ဘာသာရေးပရိဝုဏ်တွင် ခိုလှုံသူများကို ပစ်မှတ်မထားရန် ကက်သလစ်ဆရာတော်ကြီး မေတ္တာရပ်ခံ

မြန်မာနိုင်ငံရှိ အများပြည်သူ ဝတ်ပြုကိုးကွယ်သည့် ဘုရားကျောင်းကန်များ၊ ဘာသာရေးဆိုင်ရာ ရှိခိုးကိုးကွယ်သော နေရာ များ၌ ခိုလှုံနေကြသည့် ပြည်သူများကို လေးစားတန်ဖိုးထားရန်နှင့် ပစ်မှတ်မထားရန် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသ နာ ဥက္ကဋ္ဌ ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုက မေလ (၂၅) ရက်စွဲဖြင့် မေတ္တာရပ်ခံချက်တစောင် ထုတ်ပြန်ခဲ့သည်။

 

ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို

 

မေလ (၂၃) ရက်၊ ညသန်းခေါင်ယံ၌ အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကယား (ကရင်နီ) ပြည် နယ်၊ လွိုင်ကော်မြို့၊ ကယန်းသာယာ(တောင်)ကျေးရွာ ယေဇူး ကက်သလစ်ဘုရားကျောင်း ပျက်ဆီးသွားခဲ့ပြီး ယင်းကျောင်း အတွင်း ခိုလှုံနေသည့် ဒေသခံပြည်သူ ၄ ဦး သေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့မှုအပေါ် ရည်ရွယ်ထုတ်ပြန်ခြင်း လည်း ဖြစ်သည်။

အဆိုပါ ပြည်သူများသည် လက်နက်ကိုင်စွဲထားခြင်း မရှိဘဲ မိသားစုကို ကာကွယ်နိုင်ရန် ဘုရားကျောင်းအတွင်း ခိုလှုံနေခြင်းသာဖြစ်ပြီး အပြစ်မဲ့ ပြည်သူများ သေဆုံးရသည့်အတွက် တနိုင်ငံလုံး ပူဆွေးကြရသည်ဟုလည်း ကာဒီနယ် ချားလ်စ်မောင်ဘို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကာဒီနယ်ချားလ်စ်မောင်ဘိုက ဘာသာရေးဆိုင်ရာ ရှိခိုးကိုးကွယ်သော နေရာများသည် ယဉ်ကျေးမှုထုံးစံအရ အများပြည် သူတို့နှင့် သက်ဆိုင်သော နေရာဖြစ်သလို အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်များဖြင့် အကာအကွယ် ပေးထားပြီး The Hague Conventions အရလည်း ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများသည် အကာအကွယ် ရရှိပြီး လုံခြုံသာနေရာများအဖြစ် သတ်မှတ်ထားသည့် နေရာများ ဖြစ်သည်ကို သတိပြုရန် လိုအပ်သည်ဟု ဆိုသည်။

လွိုင်ကော်အခြေစိုက် ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတခုမှ ဖာသာ ဖရန်စစ် စိုးနိုင်က “လူထုကို ပစ်မှတ်ထားတဲ့ ဒီလို လုပ်ရပ်ကို ရှုတ်ချပါတယ်။ လက်နက်ချင်း တိုက်တဲ့လူကိုပဲ လုပ်စေချင်ပါတယ်။ အရပ်သားတွေ အပြစ်မဲ့တဲ့ ပြည်သူတွေ အပေါ်မှာ ပစ်မှတ်ထားတာတော့ မလိုလားပါဘူး” ဟု ပြောဆိုသည်။

 

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပြည်သူများ ခိုလှုံနေသည့် ဒီးမော့ဆိုရှိ ဘုရားကျောင်းဝင်းအတွင်း အမြောက်ဆံကျရောက်မှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်ဒေသခံတဦးက “လူတွေအားလုံးက ကိုယ့်အိမ်မှာ ကိုယ်မနေရဲလို့ ဘုရားကျောင်းထဲမှာ ပုန်းရှောင်တယ်ဆိုတာ သူတို့ သိပါတယ်။ သိလျက်နဲ့ လုပ်တာပါ။ ဘုရားကျောင်း အဝန်းအဝိုင်း ဘာသာရေး အဆောက်အဦနဲ့ ပတ်သက်ပြီး ပစ် ခတ်တာတွေ၊ သတ်ဖြတ်တာတွေ မလုပ်ဖို့ တောင်းဆိုလိုတယ်။ တချို့ရွာတွေ ဘုရားကျောင်းတွေမှာတောင် မနေရဲတော့ ဘဲနဲ့ တောထဲတောင်ထဲ နေနေရတဲ့လူတွေ အများကြီးရှိတယ်” ဟု ပြောသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တွင်လည်း မေလ ၂၃ ရက်တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည် ကျရောက်သဖြင့် ဘုရားကျောင်းတခု ထိခိုက်မှုများ ရှိခဲ့သည်။

ကယားပြည်နယ်တွင် ကရင်နီလူငယ်များဖြင့် စုဖွဲ့ထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီတပ်များ အကြား မေလ ၂၁ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အတွင်းရှိ ရွာပေါင်း ၁၅၀ ခန့်မှ အရပ်သား ငါးသောင်းကျော် နေအိမ်များကို စွန့်ခွာ ထွက်ပြေးရကာ စစ်ဘေးရှောင်နေရသည်။

 

ရာနှင့်ချီ သေဆုံးပြီး ထောင်သောင်းချီ စစ်ဘေးရှောင်နေရသည့် အဖြစ်အပျက်များ ရပ်တန့်ရန် အထူးလိုအပ်ပြီး သက်ဆိုင် ရာ အဖွဲ့အစည်းများ အနေဖြင့် စစ်ပွဲများကို အမြန်ဆုံးရပ်တန့်ရန်လည်း ကာဒီနယ်ချားလ်စ်မောင်ဘိုက တိုက်တွန်းထား သည်။

 

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ ဥက္ကဋ္ဌဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုသည် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှတိုက်ဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် နာယက၊ မြန်မာနိုင်ငံ အခြေစိုက် ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတကာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ပူးတွဲဥက္ကဋ္ဌလည်း ဖြစ်သည်။

487  Views
Previous: An Earnest Appeal of Cardinal Charles Bo on Church Bombing in Loikaw
Next: ဘုရားသခင်ထံတော်သို့ သင်၏လိုရာကို ဆုတောင်းသည့်အတိုင်း မဖြစ်လာသည့်အပေါ် ရဟန်းမင်းကြီးဖရန်စစ်၏အကြံပေးစကား