ဗာတီကန်နိုင်ငံနှင့် အရှေ့တီမောနိုင်ငံတို့ သံတမန်ဆက်ဆံရေး ပဋိဉာဉ်စာချုပ် ချုပ်ဆို

03

သြဂုတ်လ၊ ၁၄၊ ဗာတီကန်

ဗာတီကန်နိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံမှ အဆင်းရဲဆုံးနှင့် အနုငယ်ဆုံး နိုင်ငံ ဖြစ်သော အရှေ့တီမောနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ထူထောင်ရန် သြဂုတ်လ (၁၄) ရက်နေ့က တီမောမြို့တော်တွင် တရားဝင် လက်မှတ်ထိုးလိုက်ကြကြောင်း သတင်းရရှိသည်။ ၎င်းနှစ်နိုင်ငံ သံတမန် ထူထောင်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုပွဲသို့ တီမောနိုင်ငံတွင် ရောက်ရှိနေသော ဗာတီကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်သော ကာဒီနယ်ဆရာတော်ကြီး ပါရိုလင်းနှင့် တီမောနိုင်ငံဝန်ကြီးချုပ် ရူမာရီယား ဒေအာရိုဂျာ တို့က ၎င်းသံတမန်ထူထောင်ခြင်းစာချွန်လွှာကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။

၎င်းသံတမန် ထူထောင်ခြင်းစာချုပ်အပေါ် ကာဒီနယ်ပါရိုလင်းက “ ယခုကဲ့သို့သော စာချုပ် သည် သာသနာတော်နှင့် နိုင်ငံ တစ်ခုအကြားတွင် အကျိုး ရှိသောပြောဆိုဆွေးနွေးခြင်း၏ ရလဒ်ဖြစ် ပြီး ဥပဒေဘောင်ထဲတွင် တရားဝင်လုပ်ကိုင်ခြင်းလည်းဖြစ်ကြောင်း၊ ဤစာချုပ်၏ အဓိက ရည်ရွယ် ချက်သည် တီမောပြည်သူများ၏ အများပြည်သူကောင်းကျိုးအတွက်နှင့် ဝိညာဉ်ရေး၊ ကာယရေး စသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းပြည်တိုးတက်ရေး တို့ကို ဝိုင်းဝန်းလုပ်ဆောင်ရန်အတွက် ချုပ်ဆို ထားခြင်းဖြစ်ကြောင်း ” ဖြင့် မှတ်ချက်ပြုတော်မူသည်။

၎င်းသံတမန်စာချုပ်၏ အပိုဒ် (၁) အရ၊ တီမောအစိုးရသည် မိမိ၏နိုင်ငံတွင် ပြည်သူများအား ဘာသာရေး လွတ်လပ်ခွင့်ကို အပြည့်အဝပေး ထား မည်ဖြစ်ကြောင်း၊ ကက်သလစ်ဘာသာဝင်များ အနေဖြင့် မိမိတို့၏ယုံကြည်မှုကို လူရှေ့သူရှေ့တွင် လွတ်လပ်စွာဖော်ထုတ် ကျင့်ကြံခွင့်ရရှိရေးကို အာမခံထားကြောင်း ဖော်ပြထားသည်။ အပိုဒ် (၄) တွင်မူ၊ ကက်သလစ်သာသနာတော်သည် တီမော နိုင်ငံ၏ ဥပဒေဘောင်ထဲတွင် လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်ခွင့်ရှိခြင်း၊ အပိုဒ် (၈) တွင်မူ၊ ကက်သလစ်သာသနာတော်သည် တီမောနိုင်ငံ၏ ဥပဒေဘောင်ထဲတွင် သာသနာတော်၏ လုပ်ငန်း တာဝန်များကို လွတ်လပ်စွာဖွင့်လှစ်ဆောင်ရွက်ခွင့် (ဥပမာ အကျဉ်းထောင်များ၊ ဆေးရုံများ၊ ဆေးခန်း များ၊ မိဘမဲ့ဂေဟာများ) ရှိခြင်း၊ အပိုဒ် (၉) အရ၊ ကက်သလစ်သာသနာတော်သည် တီမောနိုင်ငံ၏ ဥပဒေဘောင်ထဲတွင် စာသင်ကျောင်းများကို ဖွင့်လှစ်ခွင့်ရှိခြင်းနှင့် ကက်သလစ်ခရစ်ယာန် ဘာသာ ဝင်များ၏မိဘများသည် မိမိတို့၏သားသမီးများကို မိမိတို့၏ယုံကြည်ခြင်းကို သင်ကြားပေးနိုင်ခြင်းတို့ ပါဝင်သည်ဟု သိရှိရသည်။ ကုန်ဇမှုန်း

1480  Views
Previous: သားသမီးများအား မေတ္တာဆိုဆုတောင်းနည်းကို သင်ကြားပေးရန် ရဟန်းမင်းကြီးက မိဘများအား ဆော်သြတော်မူ
Next: အမေရိကန်နိုင်ငံရှိ ကက်သလစ်သီလရှင်အသင်းဂိုဏ်းတစ်ခုက အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အပေါ်အယူခံဝင်