ဗာတီကန်ထိပ်ပိုင်းခေါင်းဆောင်များက အမျိုးသမီးများ၏ ကက်သလစ်သာသနာတော်ထဲတွင် ပါဝင်လုပ်ဆောင်နိုင်မည့်ကဏ္ဍကို စတင်ဆွေးနွေး

004

ဗာတီကန်၊ စက်တင်ဘာ ၃၀၊ ၂၀၁၆

ရဟန်းမင်းကြီးလက်အောက်ရှိ၊ ယုံကြည်ခြင်းဆိုင်ရာ ယုံကြည်ရာအချက်များဌာန၏ ထိပ်ပိုင်းခေါင်းဆောင်များက ဦးဆောင်ပြီး ကက်သလစ်သာသနာတော်ထဲတွင် အမျိုးသမီးများက မည်ကဲ့သို့ပါဝင်လုပ်ဆောင်နိုင်မည်နည်း ဟူသောခေါင်းစဉ်ဖြင့် စက်တင်ဘာလ (၂၆) ရက်မှ (၂၈) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းဆွေးနွေးပွဲတွင် အမျိုးသမီးဓမ္မပညာရှင်များ၊ ကာနွန်ဥပဒေပညာရှင်များ၊ သမ္မာကျမ်းစာပညာရှင်များနှင့် တခြားကဏ္ဍများတွင် ကျွမ်းကျင်သောပညာရှင်များလည်း ပါဝင်ကြပြီး အနာဂါတ်တွင် ကက်သလစ်ခရစ်ယာန် ဘာသာဝင်အမျိုးသမီးများက ကက်သလစ် အသင်းတော်ထဲတွင် မည်ကဲ့သို့ပါဝင်ခဲ့သည်ဟူသော သမိုင်းနှင့်မည်ကဲ့သို့ ပါဝင်နိုင်ကြမည် ဟူသော အကြောင်းအရာများ ကို ဆွေးနွေးခဲ့ကြသည်။

၎င်းဋ္ဌာနက (၃) ရက်တိုင်တိုင် ဆွေးနွေးခဲ့သော အကြောင်းအရာများကို မကြာမီ အများတကာ လေ့လာဖတ်ရှုနိုင်ရန်အတွက် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။ ၎င်းဋ္ဌာန၏ ဥက္ကဋ္ဌဖြစ်တော်မူသော ကာဒီနယ် ဆရာတော် ကြီး ဂျေဟတ်မူလာက ၎င်းဆွေးနွေးပွဲကို ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပညာရှင် (၅၀) ဦးက တင်ပြဆွေးနွေးချက်များကို ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲ၏ ခေါင်းစဉ်မှာ“ကက်သလစ်သာသနာတော်ထဲမှ အမျိုးသမီးများ၏ အခန်းကဏ္ဍ” ဟု အမည်ပေးထားသည်။ ၎င်းခေါင်းစဉ် အရ ပါဝင်ဆွေးနွေးသူများက “ကက်သလစ်သာသနာတော်၏ ရှေ့ထုံးတမ်းအစဉ်အလာထဲတွင် အမျိုးသမီးများ ခေါ်တော်မူခြင်းကို မည်သို့ အနက်ဖွင့်ဆိုခဲ့သနည်း” ဟူသော အချက်ကို ဦး စွာဆွေးနွေးကြပြီးနောက် လက်တွေ့ဖြစ်စဉ်များနှင့် အနာဂါတ်တွင် အမျိုးသမီးများ၏ ပါဝင်လာနိုင်မှုကို ဆွေးနွေးကြသည်။

၎င်းဆွေးနွေးပွဲတွင် စာတမ်း ပြုစုတင်ဆက်သူအများစုမှာ အမျိုးသမီးများဖြစ်ကြပြီး ၎င်းအမျိုးသမီးအများစုသည် ဗာတီကန်ရုံးနှင့် သက်ဆိုင်သော နိုင်ငံတကာဓမ္မပညာရပ်ဆိုင်ရာ ကော်မရှင်၏ အဖွဲ့ဝင်ဟောင်းများနှင့် အဖွဲ့ဝင်များဖြစ်ကြပြီး တခြား ပညာရှင်များကမူ တစ်ကမ္ဘာလုံးရှိ ကက်သလစ်တက္ကသိုလ်များမှ စာချပုဂ်္ဂိုလ်များဖြစ်ကြသည်။

ပြင်သစ်နိုင်ငံမှ သမ္မာကျမ်း စာပညာရှင်များဖြစ်ကြသော အန်နီမာရီယာနှင့် မေရီဟီလီ တို့က ကျမ်းစာပညာရှင် အမျိုးသမီးများ၏ သမ္မာ ကျမ်းစာဆိုင်ရာ ဘာသာရပ်များတွင် ပါဝင်လုပ်ဆောင်ခြင်းသည် လွန်စွာပင်အရေးကြီးကြောင်းကို ပြောဆိုကြသည်။ တခြား ဆွေးနွေး သူများကလည်း ရဟန်းများကို ပညာသင်ကြားပေးရာ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများကို ဝိညာဉ်ရေးလမ်းညွန်သူအဖြစ် ထားရှိခြင်းနှင့် ဝတ်စောင့်ခြင်း တွင် တရားဟောသူများအဖြစ် ထားရှိခြင်းတို့ကို ဆွေးနွေးကြသည်။

ယုံကြည်ခြင်းဆိုင်ရာ ယုံကြည်ရာအချက်များဌာနကလည်း ကက်သလစ်သာသနာတော်၊ ဓမ္မပညာရပ်၊ ဗာတီကန်ဌာနများ၊ ကက်သလစ် ဆရာတော်များအဖွဲ့ ချုပ်များ၊ ဘာသာပေါင်းစုံ ဆွေနွေးမှုများ၊ ခရစ်ယာန်ဂိုဏ်း ပေါင်းစုံများနှင့် လူမှုရေးလုပ်ငန်း များထဲတွင် တာဝန် ထမ်းဆောင်နေကြသော အမျိုးသမီးများ၏ အတွေ့အကြုံများကိုပါ နားထောင်ခွင့်ရခဲ့သည်ဟု သတင်းထုတ်ပြထားသည်။

#ကုန်ဇမှုန်း

1169  Views
Previous: ကက်သလစ်သာသနာတော်ခေါင်းဆောင် ရဟန်းမင်းကြီးဖရန်စစ်နှင့် အင်္ဂလီကန်အသင်းတော်ခေါင်းဆောင် ဂျက်စတင်းဝီဘိုင်တို့ တွေ့ဆုံဆွေးနွေး
Next: Rohingya Muslims commit genocide to Myanmar people in Rakhine State