ရဟန်းမင်းကြီးက ကက်သလစ်ဆရာတော်ကြီးများ အသက်တော် (၇၅) နှစ်ပြည့်လျှင် အငြိမ်းစားယူရမည်ဟု ဥပဒေအသစ်ထုတ်ပြန်တော်မူ

010-b

ရဟန်းမင်းကြီးဖရန်စစ်က ကက်သလစ်ဆရာတော်ကြီးများသည် အသက် (၇၅) နှစ်ပြည့်လျှင် အနားယူရန် ရဟန်းမင်းကြီးထံသို့ စာတင်ရမည်ဟူသော ဥပဒေအပြင်  ဗာတီကန်နန်းတော်တွင် တာဝန်ထမ်းဆောင်နေကြသူများအား လုံးသည် အသက် (၇၅) နှစ်ပြည့်လျှင် အငြိမ်းစားယူကြရမည်ဟူသော ဥပဒေ သစ်တစ်ခုကို နိုဝင်ဘာလ ၃ ရက်နေ့က လက်မှတ်ထိုးပြီး ၅ ရက်နေ့က ထုတ်ပြန်တော်မူ လိုက်သည့်အပြင် စတင်အသက်ဝင်ပြီး ဖြစ်သည်။ ၎င်းဥပဒေ သစ်တွင် ကက်သလစ်သာသနာတော်နှင့် ကက်သလစ်ခရစ်ယာန် ဘာသာဝင် များကို ပြည့်ပြည့်၀၀အစေခံနိုင်ရန်အတွက်သိုးထိန်းတာဝန်ကိုလုပ်ဆောင်ကြရာ တွင် ခွန်အားနှင့်အသက်အရွယ်တို့လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် အသက် ရ၅ နှစ်ပြည့်လျှင်ကက်သလစ်သာသနာတော်အတွင်းအမှုထမ်းကြသူများအားလုံးသည် အငြိမ်းစားယူကြရမည်ဟု ထုတ်ပြန်တော်မူလိုက်သည်။

ဗာတီကန်နိုင်ငံ၏ပြောရေးဆိုခွင့်ရှိသူ ဘုန်းတော်ကြီး စီရိုဘေနေဒက်တီနီက ““ယခုဥပဒေသစ်က အထူးအဆန်းမဟုတ်တော့ကြောင့် ဒါပေမယ့် ရှိပြီးသော ဥပဒေကို ပြန်လည်အားကောင်းစေကြောင်း၊ ၁၉၈၃ ကာနွန်ဥပဒေနှင့် ၁၉၉၀ အရှေ့တိုင်းကက်သလစ် သာသနာတော်၏ ကာနွန်ဥပဒေအရ၊ ဆရာတော်ကြီး များသည် အသက် ၇၅ နှစ်ပြည့်လျှင် အနားယူရန် ရဟန်းမင်း ကြီးထံသို့ စာတင် ရမည်ဟု ဥပဒေပြဌာန်းထားကြောင်း၊ ရဟန်းမင်းကြီးဖက်ကလည်း လက်ခံလက် မခံသည်မှာ မိမိနှင့်သာသက်ဆိုင်ကြောင်း”” ပြဌာန်းထားသည်။ သို့သော် ယခုဥပဒေသစ်တွင်မူ ရဟန်းမင်းကြီးက ဆရာတော်တစ်ပါး၏ အနားယူ ခွင့်လျှောက်လွှာကို လက်ခံလိုက်လျှင် ၎င်းဆရာတော်သည် မည်သည့်တာဝန်ကို မျှ ဆောင်ရွက်ခွင့် မရှိတော့ဘဲ ချက်ချင်းပင် အလိုလို လုပ်ပိုင်ခွင့် ကုန်ဆုံး သွားပြီဖြစ်ကြောင်း၊ သို့သော် အနားယူထားသောဆရာတော်ကြီးသည် တစ်နိုင်ငံလုံးဆိုင်ရာဆရာတော်ကြီးများအဖွဲ့ချုပ်တွင်မူ တာဝန်တစ်ခုခုကို ထမ်းဆောင် ခွင့် ရှိနေသေးသည်”” ဟု ဖော်ပြထားသည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးသည် သာသနာတော်အတွက် ခိုင်လုံသောအကြောင်းအရာ များပေါ်မူတည်ပြီး အသက် ၇၅ နှစ်မပြည့်သေးသောဆရာတော်တစ်ပါးကို အနားယူစေခိုင်းနိုင်သည်ဟုလည်း ၎င်းဥပဒေသစ်တွင် ဖြည့်စွက် ထားသည်။ ရဟနာဂျွန်ပေါလ် (၂) က ၁၉၈၈ ခုနှစ်တွင် ထုတ်ပြန်ထားသော ဗာတီကန် နန်းတော်အတွင်းရှိတာဝန်ထမ်းဆောင်သူများနှင့် စပ်လျဉ်းပြီး ““ဗာတီကန် နန်းတော်တွင် တာဝန်ထမ်းဆောင်နေကြသော ကာဒီနယ်ဆရာတော်များနှင့် ဆရာတော်များသည် အသက် ၇၅ နှစ်ပြည့်လျှင် အနားယူရန်လျှောက်လွှာကို ရဟန်းမင်းကြီးထံသို့ တင်ရမည်ဖော်ပြထားသော်လည်း ၁၉၈၈ ခုနှစ်က ထုတ်ပြန်ထားသော ဥပဒေတွင်မူ ကာဒီနယ်ဆရာတော်မဟုတ်သူသည် အသက် ၇၅ နှစ်ပြည့်လျှင် တာဝန်မှ အလိုလို အနားယူပြီဟု နားလည်ရမည် ဟု ပြဌာန်းထားသည်။ နောက်ထပ်ထူးခြားချက်ကမူ၊ ဗာတီကန်နန်းတော်ရှိ သက်ဆိုင်ရာဌာန (ဝန်ကြီးဌာန) များတွင် တာဝန်ထမ်းဆောင်နေကြ သော မည်သူမဆို အသက် (၈၀) ရောက်လျှင် အလိုလို အနားယူပြီဟု သတ်မှတ် ထားကြောင်းဖြင့် ဖြည့်စွက်ထည့်သွင်းထားသည်။

