မြန်မာပြည်ကက်သလစ်သာသနာတော်တွင် ပြင်းပြသောသာသနာပြုလိုစိတ်များ ဆိတ်သုဉ်းနေပြီလား
မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော်ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၅၀၀ တိုင်ခဲ့ပြီ။ သို့ အတွက် တိုင်းပြည်လူဦးရေ၏ ၃%သာလျှင် ကက်သလစ်ခရစ်ယာန်ဘာ သာဝင်များ ဖြစ်နေကြသေးသည်။ သို့သော် နှစ်ပေါင်း ၃၀၀ ကျော်နောက်ကျပြီး မှ ရောက်ရှိလာ သော ခရစ်ယာန် ဂိုဏ်းကွဲများကမူ တိုင်းပြည်လူဦးရေ၏ ၁၅% ကျော် ရှိနေပြီ ဖြစ်သည်။ ထိုသို့သော ကွာခြားချက်ကို မြန်မာပြည်ကက်သလစ်သာသ နာတော်က နည်းဗျူဟာကျကျ သုံးသပ်ရန် လိုအပ်လာပေသည်။
တချို့သော ကက်သလစ်ဘာသာရေးခေါင်းဆောင်များကမူ ““ဒါငါတို့အလုပ်မဟုတ်၊ ဘုရားသခင်ရဲ့အလုပ်”” ဟု ဘုရားကို တာဝန်လွဲသော ပြောဆိုသံများလည်း ကြားသိခဲ့ ရသည်။ ဘုရားအလုပ်သာမှန်လျှင် ဘုရားသခင်သည် ကက်သလစ်အသင်း တော်ကို တည်ထောင်မည်လော ဟူသော မေးခွန်းကို လူကြီးမင်းတို့က မည်သို့ပြန်ဖြေမည် နည်း သို့မဟုတ် လူကြီးမင်းတို့၏ ရဟန်း ဘဝဟူသည်လည်း လိုအပ်မည်လော ဆိုသော အချက်များကိုလည်း ထည့်သွင်းပြီး သေချာသုံးသပ်သင့်ပြီ။
မြန်မာပြည်ကက်သလစ်သာသနာတော်၏ အဖြစ်မှန်ကို သေချာလေ့လာသုံးသပ်သူ ဆရာတော်တစ်ပါးမျှသာ ရှိသေးသည်ကို သတိထားမိသည်။ မြန်မာပြည်တစ်ခုလုံးကို ကက်သလစ်သာသနာတော်က မည်ကဲ့သို့ သာသနာပြုမည်ဟူသော နည်းဗျုဟာ strategic plan လည်း မရှိသကဲ့သို့ ဆရာတော်ပိုင်သာသနာများတွင် လည်း ကက်သလစ်ဘာသာဝင်မဟုတ်သူများထံသို့ မည်ကဲ့သို့ သာသနာပြုမည် ဟူသော နည်းဗျုဟာများလည်း တိုက်ရိုက်ထည့်သွင်းထားသည်ကို စီဘီစီအမ်လမ်း ညွန် The Official Catholic Directory of Myanmar 2014 စာအုပ်အရ မတွေ့ရပေ။ ကျွန်တော်တို့သတိထားမိသလောက် ဆရာတော်ကြီးများသည် ဘာသာ ဝင်များပြားသော ဒေသများတွင် ရဟန်းပိုင်စီရင်စုများကို ပိုမိုတည်ဆောက်လာကြကာ ရဟန်းတစ်ပါး၏လက်အောက်တွင် ရွာ ၃ ရွာ ၄ ရွာမျှသာ ရှိနေကြသော်လည်း ကက်သလစ်ဘာသာဝင်များ မရှိသောဒေသများတွင် ကက်သလစ်ရဟန်းများကို စေ လွှတ်ပြီး သာသနာနယ်မြေသစ်များ ထူထောင်မှု အားနည်းလာသည်ကို လေ့လာမိပါ သည်။ ထိုသို့ဖြင့် ဆရာတော်ရဟန်းတော်များသည် သွားရေးလာရေးလွယ်ကူပြီး ဘာသာတရားအရ အခြေခံကျနေသော ကက်သလစ် မိသားစုဝင်များအကြားတွင် မိမိတို့၏အချိန်များကို အသုံးပြုကြပြီး ကက်သလစ်ဘာသာဝင် မဟုတ်သော ကျေး လက်ဒေသများသို့ သွားရောက်ပြီး ခရစ်တော်၏တရားတော်ကို