ဘုန်းတော်ကြီးဂျိုးဇက်မောင်ဝင်းက ကက်သလစ်သာသနာတော်၏ခရစ်ယာန်ဂိုဏ်းပေါင်းစုံတစ်လုံးတစ်ဝတည်းဖြစ်ရေးလုပ်ငန်းကို ရှင်းပြတော်မူ

photo-b
စက်တင်ဘာလ ၅၊ ရန်ကုန်

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ်လက်အောက်ရှိ Episcopal Commission on Ecumenism ခရစ်ယာန် ဂိုဏ်းပေါင်းစုံတစ်လုံးတဝတည်းဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန်အလှန် ဆွေးနွေးခြင်းကော်မရှင် အတွင်းရေး မှူးဖြစ်တော်မူသော ဘုန်းတော်ကြီး ဂျိုးဇက်မောင်ဝင်းက မိမိကော်မရှင်၏ လုပ်ငန်းလုပ်ပိုင်ခွင့်အောက်တွင် ကြီး မားသောအောင်မြင်မှုမျိုးကို မျှော်လင့်ထား၍ မရနိုင်ကြောင်းဖြင့် ဂလိုရီးယားသတင်းဂျာနယ်သို့ မိန့်ကြားတော်မူလိုက် သည်။

၎င်းဘုန်းတော်ကြီးက ““ဖာသာရ်တို့ရဲ့ လုပ်ပိုင်ခွင့်လုပ်ငန်းတွေကို မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီး အဖွဲ့ ချုပ်နှင့်မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီတို့ ပူးတွဲပြီး ချမှတ်ထားတဲ့ဘောင်ထဲ (၄) ချက်ထဲမှာပဲ လုပ်ဆောင်ရပါတယ်။ အဲဒီ (၄) ချက်ကို ကျော်လွန်ပြီး လုပ်လို့မရဘူး။ အဲဒီ (၄) ချက်တွေကတော့၊

၁။    ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေးအတွက် ဆုတောင်းရာရက် အဋ္ဌပတ်ဝတ်ပြုကိုးကွယ်ခြင်း။
၂။    ဂိုဏ်းပေါင်းစုံလေ့လာရေး ဆွေးနွေးပွဲ။
၃။    Pastors and Ministers Fellowship သိုးထိန်းများနှင့်အမှုဆောင်များမိတ်သဟာယဖွဲ့ခြင်း
၄။    ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ဆုတောင်းရာ ရက်သတ္တပတ်

 

ဆက်လက်ပြီး ဘုန်းတော်ကြီး ဦးမောင်ဝင်းက ““ဒီအချက်လေးချက်တွေထဲမှာတောင်မှ အချက်နံပါတ် (၃)ကိုတော့ တစ်ခါမှမလုပ်နိုင်သေးဘူး။ အဲဒီတော့ အောင်မြင်တယ်၊ မအောင်မြင်ဘူးလို့ ဝေဖန်သုံးသပ်ဖို့ထက် နှစ်စဉ် ဒီအချက် (၄) ချက်ကို ဘယ်လိုလုပ်ရမလဲဆိုတာ ကိုတောင် နှစ်ဖက်ညှိရတာ မလွယ်ဘူး။ ခင်ဗျားတို့ဂျာနယ်က မေး တဲ့ ပြည်ကက်သ လစ်သာသနာမှဘုန်းတော်ကြီး အောင်လင်းစိန်က ဒီနှစ်မှာမှ ပထမဆုံးအကြိမ် ပါဝင်ဖူးတဲ့လူဆိုတော့ ကျွန်တော်တို့ လုပ်ငန်းရဲ့အတိမ်အနက်တွေကို သေချာမသိသေးဘဲနဲ့ ပြောတာဖြစ်ပါတယ်။ တကယ် တော့ ခင်ဗျားတို့ဖက်က ကျွန်တော် တို့ကိုလည်း မေးမြန်းသင့်ပါတယ်”” ဟု အယ်ဒီတာချုပ်အား ဆုံးမတော်မူသည်။

 

