်ဆင်ရေးဌာနခွဲမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သူပါ။

“ လူသားမဆန်တဲ့ လက်နက်ကြီးတွေ၊ ဓာတုလက်နက်တွေ တပ်ဆင်ပြီးတော့ ပြည်သူလူထုကို ဖိနှိပ်ဖို့ ဒီလိုလက်နက်တွေ အသုံးပြုလာတာကို တွေ့ရတယ်”

ဟားခါးမြို့မှာ ဖမ်းဆီးခံရတဲ့ ပြည်သူနှစ်ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ပြီးနောက် ကိုဗစ်ကြောင့် သေတယ်ဆိုပြီး ဖုံးဖိဖို့ကြိုးစားခဲ့တယ်လို့လည်း CDM တပ်ကြပ်ကြီးစာရေး ကပြောပါတယ်။

“မခံမရပ်နိုင်ဆုံးအရာက ဘာလဲဆိုတော့ ကျွန်တော်တို့ဟားခါးမှာ ပြည်သူနှစ်ယောက် ဖမ်းလာတယ်။ နေ့တိုင်း နေ့တိုင်းတော့ သူတို့ဖမ်းဆီးနေကြပါ။ နှစ်ယောက်ကတော့ သူတို့ ရိုက်ရင်းနဲ့ သေသွားတယ်။ သေသွားတဲ့ အလောင်းကို ဂရူးကိုးစ်ချိတ်ရင်းနဲ့ ကားတွေစီးပြီး ကလေးကို တိုက်ရိုက်ပို့တာပေါ့။ ကလေးမှာ ရင်ခွဲတယ်။ အလောင်းကိုမီးရှို့ တယ်။ ရင်ခွဲဆေးစစ်ချက်ကို ဆရာဝန်တွေကို ဖန်တီးခိုင်းတယ်။ ဆရာဝန် တွေက မလုပ်ဘူး။ ဒါပေမဲ့ ဖိအားပေးပြီး လုပ်ခိုင်းတယ်။ ဆေးစစ်ချက်ကို ရောဂါကြောင့် သေတယ်ဆိုတဲ့ ထွက်ဆိုချက်ကို ထွက်ဆိုခိုင်းပါတယ်။ ဒီလိုလုပ်ရပ်တွေက ကျွန်တော်မြင်နေတဲ့အတွက် ဘယ်လိုပြောမလဲ မတရားမှုတွေကို ဘုရားကိုးကွယ်ရက်နဲ့ မတရားတဲ့ နည်းလမ်းတွေကို ရက်စက်တဲ့ လုပ်ရပ်တွေ လုပ်ရက်တဲ့ ကိုယ့်ကိုယ်ကိုလည်း စိတ်မကောင်းဘူး။ ဒီလိုအခြေအနေမျိုးမှာ သူတို့နဲ့အတူ တာဝန် ထမ်းဆောင်ဖို့ ခွန်အားမရှိတော့ဘူး ကျွန်တော့်မှာ”

ဟားခါးမြို့က အမည်မဖော်လိုတဲ့ CDF အဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒီဗီဒီယိုကို တပ်ကြပ်ကြီးရဲ့ ဆန္ဒအရ ထုတ်ပြန်ခဲ့တာလို့ ပြာပါတယ်။

“သူ့သဘော ဆန္ဒအရ ဖြစ်တာပါ။ သူ့ဆီကနေ တပ်ထဲမှာ အကြီးပိုင်းနဲ့ နေတဲ့သူဆိုတော့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဟားခါးမြို့က ကိုင်ထားတဲ့အကုန်လုံးက အားလုံး သတင်းအချက်အလက် ရထားတယ်လို့ ပြောလို့ရတယ်။ သူက ကျွန်တော်တို့ အချက်ပြတာပေါ့နော်။ ထွက်လာတဲ့သူ့ရဲ့ အမျိုးသမီးနဲ့ ကလေး တွေက ပြောင်းရွေ့နိုင်ခဲ့တယ်။ သူရဲ့အဖေ အမေတွေကတော့ သွားရေးလာရေး အခက်အခဲကြောင့် အချိန် ကြန့်ကြာသွားတဲ့အတွက် ဖမ်းဆီးခံရတဲ့အတွက်လည်း ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ တပ်ထဲ မှာလည်း ကျွန်တော်တို့ ပြည်သူနဲ့ပူးပေါင်း ချင်တဲ့သူအများကြီးရှိပါတယ်”

