ဗာတီကန်၏ဗဟိုချုပ်ကိုင်ခြင်းစနစ်မှ နိုင်ငံအခြေစိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သို့ လုပ်ပိုင်ခွင့်ပိုမိုပေးရန် ပြင်ဆင်နေ

009-b

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်တကမ္ဘာလုံးရှိကက်သလစ်ကာဒီနယ်ဆရာတော်ကြီးများကို ဖိတ်ခေါ်ပြီး ကာဒီနယ်များ ညီလာခံကို ဖေဖော်ဝါရီလ ၁၂-၁၃ ရက်နေ့တို့တွင် ဗာတီကန်ရုံးတွင် ပြုလုပ်ခဲ့ကြသည်။ ၎င်းကာဒီနယ်များ၏ အစည်းအဝေးတွင် ရဟန်းမင်းကြီးလက်အောက်ရှိ ဗာတီကန်ရုံးများနှင့် နိုင်ငံတစ်ခုချင်းတွင် တည် ရှိနေကြသော ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ ချုပ်တို့အကြားတွင် မျှတသော တာဝန်ခွဲဝေခြင်းတို့အကြောင်းကို ဦးစားပေးဆွေးနွေးခဲ့ ကြကြောင်းဖြင့် ဗာတီကန်နိုင်ငံ၏ပြောရေး ဆိုခွင့်ရှိသူ ဘုန်းတော်ကြီး လွမ်ဘာရ်ဒီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ သတင်းထောက်များ အား ပြောကြားလိုက်သည်။

၎င်းအစည်းအဝေးကို တက်ရောက်သူ ကာဒီနယ်အပါးပေါင်း (၁၆၄) ပါး ရှိသည့် အနက် ဆရာတော်အပါး (၄၀) လောက်က ရောမမြို့ ရှိကက်သလစ်သာသ နာတော်၏ရုံးများကို ပြုပြင်ရန်နှင့် ရဟန်းမင်းကြီးရုံး၏လုပ်ပိုင်ခွင့်များကို နိုင်ငံ အခြေစိုက် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ထံသို့ ခွဲဝေပေးရမည့် အကြောင်းအရာများကို တင်သွင်းဆွေးနွေးခဲ့ကြသည်။ သို့သော် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ မပြုလုပ်သေးကြောင်း သိရှိရသည်။

ဂါနေဒါနိုင်ငံမှကာဒီနယ်ဆရာတော်ကြီး ဂျေရတ်လာဂရုစ်ကာမူ ရောမမြို့ရှိကက်သလစ်သာသနာတော်၏ရုံးများသည် ရဟန်းမင်းကြီးကို အကူအညီပေးရန်နှင့် တကမ်္ဘာလုံးရှိကက်သလစ်သာသနာ တစ်ခုစီကို လိုအပ်သောအကူအညီပေးရန်သာ ဖြစ်သည်ဟု ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ဗာတီကန်ရေဒီယိုသို့ မိန့်ကြားတော်မူသည်။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကလည်း မကြာခဏဆိုသလိုမိန့်ကြား သည့်အတိုင်း၊ တကမ္ဘာလုံးက ဆရာတော်ကြီးများက ရောမမြို့ရှိကက်သလစ် သာသနာဆိုင်ရာရုံးများသို့ လာရောက်ချိန်သည် အစဉ်အလာတစ်ခုမျှသာ မဟုတ်ဘဲ ဗာတီကန်၏ အကူအညီများ၊ လမ်းညွန်မှုများ၊ အားပေးမှုများနှင့် မိမိတို့သာသနာနယ်အတွက် လိုအပ်သောပစ္ဆည်းများကို ရရှိရန် လာရောက် ကြခြင်း ဖြစ်ကြောင်းကို အားလုံး၏စိတ်ထဲတွင် အမြဲထည့်သွင်းထားကြရမည်ဟု ကာဒီနယ်များနှင့်ရောမမြို့ရှိကက်သလစ် သာသနာ တော်ဆိုင်ရာရုံးအသီးသီးမှ ဝန်ထမ်းများအား မိန့်ကြားတော်မူခဲ့သည်။

