ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ရခိုင်လက်နက်ကိုင်တပ်များ ချထားပေးရေး တောင်းဆိုတော့မည်

5-b

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်၌ ဒေသလုံခြုံရေးအတွက် ရခိုင်လက်နက် ကိုင်အဖွဲ့အစည်းများ ချထားပေးရေး တောင်းဆိုတော့မည်ဟု ရခိုင်နိုင်ငံရေးပါတီများ ထံမှ သိရှိရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက်လက်နက်ကိုင်အုပ်စုများနှင့် ပဋိပက္ခများဖြစ် ပွားနေပြီး ယင်းအခြေ အနေကို ထိန်းသိမ်းနိုင်ရန်အတွက် သက်ဆိုင်ရာဒေသအာဏာ ပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားနိုင်ရေး ရခိုင်တိုင်းရင်းသားများမှ လိုလားနေခြင်းဖြစ်သည်။

“အဓိကကတော့ နယ်စပ်ကို လုံခြုံစေချင်တယ်။ အခုထက် လုံခြုံမှုကို ပေးစေချင်တယ်။ ဒါကြောင့် နယ်စပ်လုံခြုံ ရေးအတွက် (AA)၊(ALP)တပ်တွေကို နယ်စပ်မှာထားဖို့ အတွက် အစိုးရကိုရော တာဝန်ရှိသူတွေကိုရော တင်ပြ တယ်”ဟု ယခင် ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာမောင်က ဆိုသည်။

ထို့ပြင် ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များအနေဖြင့် တရားဝင် စုံစမ်းစစ်ဆေးရေး ၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းစွာ ထိရောက်စွာအရေး ယူသွားရန် ပြည်ထောင်စုအစိုးရ ထံ တင်ပြထားသည်ဟူ၍လည်း သိရသည်။

ယခုရက်ပိုင်းများအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက်တပ်ဖွဲ့များနှင့် နယ်စပ်လုံခြုံရေး တပ်ဖွဲ့များ အကြားအပြန် အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မောင်တောနယ်စပ် မိုင်တိုင် အမှတ်(၅၂)၌ တစ်ဖက်နိုင်ငံမှ လက်နက်ကိုင် သောင်းကျန်းသူဆိုသူများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် အမှတ်(၁) နယ်ခြားစောင့် တပ်မှ ရဲတပ်ဖွဲ့ဝင် (၄)ဦးသေဆုံးကာ၊ဒုရဲအုပ် တစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်သားနှစ်ဦးမှာ လက်နက်ခဲယမ်းများနှင့် ပျောက်ဆုံးနေကြောင်း သိရသည်။

ယခုဖြစ်စဉ်များမှာ ကျူးကျော်ရန်စခြင်းဖြစ်သော်လည်း ရခိုင်နယ်စပ်တွင် ရခိုင်လက် နက်ကိုင်တပ်များ ချထား ပေးရန်ဆိုသည်မှာ ပြည်ထောင်စုအစိုးရမှ ခွင့်ပြုမှသာဖြစ်နိုင် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်း ရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

“အဓိက လုံခြုံရေးအတွက် တာဝန်ရှိတာက ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရပဲ။ ဒါမဖြစ်သင့်ဘူးလေ။ ကိုယ်တို့ကို ကျူးကျော်တာပဲ။ ကျူးကျော်ပြီး ရန်စတာပဲ။ လုံခြုံရေး များများချပေးဖို့ လိုတယ်။ မဟုတ်ရင် တစ်ချိန်မှာ အန္တရာယ် အရမ်းရှိလာနိုင် တယ်”ဟု  ဦးဇော်အေးမောင်က ဆိုသည်။

ထို့ပြင် ရခိုင့်တပ်မတော်(AA)မှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကလည်း လုံခြုံရေး အရ လိုအပ်လာပါက ရခိုင်ပြည်နယ်အား ကာကွယ်ရန် အသင့်ရှိသည်ဟု ထုတ်ဖော်ပြောကြားထားသည်။

မေလ ၁၇ရက်နေ့က တိုက်ခိုက်ခံရသည့်အတွက် ကျဆုံးသွားသော် ရဲဘော်များမှာ ရဲတပ်သား သီဟအောင်၊ တပ်သား လှမင်းထက်၊တပ်သား ဝင်းမင်းထွေးနှင့် တပ်သား နေလင်းဦးတို့ ဖြစ်ပြီး ပျောက်ဆုံးနေသော ရဲတပ် သားနှစ်ဦးမှာ ရဲတပ်သား ဝေလင်းဦးနှင့် တပ်သား အေရာမောင်တို့ ဖြစ်သည်။

လက်ရှိအချိန်တွင် ယင်းသို့ လက်နက်ကိုင်တပ်များ ချထားပေး ရန် ပြည်ထောင်စု အစိုးရမှ ခွင့်ပြုမပေးသေး သော်လည်း ရခိုင်ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာနှင့် ထပ်မံတောင်းဆိုသွားမည်ဟုလည်း ရခိုင်လူမှု အဖွဲ့အစည်းများက ပြောဆိုနေကြသည်။

1600  Views
Previous: မံစီမြို့မှ မိုင်ဂျာရွာသို့ မောင်းလာသည့် ပါဂျဲရိုးအပြာရောင်ပေါ်မှ ကျွန်းသစ်ခွဲသား (၅၅)တုံးဖမ်းမိ
Next: မိုးညှင်းပြည်သူဆေးရုံ၌ လိုအပ်သည့် ဆရာဝန်ရရှိရေး အမြန်ဆုံးဆောင်ရွက်ပေးစေလို