ယခုထုတ်ပြန်ထားသော ဥပဒေသစ်တွင်မူ၊ ဗာတီကန်နန်းတော်တွင် တာဝန် ထမ်းဆောင်နေကြသော ကာဒီနယ်ဆရာတော်မဟုတ်သူများ၊ အတွင်းရေးမှူး များ၊ ဆရာတော်များသည် အသက်တော် ၇၅ နှစ်ပြည့်လျှင် မိမိတို့၏ အလုပ်တာဝန်မှ အလိုအလျောက် အနားယူပြီဖြစ်ကြောင်း ပြဌာန်းထားသည်။ လက်ရှိဗာတီကန်နန်းတော်တွင် ဝန်ကြီးဌာနဟု ပြောဆိုရသော ဌာန (၁၂) ခုကို ရဟန်းမင်းကြီး၏ ခန့်အပ်မှုဖြင့် ကာဒီနယ်ဆရာ တော်များက ဥက္ကဌ အဖြစ် ဆောင်ရွက်ဦးဆောင်နေကြပြီး ဌာန (၅) ခုကိုမူ ဆရာတော်အဆင့်ရှိ သူများက ဥက္ကဌအဖြစ် လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း သိရှိရသည်။

နောက်ဆုံးအချက်အနေဖြင့်၊ ၎င်းဥပဒေသစ်ထဲတွင် ရဟန်းမင်းကြီးဖရန်စစ်က ““အသက်အရွယ်ပြည့်မှု၊ ကျန်းမားရေးချို့ယွင်းမှု သို့မဟုတ် တခြားသော အကြောင်းအရာများကြောင့် အနားယူ သွားကြသော ဆရာတော်များကို ဒေသခံ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များကသူတို့နှင့်တစ်လုံးတဝတည်းရှိခြင်းနှင့်နားလည်ပေးခြင်း တို့ကို ဖော်ထုတ်ကြရမည့်အပြင် လူမှုရေးနှင့်တရားမျှတမှုရှုထောင့်မှလည်း ဆရာတော်များ၏လိုအပ်ချက်များကို ကူညီပံ့ပို့ပေးကြရမည်”” ဟု ပြဌာန်း ထားတော်မူသည်။ ယခုကဲ့သို့သော ဥပဒေသစ်ကိုထုတ်ပြန်ခြင်း သည် ကက်သလစ်သာသနာတော်၏ ကာနွန်ဥပဒေနှင့် အတိုင်ပင်ခံကာဒီနယ် ဆရာတော်ကြီးများ (၈) ပါးတို့၏ အကြံပေးချက်မူတည်ပြီး ထုတ်ပြန် ထားခြင်း ဖြစ်သည်ဟု ကြားသိရသည်။ ၀၀၅ ဝင်းလှိုင်ဦး

1668  Views
Previous: မြန်မာပြည်ကက်သလစ်သာသနာတော်အတွက် ဆရာတော်ချားလ်စ်ဘို မိန့်ကြားတော်မူသော အနာဂါတ်တွင် စောင့်ကြိုနေသော အခွင့်အရေးများနှင့်စိန်ခေါ်မှုများ
Next: ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီးများ ယဉ်ကျေးမှု ဖလှယ်ပွဲကို တောင်ကိုရီးယားနိုင်ငံတွင် အတူတကွကျင်းပပြုလုပ်