မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ အခုချိန်ထိ လျော့ကျမသွားသေးပါဘူး။

ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကို ၂ လကျော်ကြာ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ အခုချိန်ထိ လျော့ကျမသွားသေးပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲ စမ်းသပ်မှုပေါင်း ၁၂,၁၉၁ ဦးကို စစ်ဆေးခဲ့တာမှာ ၃,၆၁၁ ဦးမှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ သေဆုံးသူ ၂၃၈ ဦးရှိကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါပေမယ့် အပြင်မှာ အမှန်တကယ် ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ဟာ ကျန်းမာရေးဌာနက ထုတ်ပြန်နေတာထက် အများကြီး ပိုများနိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက ပြောပါတယ်။

ဒီအတောအတွင်း စစ်ကောင်စီက တရုတ်နိုင်ငံက ဝယ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲတွေက ၁ သန်း မနေ့ သြဂုတ်လ ၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာကြောင်း နိုင်ငံပိုင် သတင်းဌာနတွေကတဆင့် ကြေညာခဲ့ပါတယ်။ စစ်ကောင်စီက တရုတ်နိုင်ငံက Sinopharm နဲ့ Sinovac ကုမ္ပဏီတို့ကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းစီ မှာယူထားတဲ့အထဲက ၁ သန်းရောက်လာတာလို့ ဆိုပါတယ်။

လောလောဆယ် တရုတ်ဆေးကုမ္ပဏီ ၂ ခုကထုတ်တဲ့ ကာကွယ်ဆေး ၂ သန်း ရောက်နေပြီဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ကြီးက သူမရဲ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။ တရုတ်နိုင်ငံကထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုးစလုံးကို WHO က အရေးပေါ် အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေဖြစ်ပြီး အသက် ၁၈ နှစ်နဲ့အထက်ရှိသူတွေကို ထိုးပေးခွင့်ရှိတယ်လို့ ဆိုပါတယ်။

497  Views
Previous: တိုကျိုအိုလံပစ်ပွဲတော်ကြီးကို အောင်မြင်စွာပြီးစီးသွားပြီ
Next: မယ်တော်သခင်မဟာ ငှက်ပိတုန်းလိုပဲ ခက်ခဲတဲ့အချိန်တွေ ကြုံရပေမယ့်၊ အဆင်မပြေတဲ့ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်နေရပေမယ့် ဘုရားကို အမြဲ ချီးမွမ်းတယ်