အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ် မြန်မာပြည်ခရီး စီစဉ်နေ

အာဆီယံ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့သည် ရာမန်ဒန်ကာလပြီးဆုံးသော လာမည့်အပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ယင်းခရီးစဉ်သည် ဂျကာတာသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခဲ့သည့် ၃ ပတ်အကြာ ဖြစ်ပေါ်တိုးတက်မှု ဖြစ်သည်။

Prime Minister Lee Hsien Loong attends a summit of ASEAN leaders in Jakarta on Apr 24, 2021. (Photo: MCI)

စီစဉ်နေသည့် အာဆီယံ၏ မြန်မာခရီးစဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အခြား အဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံပြီး ဂျကာတာ တွေ့ဆုံမှု နောက်ဆက်တွဲ ထပ်မံ ဆွေးနွေးရန် အစီအစဉ်ဆွဲနေကြောင်းလည်း သိရသည်။

ယခုခရီးစဉ်သည် ဧပြီ ၂၄ ရက်နေ့ မြန်မာပြည်ဆိုင်ရာ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှ တောင်းဆိုချက် ၅ ချက် ထုတ်ပြန်အပြီး ပေါ်ထွက်လာသော်လည်း ဝေဖန်သူများက အာဆီယံ၏ ဆောင်ရွက်ချက်သည် သွေးစွန်းနေသော စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရာ ရောက်စေပြီး လက်ဆုပ်လက်ကိုင် ပြနိုင်သော ရလဒ်မရှိဘဲ အချိန်ဆွဲပေးနေခြင်းမျှသာဟု ဆိုနေကြသည်။

အာဆီယံအဖွဲ့ အဆင့်မြင့်သံတမန်တဦးက ခရီးစဉ်သည် အစ္စလာမ်ဘာသာဝင်များ၏ ရာမန်ဒန်ကာလပြီးဆုံးသော လာမည့် ဗုဒ္ဓဟူးနေ့နောက်ပိုင်း ဖြစ်မည်ဟု ဧရာဝတီသို့ ပြောသည်။ နေ့ရက်အတိအကျကိုမူ နေပြည်တော်မှ အတည်ပြုပြီးမှ သိရမည် ဖြစ်ကြောင်းလည်း ဆိုသည်။

သတင်းရင်းမြစ်မှ ထပ်မံဖြည့်စွက်ရာ၌ မကြာမီ အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်း ဘုရင် ဆူလ်တန် ဟာစင်နယ် ဘူကီးယားက မြန်မာပြည်ဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကို ကြေညာမည်ဟု ဆိုသည်။ နောက်ဆုံးစာရင်းတွင် ရှေ့ပြေးနေသူ ၂ ဦးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟက်ဆန်ဝီရာယုဒါနှင့် ထိုင်း ဒု နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝီရာဆက်ဖူထရာကူးလ် တို့ ဖြစ်သည်။

အဆိုပါ ၂ ဦးစလုံးမှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အတွေ့အကြုံများသူများ ဖြစ်သည်။ ဝီရာယုဒါသည် ၂၀၀၈ နာဂစ်ဆိုင်ကလုန်းကာလ လူသားချင်းစာနာမှု အကူအညီပေးရေးတွင် တာဝန်ယူခဲ့ဖူးပြီး ဝီရာဆက်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အဖြစ် ၁၉၉၁ မှ ၁၉၉၄ ထိ နှင့် ထိုင်း ဒု နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၅ မှ ၂၀၁၉ ထိ တာဝန်ယူဖူးသည်။

သို့ရာတွင် ဝီရာဆက်သည် ထိုင်းသံအမတ်ဖြစ်စဉ်ကာလက မြန်မာစစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့ဖူးသောကြောင့် နေပြည်တော်က သူ့အား မျက်စိကျ ပိုကျနိုင်သည်။ ၎င်းသည် ယခုအခါ ထိုင်းစစ်တပ်က ခန့်အပ်ထားသော ထိုင်းအထက်လွှတ်တော်အမတ်တဦးလည်း ဖြစ်သည်။

ယခု အာဆီယံ၏ မြန်မာခရီးစဉ်တွင် ဥက္ကဋ္ဌကိုယ်စား ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဒါတို အီရဝန် ယူဆော့ဖ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဒါတို လင်မ်ဂျော့ဟွိုင်တို့ ပါဝင်မည် ဖြစ်သည်။ ခရီးစဉ်တွင် ဖမ်းဆီးထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရှိ မရှိ မသိရပါ။

ပြီးခဲ့သည့် အာဆီယံခေါင်းဆောင်များ ဂျကာတာ အစည်းအဝေးက အားလုံးသဘောတူ ထုတ်ပြန်ကြေညာရာ၌ “ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်” ဟူသော တောင်းဆိုချက်ကိုလည်း ဖြုတ်ချပေးခဲ့သည်။

“ပထမဦးစွာ အကြမ်းဖက်မှုများ ချက်ခြင်းရပ်ဆိုင်းသင့်ပြီး ဘက်ပေါင်းစုံက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်ကြသည်”ဟု အာဆီယံက တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီအနေဖြင့် ဆန္ဒပြသူများအား ပစ်ခတ်သတ်ဖြတ်မှုများ ဆက်လက်ပြုလုပ်နေသလို တိုင်းရင်းသားဒေသများတွင်လည်း တိုက်လေယာဉ်မှ ဗုံးကြဲမှုအပါအဝင် စစ်ပွဲများက ပိုမိုကျယ်ပြန့်လာနေသည်။

သို့ရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့က “ငြိမ်းချမ်းစွာ အဖြေရှာရေး” အာဆီယံ၏ ကြားဝင်ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း ပြောကြားခဲ့ကြသည်။

မကြာသေးမီက တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံရာတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အာဆီယံလမ်းကြောင်း” အတိုင်း မြန်မာက ဆောင်ရွက်မည်ဟု ပြောဆိုခဲ့သည်။

အာဆီယံ ခေါင်းဆောင်များ၏ ဂျကာတာ တောင်းဆိုချက် ၅ ချက်မှာ (၁) မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေး (၂) ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေတခုကို ရှာဖွေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကြား အပြုသဘော ဆောင် ဆွေးနွေးရေး (၃) အာဆီယံဥက္ကဋ္ဌ၏ သံတမန်တဦးက အထွေထွေအတွင်းရေးမှူး၏ အကူအညီဖြင့် ဖျန်ဖြေပေးရေး ( ၄) အာဆီယံ၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Centre)မှ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး (၅) သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်တွေ့ဆုံရန် အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ရေးတို့ ဖြစ်သည်။

စစ်ကောင်စီဆန့်ကျင်ရေး အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG)ကမူ အာဆီယံ၏ ဝင်ရောက်ညှိနှိုင်းမှုဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ မစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ထိန်းသိမ်းခံထားရသည့် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုထားသည်။

500  Views
Previous: တက္ကသိုလ် ၁၅ ခုမှ ဝန်ထမ်း ၁၆၀၀ ကျော်ကို တာဝန်မှ ရပ်ဆိုင်းကြောင်း စစ်ကောင်စီကြေညာ
Next: အိန္ဒိယနိုင်ငံ ၂၄ နာရီအတွင်း လူ ၄ သိန်းကျော် ကိုဗစ်ပိုးကူးစက်