အိမ်သုံးမီးများကို မလိုအပ်လျှင် မဖွင့်ခြင်းဖြင့် မိမိဝင်ငွေကို ချွေးတာကြပါစို့

နိုင်ငံတော်အစိုးရက ပြည်သူပြည်သားများအား အရှုံးခံပြီး လျှပ်စစ်မီးများကို ဖြန့်ဝေပေးခဲ့သည်မှာ နှစ်ပေါင်း (၅၀) နီးပါး ရှိလောက်ပြီဟု ယုံကြည်ပါသည်။ ထိုသို့ အရှုံးခံမှုကြောင့် နိုင်ငံတော်သည် နှစ်စဉ် ချမ်းသာမသွားသည့်အပြင် ပိုမိုဆင်းရဲသွားသည်။ နိုင်ငံတော်သည် နှစ်စဉ်ဆင်းရဲသွားခြင်းကြောင့် တိုင်းသူပြည် သားတို့အား တစ်ယောက်မကျန် လျှပ်စစ်မီးရရှိအသုံးပြုနိုင်ရေးအတွက် အလုပ်မလုပ်နိုင်တော့ပေ။
သို့သော် အရှုံးပေါ်နေသော လျှပ်စစ်လုပ်ငန်းကို အမြတ်ရအောင် လုပ်ရန်အတွက်ကလည်း အစိုးရ မင်းများက သတ္တိရှိရန် (အထူးသဖြင့် ပြည်သူတချို့၏ အမုန်းကို ခံနိုင်ရန်) လိုအပ်လာသည်။ တနည်းပြော ရသော် လျှပ်စစ်မီတာခကို ဈေးတက်ခြင်းသည် ဒီမိုကရေစီအစိုးရအတွက်က နောက်ထပ် ရွေးကောက်ပွဲ အနိုင်ရရေးအတွက် စွန့်စားမှုတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်အထိ မည့်သည့်အစိုးရမှ အရှုံးပေါ်နေသော လျှပ်စစ်လုပ်ငန်းကို အမြတ်ရအောင်ဆိုပြီး မီတာခကို ဈေးမတက်ရဲခဲ့ကြပေ။
သို့သော် နိုင်ငံတော်ကို ဆင်းရဲတွင်းကနေ ဆွဲထုတ်နိုင်ရေး၊ တိုင်းသူပြည်သားများ၏ လူမှုစီးပွားရေး ကို ပိုမိုတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး သမ်္မတဦးဝင်းမြင့်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်တွင်မူ လျှပ်စစ်မီတာခကို ဈေးတက်လိုက်လေသည်။ ထိုသို့ဈေးတက်လိုက်ခြင်းအားဖြင့် နိုင်ငံတော် အစိုးရသည် လျှပ်စစ်စီမံကိန်းအသစ်များကို အကောင်အထည်ဖော်လာနိုင်မည့်အပြင် လျှပ်စစ်စီမံကိန်း အသစ်များအတွက် နိုင်ငံခြားနှင့်ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို ရရှိလာ မည်ဖြစ်သည်။ တိုးတက်လာသော လျှပ်စစ်ဓါတ်အားများကြောင့် နိုင်ငံတော်အစိုးရသည် တစ်နိုင်ငံလုံးရှိ ပြည်သူများအား လျှပ်စစ်မီးကို ကြိုက်သလောက်သုံး၊ ကျသလောက်ရှင်းဟူသော အဆင့်သို့ ရောက်ရှိလာပြီး လျှပ်စစ်မီးကို အခြေခံသော စက်မှုလက်မှုလုပ်ငန်းများနှင့်စီးပွားရေးလုပ်ငန်းများလည်း တိုးတက်လာမည် ဖြစ်သည်။
တနည်းအားဖြင့် ပြောရသော် သမ်္မတဦးဝင်းမြင့်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအစိုးရသည် နိုင်ငံတော်ကို ချစ်သည်ဟု ဆိုရပေမည်။ တဖက်တွင်လည်း၊ စက်မှုလက်မှုလုပ်ငန်းများနှင့်စီးပွားရေး လုပ်ငန်း များ မဟုတ်ဘဲ၊ အိမ်တွင်း မီးသုံးစွဲမှုများကိုမူ လျှော့ချကြရန် လိုအပ်လေသည်။
ထိုကြောင့်၊ စာဖတ်သူအနေဖြင့် မိမိအိမ်တွင်း မီးသုံးစွဲမှုကို လျှော့ချခြင်း (ဥပမာ၊ လူမကြည့်လျှင် ရုပ်မြင်သံကြားကို ပိတ်ထားခြင်း၊ လူမရှိလျှင် လေအေးစက်ကို ပိတ်ထားခြင်း၊ ညအိပ်ရာဝင်ခါနီးလျှင် ရေခဲသေတ်္တာကို ပိတ်ထားခြင်း၊ အိမ်သာမီးများ၊ အခန်းထဲက မီးများကို ပိတ်ထားခြင်း၊ ရေနွေးအိုး မီးခလုတ်များကို ရေနွေးဆူပြီးလျှင် ပိတ်ထားခြင်းများကို ပြုလုပ်ခြင်းများ)အားဖြင့် သင်၏မိသားစု ဝင်ငွေသည် ပိုမိုစုဆောင်းလာခြင်း သို့မဟုတ် မိသားစုသည် ပိုမိုချမ်းသာလာမည် ဖြစ်ကြောင်း တိုက်တွန်း အားပေးအပ် ပါသည်။

876  Views
Previous: ကာဒီနယ် (ရဟန်းအမတ်)မာတေးအို မာရီယား ဇူပီနှင့် တွေ့ဆုံမေးမြန်းခြင်း ““လူမျိုးရေးခွဲခြားမှုသည် ဘယ်သောအခါမျှ မသေဆုံးပါ။ ကျွန်ုပ်တို့က မကောင်းမှုကို အနိုင်ယူနိုင်မှသာလျှင် လူမျိုးရေးခွဲခြားမှုသည် သေဆုံးမည် ဖြစ်ပြီး ၎င်းမကောင်းမှုကို ပညာသားပါပါ တိုက်ဖျက်ရန် လိုအပ်နေသည်။””
Next: အမှတ်စဉ် (၆)၊ အဝေးသင်ကက်သလစ်ဓမ်္မပညာရပ်ဆိုင်ရာ ဒီပလိုမာဘွဲ့သင်တန်းအတွက် လျှောက်လွှာများကို လက်ခံနေပါပြီ