ဗန်းမော်၌ မြို့နယ်အဆင့် ကင်းထောက်ဆင့်ပွားသင်တန်းပို့ချနေ

8-b

မေလ(၁၉)ရက် နေ့မှ(၂၃)ရက်နေ့ထိ ဗန်းမော်မြို့ အမှတ်(၁) အထက်တန်းကျောင်း ၊အောင်တံခွန်ခန်းမ၌ မြို့နယ်အဆင့်ကင်းထောက်ဆင့်ပွားသင်တန်း ဖွင့်လှစ်နေကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အဆင့်သင်တန်းသို့ တက်ရောက်ခဲ့သည့် ဆရာ/ဆရာမများ မှ ပြန်လည်၍ မြို့နယ်အတွင်းရှိ ကျောင်းများမှတစ်ကျောင်းလျှင်နှစ်ဦး တက်ရောက်လာ သူများအား ဆင့်ပွားသင်တန်း ပေးခြင်းဖြစ်သည်။

သင်တန်းတွင် ဆရာနှစ်ဦး၊ ဆရာမနှစ်ဦးတို့မှ သင်တန်းသား/သင်တန်းသူ (၇၉)ဦးအားသင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒီနှစ်က ပညာရေး ဆရာ/မ တွေမှာလဲ သင်တန်းကများတော့ မြစ်ကြီးနား သွားတက် တဲ့ သူတွေလည်း ကိုယ့်စရိတ် နဲ့ကိုယ် ၊ အခုဗန်းမော်မှာလုပ်မဲ့ဆင့်ပွားသင်တန်းက လည်း ကိုယ့်စရိတ်နဲ့ကိုယ်ပါဘဲ ဟု မြို့နယ် လက်ထောက် ပညာရေးမှူးဦးအောင်တင့် က ပြောသည်။

အဆိုပါ သင်တန်းပို့ချပေးမည့် အစီအစဉ်များမှာ ကင်းထောက်လုပ်ငန်းရည်ရွယ် ချက်နှင့် နောက်ခံသမိုင်း လုပ်ငန်း၏ အဆင့်အတန်းများ ၊ကတိကျင့်ဝတ်များ ၊ ကင်းထောက်သီချင်း ၊ အမျိုးသမီးကင်းထောက်၊ ရှေးဦး သူနာပြု ၊ မြန်မာ့ယဉ်ကျေးမှု ထုံးဓလေ့ ၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျှော့ချရေး ၊ သဘာဝတောတောင်ရေမြေ စူးစမ်းလေ့လာမှု တောစခန်းချပညာလေ့ကျင့်ခြင်းနှင့် ကလေးသူငယ်အခွင့်အရေး တို့ ဖြစ်ကြောင်း သိရှိရသည်။

ကင်းထောက်လုပ်ငန်းက ကလေးတွေကနေစပြီး ကြီးပြင်းလာတဲ့အချိန်ရောက်လာတဲ့ အခါမှာ ကိုယ်ကျိုးမဖက် ၊စိတ်ထားဖြူစင်ပြီးတိုင်းပြည်အတွက် နိုင်ငံကောင်းကျိုး သယ်ပိုးနိုင်တဲ့ လူတွေဖြစ်လာဖို့ရည်ရွယ်ချက်ကောင်း တစ်ခုပါ ဟု သင်တန်းနည်းပြ ဆရာဦးမြင့်ဇော်က ပြောသည်။

ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌လာမည့် ဇွန်လဒုတိယပတ်မှ စတင်ပြီး ကင်းထောက်လူငယ်အဖွဲ့ကို မြို့နယ် အဆင့် /ကျောင်းအဆင့်တို့ဖြင့် ဖွဲ့စည်းသွား မည်ဖြစ်သည်။

1621  Views
Previous: ပုသိမ်မြို့၌ တရားမဝင်လူကုန်ကူးမှု အရေးယူပေးရေး ဆန္ဒထုတ်ဖော်နေ
Next: နိုင်ငံတကာအဖွဲ့အစည်းပေါင်း နှစ်ဆယ်ကျော် ရခိုင်၌ ရုံးခန်းပြန်လည်ဖွင့်လှစ်