ဖေဖော်ဝါရီလ ၁၂-၁၃ ရက်နေ့က ပြုလုပ်ခဲ့ကြသော ကာဒီနယ်များ၏ အစည်းအဝေးတွင် ကာဒီနယ်များက ရဟန်းမင်းကြီး၏ လက်အောက်တွင် ““သာမန်ကက်သလစ် ဘာသာဝင်များဆိုင်ရာဝန်ကြီးဌာနတစ်ခုကို ထပ်မံဖွဲ့ စည်းဖွင့်လှစ်ရန်နှင့် ရောမမြို့ရှိကက်သလစ်သာသနာတော်ဆိုင်ရာရုံးအသီးသီးတွင် အမျိုးသမီးများကို မည်ကဲ့သို့ တာဝန်ပေးခန့်အပ်နိုင်မည်ကို ဆွေးနွေးခဲ့ကြ သည်ဟု ဘုန်းတော်ကြီးလွမ်ဘာရ်ဒီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ သတင်းထောက်များအား ပြောကြားလိုက်သည်။

ရဟန်းမင်းကြီးက အစည်းအဝေးတွင် အဖွင့်အမှာစကားကို မိန့်ကြားရာ တွင် ရောမမြို့ရှိကက်သလစ်သာသနာဆိုင်ရာရုံးများ၏အဓိကတာဝန်သည် ငွေရှာခြင်းနှင့် လုပ်ငန်းထိရောက်မှုကို လုပ်ဆောင်ခြင်းထက် ရုံးဌာနအချင်းချင်းတွင် ပိုပြီးစည်း လုံးမှုရှိရန် လုပ်ဆောင်ရန်နှင့် ခရစ်တော်၏တရားတော်ကို ဟောပြောရာတွင် ဗာတီကန်ရုံးများနှင့်နယ်ခံသာသနာအုပ်စုများအကြားတွင် စည်းလုံးညီညွတ်ခြင်း ကို ပိုမိုခိုင်မာစေရန်နှင့် အားဖြည့်ပေးရန်တို့ ဖြစ်ကြကြောင်းဖြင့် ထည့်သွင်းမိန့် ကြားတော်မူသည်။

ဖေဖော်ဝါရီလ ၁၂-၁၃ ရက်နေ့က ပြုလုပ်ခဲ့ကြသော ကာဒီနယ်များ၏ အစည်းအဝေးတွင် ကာဒီနယ်များက ““ဒုတိယဗာတီကန် ကောင်စီ၏အစည်း အဝေးတွင် သာမန်ကက်သလစ်ဘာသာဝင်များသည် ကက်သလစ်သာ သနာတော်၏အသက်တာတွင်အရေးကြီးသောခေါ်တော်မူခြင်းနှင့်အခန်းကဏ္ဍများကို လုပ်ဆောင်နိုင်ကြကြောင်းကို အတိအလင်းဖော်ပြထားပြီဖြစ်သောကြောင့် ““သာမန်ကက်သလစ်ဘာသာဝင်များဆိုင်ရာဝန်ကြီးဌာန”” ကို ဖွဲ့စည်း ရန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု ဘုန်းတော်ကြီး လွမ်ဘာရ်ဒီက သတင်း ထုတ်ပြန်ထားသည်။

ရဟန်းမင်းကြီးဖရန်စစ်က ယခုကဲ့သို့သော ဗာတီကန်ရုံးများကို ပြန်လည်ပြုပြင် ဖွဲ့စည်းရန် လုပ်ဆောင်နေခြင်းသည် မိမိအား ရဟန်းမင်းကြီးအဖြစ် မရွေးကောက်မှီ ကာဒီနယ်ဆရာတော်များက ပြုလုပ်ခဲ့သော အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို မိမိက ဦးဆောင်ပြီး အကောင်အ ထည်ဖော်နေခြင်းဖြစ်ကြောင်းဖြင့် ကာဒီနယ်ဆရာတော်ကြီးများအား ရှင်းပြတော်မူခဲ့ သည်ဟု သတင်းရရှိထားပါသည်။ ၀၀၉ ကုန်ဇမှုန်း

1425  Views
Previous: ကမ္ဘာ့ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် သန်းပေါင်း ၁၂၃၀ (တစ်ထောင့်နှစ်ရာသုံးဆယ်) ရှိပြီဟု ဗာတီကန်က ထုတ်ပြန်
Next: ရဟန်းမင်းကြီးက ကက်သလစ်သာသနာတော်၏ယုံကြည်ရာသွန်သင်ချက်များကို ဆန့်ကျင်ပြီးလုပ်ဆောင်လာလျှင် ပြန်လည်တုံ့ပြန်မည်ဟု ကာဒီနယ်ဆရာတော်ကြီး ဘတ်က ပြောဆို