ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို အာဏာသိမ်းအစိုးရ ဟု သုံးနှုန်းရေးသားခြင်းမပြုရန် သတင်းမီဒီယာများကို သတိပေး

တပ်မတော်က ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို “အာဏာသိမ်း အစိုးရ” ဟု သုံးနှုန်းရေးသားခြင်း မပြုရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ဖေဖော်ဝါရီလ ၁၂ ရက် ညပိုင်းတွင် အကြောင်း ကြားလိုက်သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က “စာပါ အကြောင်းအရာကို ကောင်စီထဲ တော့ မဆွေးနွေးရသေးဘူး။ သို့ပေမယ့် ဒီဟာကိုတော့ လက်မခံဖို့ အများစုရဲ့ သဘောထား ရှိကြပါတယ်။ ဒီနေ့နဲ့ မနက် ဖြန် ဆွေးနွေး ဖြစ်ပါမယ်။ သတင်းဌာနတွေရဲ့ အသုံးအနှုန်းနဲ့ပတ်သက်လို့ လွတ်လပ်စွာ ရေးပိုင်ခွင့် ပဲလို့ ယူဆပါတယ်” ဟု ပြောကြားသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၏ အကြောင်းကြားစာတွင် ယခုအခါ တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းဆောင်ရွက်နေမှုကို အာဏာသိမ်း အစိုးရ ဟု ရေးသား သုံးနှုန်းခြင်းများ တွေ့နေရကြောင်း ပါရှိသည်။

အဆိုပါ ရေးသားချက်များကို အချို့သော သတင်းစာ၊ ဂျာနယ်၊ သတင်းမီဒီယာ ဝက်ဘ်ဆိုက်နှင့် အွန်လိုင်းမီဒီယာများတွင် တွေ့မြင်နေရပြီး ယင်း ရေးသားချက်များသည် သတင်းမီဒီယာကျင့်ဝတ်နှင့် မလျော်ညီကြောင်း ဖော်ပြထားသည်။

သတင်း မီဒီယာသမားများ၊ သတင်းမီဒီယာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို အာဏာသိမ်း အစိုးရ ဟု မမှန်မကန် သုံးနှုန်းခြင်းများ အပါအဝင် လူထု ဆူပူအုံကြွမှု ဖြစ်စေရန် သွေးထိုးလှုံ့ဆော်ပေးသည့် လုပ်ဆောင်မှု များ မပြုလုပ်ကြရန်နှင့် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန်လည်း ပြန်ကြားရေး ဝန်ကြီးဌာနက တိုက်တွန်း ထားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ တွဲဖက် အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ပြန်ကြားရေးဝန်ကြီးဌာန၏ အကြောင်း ကြားစာသည် သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ရန် ပထမဆုံး ပြသလာသည့် လက္ခဏာတခုဖြစ်ကြောင်း မှတ်ချက်ပေး သည်။

The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကလည်း အာဏာသိမ်း အစိုးရ ဆိုသည့် ရေးသား တင်ပြချက်သည် သတင်းမီဒီယာ ကျင့်ဝတ်နှင့် မညီညွတ်သည့် ရေးသားတင်ပြချက် မဟုတ်ကြောင်း ရှင်းပြသည်။

“အွန်လိုင်းမှာ Social Influencer တွေက ဒီထက် ပိုပြင်းထန်တဲ့ အသုံးအနှုန်းတွေ သုံးနှုန်းပြီး ရေးနေတာပေါ့။ အဲဒီအချိန် မှာ Main Stream Media တွေမှာ အာဏာသိမ်းအစိုးရ လို့ ရေးတာက ဘာမှ ကျင့်ဝတ် ဖောက်ဖျက်တာ မဟုတ်ဘူး။ ဒီစာ အရဆိုရင် သူတို့ဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ သဘော သဘာဝကို နားမလည်တဲ့ သဘော သက်ရောက်တယ်” ဟု ၎င်းက ပြောဆိုသည်။

အာဏာသိမ်း အစိုးရ ဟု မရေးသားရ ဆိုသည့် ပြန်ကြားရေးဝန်ကြီးဌာန၏ အကြောင်းကြားစာသည် လွတ်လပ်စွာ ရေးသား ဖော်ပြခွင့်ကို ကန့်သတ်ရန် ကြိုးပမ်းလာသည့် လုပ်ဆောင်ချက် တခုသာ ဖြစ်ကြောင်း ဦးကျော်မင်းဆွေက ထောက်ပြပြော ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က NLD အစိုးရခေါင်းဆောင်များ၊ ပါတီဝင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဝန်ကြီး ချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထားခြင်း၊ ရာထူးမှ ဖယ်ရှားပြီး လူအသစ်ခန့်အပ်ခြင်းတို့ကို ပြု လုပ်ခဲ့သည်။ ထို့ပြင် နေ့စဉ်ပြသနေသည့် ရုပ်သံလိုင်းတချို့ကို ပြသခွင့် ဖြတ်တောက်ထားခြင်း၊ ထိန်းချုပ်ခြင်းများ ပြုလုပ် ထားကြောင်း သိရသည်။ Credit to Irrawaddy Burmese News

524  Views
Previous: Civil Disobedience Movement is destabilizing Myanmar Military Administration Bureaucracy
Next: ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ငြိမ်းချမ်းစွာဖြင့် သပိတ်မှောက်