အယ်ဒီတာ့ အာဘော် (Vol-3, No-31) ဇွန်လ

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ထံပေးစာ

(သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ပေးပါ။)

 

ဥက္ကဌ ဆရာတော်ဘုရား၊

အရှင်ဘုရားတို့သည် မိမိတို့၏ နှစ်ဝက်မျက်နှာ စုံအစည်းအဝေးကို လာမည့် ၂၀၁၅ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် စတင်ကျင်းပ ကြတော့မည်ဟု သိရှိရပါသည်။ ထိုကဲ့သို့သော ၂၀၁၅ ခုနှစ်အတွက် ဆရာတော် ဘုရားတို့၏  နောက်ဆုံးမျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာပြည် ကက်သလစ် ဘာသာဝင်များ အတွက် လိုအပ်သည်ဟု နားလည်ထား သောအချက် တစ်ခုကို တင်ပြအသနားခံ လိုပါသည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က ကျင်းပသော မြန်မာနိုင်ငံသို့ကက်သလစ် သာသနာရောက်ရှိခြင်း နှစ် ၅၀၀ ဂျူဗလီပွဲ၏ တရားဟောကြားရာတွင် ရဟန်းမင်းအမတ် ဆရာတော်ကြီး ချားလ်စ်ဘိုက မြန်မာနိုင်ငံ ကက်သလစ် သာသနာတော်သည် လူမျိုးရေးကို အခြေခံသော သာသနာမှ အမျိုးသားရေးကို ဦးတည်သော သာသနာတော် ဖြစ်ရေးနှင့် သာမန်ကက်သလစ် ဘာသာဝင်များကို လုပ်ပိုင်ခွင့်ပိုမိုပေးသော သာသနာတော်ဖြစ်ရေးအတွက် ဆော်သြ တိုက်တွန်း တော်မူခဲ့သည်။ ၎င်းဆော်သြချက်သည် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်နှင့် ရဟန်းတော်များကို မီးမောင်း ထိုးပေးခြင်း ဖြစ်သည် ဟု သုံးသပ်မိပါသည်။

တဖန်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က မိမိ၏ ““ဧဝံဂေလိ သတင်းကောင်းမှ ရရှိသော ဝမ်းမြောက်ရွှင်လန်းမှု”” ဟူသော စာချွန် တော်၏ အပိုဒ် ၂၇ တွင် ““ကျွန်ုပ်၏ ကက်သလစ် သာသနာတော် အတွက် ထားရှိသော မျှော်မှန်းချက် အိပ်မက်သည်ကား ကက်သလစ် သာသနာ တော်သည် သာသနာပြုစိတ် တက်ကြွနေသော အသင်းတော် ဖြစ်နေရမည်။ ဆိုလိုသည်ကား အရာရာကို ပြုပြင်ပြောင်းလဲ ပေးနိုင်စွမ်း ရှိသည့် သာသနာ ပြုစိတ်ဓါတ်ကို ရည်ရွယ်ခြင်း ဖြစ်သည်။ ထိုကဲ့သို ပြုပြင်ခြင်းဖြင့်၊ အသင်းတော်က ကျင့်သုံးနေသော ဓလေ့ထုံးစံများ၊ လုပ်ပုံကိုင်ပုံများ၊ အချိန်နှင့် အစီအစဉ်များ၊ လက်ရှိ ကက်သလစ် ဘာသာဝင်များကို ထိန်းသိမ်းေ စာင့်ရှောက်နေမှုထက် ခရစ်တော်၏ တရားတော်အား ဟောပြောမှုကို အထောက်အကူ ပေးသော အခြေအနေသို့ ရောက်ရှိရန် စနစ်တကျဦးတည် နိုင်ရေးအတွက် ဖြစ်သည်” ဟု ရေးသားထားသည်။၂၀၁၅ ခုနှစ် မေလ ၁၉ ရက်နေ့က ကျင်းပသော အီတလီနိုင်ငံ ကက်သလစ် ဆရာတော်ကြီး၏ မျက်နှာစုံ အစည်းအဝေးတွင် ရဟန်းမင်းကြီး ဖရန်စစ်က ““ကက်သလစ် ခရစ်ယာန် ဘာသာဝင်များသည် အမိန့်ပေးသော ဆရာတော်နှင့် ရဟန်းတော်များကို အလိုမရှိ ကြတော့ဘဲ၊ သာသနာတော် အပေါ် သိမြတ်တတ်သော သိုးထိန်းများကိုသာ အလိုရှိနေကြသည်ကို မိမိ၏ရဟန်း မင်းကြီး သက်တမ်း နှစ်နှစ်အတွင်းတွင် လေ့လာသိရှိခဲ့ရကြောင်း၊ ဆရာတော်ကြီးများ၏ စီမံချက်က မည်မျှအကျိုး သက်ရောက်မှု ရှိသည်များကို ပြန်လည်သုံး သပ်မှုကင်းမဲ့ နေခြင်းများလည်း သိရှိရကြောင်း၊ အထူးသဖြင့် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များသည် သာသနာ ပြုစိတ်ဓါတ်ရှိသော ဆရာတော်များနှင့် ရဟန်းတော်များကိုသာ လိုလားနေကြ ကြောင်း၊ ထို့ကြောင့် ကက်သလစ် ဆရာတော်ကြီးများ အနေဖြင့် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များက နိုင်ငံရေး နယ်ပယ်၊ လူမှုရေးနယ်ပယ်၊ တရားရေးနယ်ပယ်နှင့် သာသနာပြုနယ်ပယ်များတွင် ပိုမိုပါဝင် လာနိုင်ကြရန် အတွက် ပံ့ပိုးစီစဉ် ပေးကြရမည်ဖြစ်သည်”” ဟု တိုက်တွန်းတော်မူ လိုက်သည်။