ဝေမျှလိုသော စိတ်များ အားနည်းလာသည်ကို တွေ့ရသည်။ ဆရာတော်ချားလ်စ်ဘို၏ နှစ် ၅၀၀ ဂျူဗလီ၊ ဒုတိယနေ့က ဟောကြားတော်မူသော တရားတော်အတိုင်း မြန်မာပြည်ကက်သလစ် သာသနာတော်သည် ကိုယ့်ကက်သလစ်၊ ကိုယ့်လူမျိုးအကြားတွင်သာ အာကျယ် ပြီး ပျော်မွေ့နေသည့်အဆင့်သာ ရှိနေသေးပြီး ကိုယ့်ကက်သလစ်၊ ကိုယ့်လူမျိုး ဟူသော ဘောင်၏အပြင်ဖက်ကို လှမ်းမကြည့်ဝံ့ကြသေးပေ။
တချို့သော ဘာသာရေးခေါင်းဆောင်များသည် ကားဖြင့်သွးနိုင်သောနေရာ၊ ဆိုင် ကယ်ဖြင့် သွားနိုင်သော နေရာ၊ သင်္ဘောဖြင့် သွားနိုင်သော နေရာများရှိ ကက်သလစ် ဘာသာဝင်များထံသို့သာ သွားကြပြီး ခြေကျင်ဖြင့် သွားရမည့် ကက်သလစ်ကျေးရွာများ ကိုပင် မသွားလိုကြတော့ပေ။ ပိုဆိုးသည်ကား ရဟန်းတချို့သည် မိမိတို့၏ လက်အောက်ရှိ ဘာသာဝင်အိမ်များကိုပင် ၅ နှစ်လျှင် တစ်ကြိမ် မလည်ပတ် သည်ကို တွေ့ရသည်။ ဘုရားကျောင်းတက်ပြန်သော်လည်း တရားဟောရမည့်အချိန် တွင် မည်သူမျှ ပြန်မပြောနိုင်သော ဘုရားဝတ်ပြုချိန်ကို အခွင့်ကောင်းယူပြီး ဘုရားကျောင်းလာ တက်သူများအား တစ်သွေး တစ်သံတစ်မိန့်စကားနှင့်အညီ ဘာသာတူများကို ကြိမ်းမောင်းနေသော ရဟန်း တချို့လည်း ရှိသည်။ ထိုကဲ့သို့သော ဘာသာတူများ၏အလှူငွေများကို စားသုံးပြီး ဘာသာတူများကို အော်ဟစ်သောရဟန်း များသည် ပြင်းပြသော သာသနာပြုလိုစိတ် ခန်းခြောက်နေသူများ ဖြစ်ကြပေသည်။
မှန်ပါသည်။ နိုင်ငံသားတိုင်းကို ကက်သလစ်ဘာသာဝင်သို့ ကူးပြောင်းစေရန် မဖြစ်နိုင်သော်လည်း တချို့သော နိုင်ငံသားများကမူ ခရစ်တော် ဘုရားရှင်ကို ယုံကြည် လက်ခံလိုသူများလည်း ရှိကြပေသည်။ သို့သော် အဖစိန်ပေါလ်မိန့်ကြားသကဲ့ သို့ ဟောပြောသူမရှိလျှင် မည်ကဲ့သို့ ခရစ်တော်ကို ကြားသိကြမည်နည်း။ စင်စစ်၊ မြန် မာနိုင်ငံကက်သလစ်သာသနာတော်၏ သာသနာပြုလိုသော စိတ်ဆန္ဒပြင်းပြမှု ကို ယေ ဘုယျအားဖြင့် သုံးသပ်ရလျှင် တောင်တန်းဒေသရှိ ဘာသာရေးခေါင်းဆောင်များ သည် မြေပြန့်ဒေသရှိ ဘာသာရေးခေါင်းဆောင်များထက် ပိုပြီးဆန္ဒပြင်းပြနေ သည် ကို တွေ့ရှိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိကက်သလစ်သာသနာတော်သည် မိမိ၏ ပင်ကိုယ် ဖြစ်သော သာသနာပြုခြင်း တာဝန်ကို ပြင်းပြသော ခံယူချက်ဖြင့် ဘာ သာရေးခေါင်းဆောင်များက ပြန်လည်အသက်သွင်းပြီး သာသနာနယ်မြေသစ်များ သို့ ခြေလှမ်းဦးတည်မည့် နည်းဗျူဟာများကို ချမှတ်လုပ်ဆောင်ကြသင့်ပြီဖြစ်ကြောင်း တိုက်တွန်းအပ်သည်။ အယ်ဒီတာချုပ်
1666 Views