တပ်ကြပ်ကြီးစာရေး ဟင်လျန်ပြန်က စစ်တပ်ကိုစွန့်ခွာပြီး CDM ဝင်သွားပြီးနောက် အောက်တိုဘာလ ၁၁ ရက်နေ့မှာ အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ သူ့ရဲ့မိခင်၊ မသန်စွမ်းညီမ နှစ်ဦး၊ အသက် ၁၀နှစ်အရွယ် တူမတစ်ဦး အပါအဝင် မိသားစုဝင် ငါးဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်တပ်ဟာ ပြည်သူတွေနဲ့ ပူးပေါင်းသူတွေ နောက်ထပ်မရှိရအောင် အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ သူကပြောပါတယ်။

စစ်တပ်က တပ်တွင်းအင်အား ထိန်းချုပ်ရေးအတွက် စစ်တပ်အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တိုင်းရင်းသားတွေကို တပ်တွင်းမှ ထွက်ပြေးခြင်းမပြုဖို့ ခံဝန်ကတိ ထိုးခိုင်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

military-convoy.jpeg
(ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီယာဥ်တန်းကို တွေ့ရစဉ်) Photo: CHRO

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်ကြပ်ကြီးစာရေး ဟင်လျန်ပြန်ဟာ ခွင့်မဲ့ပျက်ကွက်နေသူသာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော် သိရသလောက်ကတော့ အဲတပ်ကြပ်ကြီး/စာရေးက ခွင့်မဲ့ပျက်ကွက်တာ ကြာပါပြီ။ သူရဲ့ မိသားစု လှုံ့ဆော်မှုကြောင့် အဲရုံးကလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြောမယ်ဆိုရင် တပ်မတော်ထဲမှာ စစ်မှုထမ်းနေတဲ့အထဲမှာ ချင်းလူမျိုးတွေ တော်တော်များများလည်း ရှိပါတယ်။ ရဲတပ်ဖွဲ့မှာလည်း ရှိပါတယ်။ ရခိုင်လူမျိုး တော်တော်များများလည်းရှိတယ်။ မွန်၊ ကရင်လည်း တော်တော်များများလည်း ရှိပါတယ်။ တပ်ကြပ်ကြီး/စာရေး ဆိုတာသည် တပ်ကြပ်ကြီး/စာရေးပါပဲ။ စာရေးပါပဲ။ ရုံးဌာနတွေမှာ စာရေးနဲ့ တပ်ကဌာနတွေမှာ စာရေးတွေနဲ့ တူတူပါပဲ။ စာရေးသည် စာရေးအလုပ်ပဲ လုပ်တာဖြစ်ပါတယ်။ သူဆိုဒ် တစ်ဆိုဒ်ထဲပဲ ကိုင်တာဖြစ်ပါတယ်။ သူပြောဆိုချက်တွေ မှန် မမှန်တော့ အဲတာနဲ့သာ ချင့်ချိန်ကြည့်ပါလို့ ကျွန်တော်တို့ အဲလိုပဲပြောပါတယ်”

ချင်းပြည်နယ်မှာ စစ်တပ်နဲ့ CDF အဖွဲ့တို့ အကြား တိုက်ခိုက်မှုတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၇ ရက် မနေ့ညပိုင်းက ချင်းပြည်နယ် ဖလမ်းမြို့အနီး တားလ်ကျေးရွာနားမှာ စခန်းချနေတဲ့ စစ်ကောင်စီကား ကိုးစီးကို ချင်းဒေသကာကွယ်ရေး CDF ၊ CNF/CNDF ပူးပေါင်းအဖွဲ့က ဗုံးခွဲဖျက်စီးခဲ့တယ်လို့ CDF အဖွဲ့က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ဒီနေ့အထိ ပြည်သူတွေနဲ့ ပူးပေါင်းတဲ့ စစ်တပ်ရဲ့ရဲတွေရှိပေမယ့် အရေအတွက် အသေးစိတ်ကို CDFက ထုတ်ပြန်တာ မရှိပါဘူး။

အခု CDM တပ်ကြပ်ကြီးရဲ့ ဗီဒီယိုဟာ စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို ပြောဆိုထားတဲ့ ပထမဆုံး ဗီဒီယိုလည်း ဖြစ်ပါတယ်။

341  Views
Previous: အကျဉ်းကျနေသူနှင့် အမှုရင်ဆိုင်နေရသူ ငါးထောင်ကျော်ကို စစ်ကောင်စီ ပြန်လွှတ်
Next: Synod of Bishops on Synodality: For a Church on the move under the sign of mission in Myanmar