ဆက်လက်ပြီး အယ်ဒီတာချုပ်က ““ဒီလိုမျိုး ခရစ်ယာန်ဂိုဏ်းပေါင်းစုံတွေ့ဆုံပွဲမှာ တခြားခရစ်ယာန်တွေဖက်က ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေဟာ မယ်တော်မာရီယားကို ရှိခိုးကိုးကွယ်တယ်ဆိုပြီး ပြောဆိုတာမျိုးတွေကို မကိုးကွယ်ပါဘူး၊ အကြည်အညိုပေးတာဆိုပြီး ရှင်းပြတဲ့ ကြေညာချက်မျိုးကို ထုတ်ပြန်ပေးခွင့် ရှိပါသလား”” ဆိုပြီး မေးမြန်းရာ ၎င်းဘုန်းတော် ကြီးက ““ကြေညာချက်တစ်ခုထုတ်ဖို့ဆိုရင် ကက်သလစ်ဖက်ကတော့ ကျွန်တော်က ကျွန်တော့ဆရာတော်ကို အရင်တိုင်ပင်တယ်၊ ကျွန်တော့ဆရာတော်နဲ့မှ မပြီးရင် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များအဖွဲ့ချုပ်ကို တိုင်ပင်ရ တာတွေ ရှိသလို အရင်တုန်းက ထုတ်ပြန်ခဲ့ဖူးတဲ့ကြေညာ ချက်တွေအပေါ်မှာလည်း သက်ဆိုင်သူတွေဖက်က အလေး အနက် မထားတာမျိုးတွေ ရှိကြောင်း”” မမောမပန်း ရှင်းပြတော်မူသည်။

 

ဂလိုရီးယားသတင်းဂျာနယ်သည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ်လက်အောက်ရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ တစ်လုံး တဝတည်းဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန်အလှန် ဆွေးနွေးခြင်းကော်မရှင်မှ နှစ်စဉ်ပြုလုပ်လျက်ရှိသော ခရစ်ယာန်ဂိုဏ်း ပေါင်းစုံတစ်လုံးတ၀ တည်းဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန်အလှန် ဆွေးနွေးခြင်းသည် လူမှုရေး အဆင့်သာ ရှိနေသေးကြောင်းဖြင့် ကက်သလစ်ဘုန်းတော်ကြီး အောင်လင်းစိန်က ဂလိုရီးယား သတင်းဂျာနယ် သို့ ဖြေကြားချက်ကို ၂၀၁၄ ခုနှစ် ဇွန်လထုတ် ဂလိုရီးယား သတင်းဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ ၎င်းဖော်ပြချက်နှင့်စပ်လျဉ်းပြီး ၎င်းကော်မရှင်၏ အတွင်းရေးမှူးဖြစ်တော်မူသော ဘုန်းတော်ကြီး ဂျိုးဇက်မောင်ဝင်းအား အထက်ပါအတိုင်းသွားရောက်မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ ဆက်လက်ပြီး ယေဟောဝါအဖွဲ့ သည် မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီအောက်တွင် ပါဝင်ခြင်းရှိမရှိ မေးမြန်းရာ ၎င်းဘုန်းတော်ကြီးက ယေဟောဝါအဖွဲ့ သည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီအောက်တွင် မပါဝင်ကြောင်း၊ သို့သော် ယေဟောဝါအသင်းဝင် များသေဆုံးလျှင်မူ ခရစ်ယာန်သခြိုၤင်းထဲတွင် သဂြိုလ်ပါကြောင်း၊ ဒီလိုသဂြိုလ်ခြင်းသည် မိမိတို့၏ကြင်နာသနားခြင်း ကို ပြသခြင်ဖြစ်ကြောင်း”” ဖြင့် မိန့်ကြားပေးတော်မူသည်။

 

ဘုန်းတော်ကြီး ဂျိုးဇက်မောင်ဝင်းသည် လက်ရှိမြန်မာနိုင်ငံနှင့်ရန်ကုန်ကက်သလစ်သာသနာတွင်မူ ကော်မရှင်အများဆုံးကို တာဝန်ခံနေရ သော တစ်ပါးတည်းသော ရဟန်းဖြစ်တော်မူပြီး လက်ရှိတာဝန်ထမ်းဆောင်နေသော လုပ်ငန်းများမှာ၊ စိန်အန်ထော်နီ သာသနာ၏ ကျောင်း ထိုင်ဘုန်းတော်ကြီး၊ ရန်ကုန်ကက်သလစ်ဂရုဏာအဖွဲ့၏ညွန်ကြားရေးမှူး၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံသချိုင်းတာဝန်ခံ၊ စိန်ဗင်းဆင့်ဒီပေါလ်၏ တာဝန်ခံအဖြစ် ဆရာတော်ချားလ်စ်ဘို၏ တာဝန်ပေးအပ်ခြင်းကို ခံရသူ ဖြစ်တော်မူသည်။ ၀၀၅ ဝင်းလှိုင်ဦး

1980  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဥရောပသမဂ္ဂပါလီမန်တွင် မိန့်ခွန်းမိန့်ကြားမည်
Next: ယုံကြည်ခြင်းသည် ဒီဂရီဘွဲ့လက်မှတ်ပေါ်တွင် မမူတည်ဘဲဘုရားရှင်မြတ်ပေါ်တွင် အခြေခံကြောင်းဖြင့် ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားတော်မူ