ရဟန်းမင်းကြီးဖရန်စစ်က ပါလက်စတိုင်းခေါင်းဆောင် အာဘတ်စ်အား ငြိမ်းချမ်းရေး၏သိကြားမင်းဟု တင်စားဂုဏ်ပြုတော်မူ

016-b

ရဟန်းမင်းကြီး ဖရန်စစ်က ပါလက်စတိုင်း ခေါင်းဆောင် အာဘတ်စ်အား ငြိမ်းချမ်းရေး၏ သိကြားမင်းဟု မေလ ၁၆ ရက်နေ့က တင်စား ဂုဏ်ပြုတော်မူ လိုက်သည်။ ရဟန်းမင်းကြီး ဖရန်စစ်သည် ၁၉ ရာစုက ပါလက်စတိုင်းနိုင်ငံသူ သီလရှင် နှစ်ပါးတို့အား ဗာတီကန် နန်းတော်တွင် ရဟန်္တာအဖြစ် တင်မြှောက်ခြင်း အခမ်းအနားသို့ လာရောက်ပါဝင်သော ပါလက်စတိုင်း ခေါင်းဆောင် အာဘတ်စ်အား မေလ ၁၆ ရက်နေ့က သီးသန့် လက်ခံတွေ့ဆုံ တော်မူလိုက်သည်။

ထိုကဲ့သို့ ပါလက်စတိုင်း ခေါင်းဆောင် အာဘတ်စ်က ဗာတီကန်နိုင်ငံသို့ လာရောက်ချိန်သည် ဗာတီကန်နိုင်ငံက ပါလက်စတိုင်း ဒေသအား “နိုင်ငံ” အဖြစ်သို့ အသိအမှတ် ပြုသည့် နားလည်မှု စာချွန်လွှာကို အဆုံးသတ် အတည်ပြုချိန်နှင့် ကိုက်ညီနေလေသည်။  ၎င်းစာချွန်လွှာကို နှစ်ဖက် နိုင်ငံများက မကြာခင်တွင် လက်မှတ်ရေးထိုး ကြတော့မည် ဖြစ်သည်။

အစ်္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ရဟန်းမင်းကြီးဖရန်စစ်၏ ပါလက်စ တိုင်းဒေသအား ပါလက်စတိုင်းနိုင်ငံအဖြစ်သို့ တရားဝင် အသိအမှတ်ပြု လိုက်ခြင်းအပေါ် ပြစ်တင်ရှုတ်ချလိုက်ပြီး ယခုကဲ့သို့သော ရဟန်းမင်းကြီး၏ လုပ်ရပ်သည် အစ်္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံအကြားတွင် ဖြစ်ပွားနေသော တိုက်ခိုက်ရန်လိုနေခြင်းများကို ပိုမိုဆိုးဝါးစေသည့်အပြင် ငြိမ်းချမ်းရေးဖြစ်စဉ် သည်လည်း ပိုမိုဝေးကွာသွားစေမည် ဖြစ်သည်ဟု ဝေဖန်ထောက်ပြလိုက်ပြီး ၎င်းစာချုပ်ကို အစ်္စရေးအစိုးရက သေချာလေ့လာစောင့်ကြည့် သွားမည်ဟု ကြုံးဝါးလိုက်သည်။

ရဟန်းမင်းကြီး ဖရန်စစ်သည် ပါလက်စတိုင်း ခေါင်းဆောင် အာဘတ်စ်အား လက်ခံတွေ့ဆုံ ချိန်တွင် ““အဆွေတော်သည် ပါလက်စတိုင်း ဒေသငြိမ်းချမ်းရေး အတွက် လုပ်ဆောင် နေခြင်းကြောင့် ငြိမ်းချမ်းရေး၏ တမန်တော် အဖြစ်ဂုဏ်ပြု ပါသည်”” ဟု မိန့်ကြားရင်း သွန်းလောင်း ထားသော ငြိမ်းချမ်းရေး တမန်တော် တံဆိပ်ကို အမှတ်တရ လက်ဆောင်အဖြစ် အာဘတ်စ် အား ပေးအပ်တော်မူလိုက်သည်။

ယခုကဲ့သို့ ပါလက်စတိုင်းဒေသကို နိုင်ငံအဖြစ် အသိအမှတ်ပြုသော နိုင်ငံများထဲ တွင် ဗာတီကန်နိုင်ငံ အပါအဝင် အင်္ဂလန်၊ အိုင်ယာလန်၊ စပိန်နှင့် ပြင်သစ်နိုင်ငံ တို့လည်း ပါဝင်လာကြတော့သည်။ ဝင်းလှိုင်ဦး

1395  Views
Previous: အယ်ဒီတာ့ အာဘော် (Vol-3, No-31) ဇွန်လ
Next: ကလေးငယ်တစ်ဦးက မိမိသည် မိမိ၏အစ်မဖြစ်သူနှင့် အမြဲတမ်း စကားငြင်းခုံနေရသည်ကို ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အား အကူအညီတောင်း