မြန်မာနိုင်ငံသားတွေ သွေးမကွဲကြဖို့ ရဟန်းမင်းကြီး ပန်ကြား

မြန်မာနိုင်ငံသားတွေအနေနဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ စိတ်မပျက်ကြဖို့နဲ့ အချင်းချင်း သွေးမကွဲကြဖို့ ရဟန်းမင်းကြီး ဖရန်စစ်က May (16) ဒီနေ့ ပန်ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် ရောမရောက် မြန်မာမိသားစုတွေနဲ့ အတူ ရဟန်းမင်းကြီးဖရန့်စစ်ဟာ ဒီနေ့ ဗာတီကန်နန်းတော်မှာ အထူးဆုတောင်း ဝတ်ပြုပူဇော်ပွဲကျင်းပခဲ့ပြီး အခုလို တိုက်တွန်းလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

The Ascension of the Lord ဆိုတဲ့ သခင်ယေဇူးကောင်းကင်ဘုံသို့ ကြွတော်မူသော ပွဲတော်နေ့မှာ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံသားတွေနဲ့ အတူ ဆုတောင်းပူဇော်ပွဲကျင်းပတာပါ။

ရဟန်းမင်းကြီး ဖရန်စစ်က ” မျှော်လင့်ချက် မပျောက်ပါနဲ့။ ဒီနေ့အချိန်မှာတောင် သခင်ယေဇူးဟာ ခမည်းတော်ရှေ့မှာ ကြားဝင်နေပြီး ခမည်းတော်ရှေ့မှာ ရပ်နေတယ်။ ကျွန်တော်တို့ ကယ်တင်ခြင်းအတွက် ပေးဆပ်ခဲ့တဲ့ ဒဏ်ရာတွေနဲ့ သူ့ရှေ့မှာ ရပ်နေတယ်။ ဒီဆုတောင်းချက်မှာ ခမည်းတော်က ကျွန်တော်တို့ကို ဆိုးသွမ်းမှုကနေ စောင့်ရှောက်ပြီး ဆိုးသွမ်းမှုရဲ့ တန်ခိုးအာဏာကနေ လွတ်မြောက်စေဖို့ ဆုတောင်းပြီး ကျွန်တော်တို့အားလုံးအတွက် ဆုတောင်းပေးတယ်။” ဟု မီးမောင်းထိုးပြတော်မူသည်။

ဆက်လက်ပြီး ရဟန်းမင်းကြီးက “ ပထမအချက်အနေနဲ့၊ ယုံကြည်ခြင်းကို ထိန်းသိမ်းဖို့ပေါ့။ ကျွန်ုပ်တို့ဟာ ဝမ်းနည်းကြေကွဲဖို့ ဒါမှမဟုတ် လွတ်မြောက်ရာလမ်းကို မမြင်ရတော့တဲ့သူတွေရဲ့ စိတ်ပျက်အားလျော့မှုထဲ နစ်မြုပ်သွားမှာစိုးလို့ ယုံကြည်ခြင်းက ထိန်းသိမ်းဖို့လိုတယ်။” ဟု အားပေးတိုက်တွန်းတော်မူလိုက်သည်။

ဒီနှစ် မေလ ၁၆ ရက်နေ့ဟာ ယေဇူးဘုရားသခင် ကားစင်မှာ အသတ်ခံရပြီး ရက် ၄၀ ပြည့်တဲ့နေ့၊ ကောင်းကင်ဘုံကို ကြွမြန်းတော်မူသော ပွဲတော်နေ့ဖြစ်ပါတယ်။

ဗာတီကန်က ဒီကနေ့ဆုတောင်းပွဲမှာ မြန်မာပြည်သူတွေ စိတ်ငြိမ်းချမ်းစေဖို့ ဓမ္မကျမ်းစာကို မြန်မာလိုရွတ်ဖတ်ပူဇော်ပါတယ်။ ပူဇော်ပွဲကို မြန်မာလို ဓမ္မတေးသီဆိုပြီး အဆုံးသတ်ခဲ့တာလည်းပါတယ်။

ရောမရောက် မြန်မာနိုင်ငံသား၊ ရဟန်းသီလရှင်များက ပထမဆုံးနဲ့ ဒုတိယအကြိမ် ကျမ်းစာများကို မြန်မာဘာသာလို ဖတ်ရှုကြပြီး၊ ဆာလံကျမ်းကိုလည်း မြန်မာဘာသာဖြင့် သီဆိုအေးကျူးခဲ့ကြသည်။ ၎င်းဝတ်ပြုဆုတောင်းခြင်းသို့ မြန်မာနိုင်ငံသား ၁၀၀ နီးပါး တက်ရောက်ဆုတောင်းခဲ့ကြသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ချိန်ကစလို့ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲကျင်းပတာ ဒါနဲ့ဆိုရင် ၆ ကြိမ်ရှိသွားပြီလို့ ကက်သလစ်ဘာသာဝင်တွေက ပြောပါတယ်။

ဒီလို မြန်မာပြည်သူတွေအတွက် ရဟန်းမင်းကြီးက အထူးတလည်ဆုတောင်းပေးတဲ့အတွက် အလွန်အမင်းပီတိ ဖြစ်ရပါကြောင်း ကက်သလစ်ဂိုဏ်းချုပ် Cardinal Charles Maung Bo ကသူ့ twitter မှာရေးသားပါတယ်။

ဒီအတွက်မြန်မာပြည်သူအားလုံးနဲ့ မြန်မာကက်သလစ်ဘာသာဝင်တွေကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ တင်ရှိပါကြောင်းလည်း ရေးသားပါတယ်။

571  Views
Previous: Pope Francis on Myanmar: May God convert all hearts to peace
Next: ချင်းနဲ့ တူမီး၊ တူမီးနဲ့ ချင်း