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်သည် စာတော်သော ရဟန်းများကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ် နေသည်မှာ အားလုံးအသိပင် ဖြစ်ပေသည်။ ထိုသို့ရဟန်းတော်များအား နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ခြင်းသည် အနာဂါတ် မြန်မာနိုင်ငံ ကက်သလစ် သာသနာတော် အတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်မှာ ကောင်းမွန်လှပေသည်။ တချို့သော ဆရာတော်ကြီးများသည် မိမိတို့၏ သာသနာထဲမှ သာမန်ဘာသာဝင်တချို့ကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်မှုများ ပြုလုပ်နေ ကြသော်လည်း အလွန်နည်းပါးသည်။ သို့သော် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်က အနာဂါတ် မြန်မာနိုင်ငံကက်သလစ် သာသနာတော် အတွက် ကြိုတင်ပြင်ဆင်ရာတွင် သာမန် ကက်သလစ် ဘာသာဝင်များကို မပြင်ဆင် ပေးသေးသည်ကို တွေ့ရှိနေရသည်။ ထိုကဲ့သို့သော သာမန် ကက်သလစ် ဘာသာဝင်များကို မြန်မာနိုင်ငံ ကက်သလစ် သာသနာတော်တွင် တက်ကြွစွာပါဝင် လာနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှု မပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်တွင် တိကျသော ရည်မှန်းချက်နှင့် လုပ်ငန်းများ မရှိသေးသည်ကို မီးမောင်း ထိုးပြခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ရဟန်းမင်းကြီးနှင့် ကာဒီနယ်ချားလ်စ်ဘိုတို့၏  မိန့်ကြားချက်များနှင့် တပည့်တော်၏ သုံးသပ်ချက်များအပေါ် မူတည်ပြီး မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွ့ဲချုပ်အနေဖြင့် စာတော်သော ရဟန်းများကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ် နေသကဲ့သို့ မြန်မာနိုင်ငံရှိ သာမန် ကက်သလစ် ဘာသာဝင် တချို့ကိုလည်း တစ်နှစ်လျှင် ဆရာတော်ပိုင် သာသနာတစ်ခုမှ အလှည့်ကျ တစ်ဦးစီကို အနည်းဆုံး ပညာတော်သင် စေလွှတ်ပေးပါရန် ဆရာတော်ကြီးများအား အသနား ခံလျှောက်ထားအပ်ပါသည်။

အယ်ဒီတာချုပ်

1657  Views
Previous: THE ‘BOAT PEOPLE’ for COMPASSION AND MERCY
Next: ရဟန်းမင်းကြီးဖရန်စစ်က ပါလက်စတိုင်းခေါင်းဆောင် အာဘတ်စ်အား ငြိမ်းချမ်းရေး၏သိကြားမင်းဟု တင်စားဂုဏ်ပြုတော်မူ